နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍
Published 18 January 2020

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးကြီးထွားမှုနှုန်း မြင့်တက်လာရန် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကြီးကြီးမားမား ဝင်ရောက်လာရန် လိုအပ်သည်။ FDI ဟူသည် ကုမ္ပဏီများက နိုင်ငံခြားတိုင်းပြည်တစ်ခု၌ အရင်းအနှီး ဝယ်ယူခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်၌ အခြေစိုက်သော်လည်း နိုင်ငံပေါင်းစုံ၌ လုပ်ကိုင်နေသော Nike ကုမ္ပဏီသည် အားကစားဖိနပ် ထုတ်လုပ်ရန်အတွက် ပါကစ္စတန်နိုင်ငံတွင် စက်ရုံတစ်ရုံ တည်ဆောက်ခြင်းမျိုးကို FDI ဟု ခေါ်သည်။ FDI ဝင်ရောက်မှုအပေါ် သက်ရောက်သည့် အကြောင်းခြင်းရာ များစွာရှိသည့်အနက် အရေးကြီးသည့် အချက်အချို့ကို သုံးသပ်ကြည့်ရန် လုုိသည်။

(၁) လုပ်အားခနှုန်းထား - လုပ်အားခနှုန်းထား လျော့နည်းခြင်းသည် FDI ကို ဆွဲဆောင်နိုင်သည့် အဓိက မက်လုံးထဲ၌ ပါဝင်သည်။ ပျမ်းမျှအားဖြင့် အမေရိကန်တွင် တစ်နာရီ လုပ်ခ ၁၅ ဒေါ်လာ ရှိသော်လည်း အိန္ဒိယတိုက်ငယ်တွင် တစ်နာရီ တစ်ဒေါ်လာသာ ရှိသည်။ (မြန်မာနိုင်ငံတွင် တစ်နာရီ လုပ်အားခသည် လက်ရှိဒေါ်လာစျေးအရ တစ်ဒေါ်လာ၏ သုံးပုံတစ်ပုံခန့်သာ ရှိသည်)။ ထို့ကြောင့် အနောက်တိုင်းကုမ္ပဏီများသည် အထည်ချုပ်စက်ရုံများကို အိန္ဒိယတိုက်ငယ်၌ လာရောက်လုပ်ကိုင်ကြခြင်း ဖြစ်သည်။ သို့သော် လုပ်အားခနှုန်းထားသက်သက်က FDI ကို ဆုံးဖြတ်ခြင်း မဟုတ်ပေ။ ဆာဟာရ အောက်ပိုင်း အာဖရိကဒေသကဲ့သို့သော နေရာ၌ လုပ်အားခ စျေးပေါသော်လည်း အခြားကုန်ကျစရိတ်များနှင့် မကာမိသောကြောင့် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံရန် နောက်တွန့်ကြသည်။

(၂) ကျွမ်းကျင်လုပ်သား - အချို့သော လုပ်ငန်းများ (ဥပမာ။ ။ ဆေးဝါးထုတ်လုပ်ရေးနှင့် အီလက်ထရွန်းနစ်) တို့အတွက် ကျွမ်းကျင်လုပ်သားများ လိုအပ်သည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် အင်္ဂလိပ်စကား ကျွမ်းကျင်စွာ ပြောတတ်သူများ ပေါများပြီး လုပ်ခနှုန်း နိမ့်ပါးသောကြောင့် ဖုန်းခေါ်ဆိုမှုများကို ဖြေဆိုရသော ဝန်ဆောင်မှု လုပ်ငန်းများက အိန္ဒိယ၌ လာရောက်ရင်းနှီးမြှုပ်နှံကြသည်။

(၃) အခွန်ကောက်ခံမှု - Apple ၊ Google နှင့် Microsoft ကဲ့သို့သော ကုမ္ပဏီကြီးများသည် အခွန်ကောက်ခံမှု နိမ့်ပါးသည့် နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းကြသည်။ ဥပမာအားဖြင့် အိုင်ယာလန်နိုင်ငံသည် အခွန်ကောက်ခံမှု နှုန်းထားအရ Google နှင့် Microsoft ကုမ္ပဏီတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော် အငြင်းပွားဖွယ်ရာအချို့ကို ဖြစ်ပေါ်စေသည်။ Google ကုမ္ပဏီသည် ဥရောပနိုင်ငံများ အားလုံးနီးပါး၌ လုပ်ငန်းများ လုပ်ကိုင်သော်လည်း အကျိုးအမြတ်များအားလုံးကို အိုင်ယာလန်မှတစ်ဆင့် လွှဲပြောင်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

(၄) သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံ - အလွန်အဓိကကျသည့် အကြောင်းခြင်းရာတစ်ရပ်မှာ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များနှင့် အခြေခံအဆောက်အအုံ အဆင့်အတန်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၌ လုပ်အားခ စျေးပေါနိုင်သော်လည်း ကုန်ပစ္စည်းများကို ကမ္ဘာ့စျေးကွက်သို့ တင်ပို့သည့်အခါ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားမှုနှင့် မကာမိခြင်း ဖြစ်နိုင်သည်။ ရေလမ်းမှ တင်ပို့ရမည့် ကုန်ပစ္စည်းမျိုးအတွက် ပင်လယ်ရေကြောင်းလမ်း အသုံးပြုနိုင်သည့် နိုင်ငံများက ကုန်းတွင်းပိုင်းနိုင်ငံများထက် ပို၍အားသာချက်ရှိသည်။

(၅) စီးပွားရေး အရွယ်အစား ကြီးထွားနိုင်သည့် အလားအလာ - အချို့သော FDI များသည် မိမိတို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ၌ ကုန်ပစ္စည်းများကို တိုက်ရိုက်ရောင်းချရန် ပစ်မှတ်ထားသည်လည်း ရှိသည်။ ထိုအခါ လူဦးရေ အရွယ်အစားနှင့် စီးပွားရေး ကြီးထွားနိုင်မှု အလားအလာသည် အရေးကြီးသည့် မက်လုံးတစ်ရပ်ဖြစ်သည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် အသစ်ပေါ်ထွက်လာသော လူလတ်တန်းလွှာများအတွက် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ဝယ်လိုအား အလွန်ကြီးမားသောကြောင့် FDI များ အလွန်စိတ်ဝင်စားကြခြင်း ဖြစ်သည်။

(၆) နိုင်ငံရေး တည်ငြိမ်မှု၊ မြေယာပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အလမ်း - FDI အဖြစ် ရင်းနှီးမြှုပ်နှံမှုသည် စွန့်စားရသော ကိစ္စတစ်ရပ်ဖြစ်သည်။ နိုင်ငံရေး အနေအထားအရ မရေရာသော နိုင်ငံများအနေဖြင့် ဆွဲဆောင်အား လျော့နည်းမည်ဖြစ်သည်။ စီးပွားရေး အကျပ်အတည်းသည်လည်း FDI ကို ဆွဲဆောင်နိုင်ရန် မျှော်လင့်ချက် နည်းစေသည်။ ဥပမာအားဖြင့် ရုရှားနိုင်ငံတွင် မကြာသေးမီက စီးပွားရေး အကျပ်အတည်း ဖြစ်ပေါ်ခဲ့ပြီး စီးပွားပိတ်ဆို့မှုပါ ခံရသောကြောင့် FDI များကို တွန့်ဆုတ်စေခဲ့သည်။ နိုင်ငံရေးတည်ငြိမ်မှု ပတ်သက်နေသော အခြားအကြောင်းခြင်းရာများသည်လည်း FDI များအပေါ် သက်ရောက်မှုရှိသည်။ ၎င်းတို့မှာ အဂတိလိုက်စားမှုအဆင့်နှင့် အင်စတီကျူးရှင်းများ (အထူးသဖြင့် တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး) အပေါ် ယုံကြည်စိတ်ချရမှုတို့ ဖြစ်သည်။

အထက်ပါ (၆) ချက်အပြင် ကုန်ကြမ်းပစ္စည်း ရရှိနိုင်မှုနှင့် ငွေလဲနှုန်းတို့ကလည်း FDI အပေါ် သက်ရောက်မှုရှိသည်။ ငွေလဲနှုန်း အားပျော့သည့် နိုင်ငံများက FDI ကို ဆွဲဆောင်နိုင်သော်လည်း ငွေလဲနှုန်း အပြောင်းအလဲ မြန်ခြင်းက FDI များကို တွန့်ဆုတ်စေသည်။

မည်သို့ပင်ဆိုစေ၊ နိုင်ငံကို အကျိုးရှိစေမည့် FDI များ  ဝင်ရောက်လာရန်အတွက် နိုင်ငံအတွင်း အခြေခံကောင်းများ တည်ဆောက်ထားရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ (ဇန်နဝါရီ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent