မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပြီး လူဒါဇင်များစွာသေဆုံးကာ ထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့များဖြစ်ခဲ့ပြီးနောက် ဂျကာတာမြို့၏ ဒေသခံများက အုပ်ချုပ်ရေးမှူးကို တရားစွဲဆိုခဲ့သည်ဟု ရှေ့နေတစ်ဦးက ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာခရိုင်တရားရုံး၌ ဇန်နဝါရီ ၁၃ ရက်တွင် နစ်နာသူများကိုယ်စား တရားစွဲဆိုခဲ့သည့်အမှုတွင် ရေဘေးဒဏ်ခံရသူ ၂၀၀ ကျော်က နစ်နာကြေးအဖြစ် စုစုပေါင်း ဒေါ်လာသုံးသန်းတောင်းဆိုထားသည်။
ဧရာမမြို့တွင် လူသေဆုံးမှုနှင့် ဘဏ္ဍာရေးဆုံးရှုံးမှုများကို နည်းနိုင်သမျှ နည်းနိုင်စေရန်အတွက် ထိရောက်သည့် အရေးပေါ်စီမံချက်များနှင့် အစောပိုင်းသတိပေးစနစ်များ ပံ့ပိုးပေးရန်ပျက်ကွက်မှုအတွက် ဂျကာတာ အုပ်ချုပ်ရေးမှူး Anies Baswedan တွင် တာဝန်ရှိသည်ဟု အမှုတွဲတွင် ဖော်ပြထားသည်။
ဂျကာတာမြို့၏တရားရေးဗျူရိုက ယင်းအကြောင်းအရာအတွက် မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ဖြေဆိုခြင်း မရှိခဲ့ပေ။
“ဘေးအန္တရာယ်လျော့ပါးစေရေးကို ပိုပြီးသတိမူမိစေဖို့နဲ့ အခြားနေရာက ဒေသခံအုပ်ချုပ်ရေးမှူးတွေ ဒီဖြစ်စဉ်ကို သင်ခန်းစာတစ်ခုအနေနဲ့ အသုံးချသင့်တယ်။ အစိုးရရုံးစိုက်တဲ့ ဂျကာတာမှာတောင် ဒီလိုမျိုးဖြစ်တယ်ဆိုရင် အခြားနေရာတွေများလည်း ဖြစ်လာနိုင်တယ်” ဟု အယ်လ်ဗွန်ကာနိုင်ပယ်မာအမည်ရ ရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။
ရေကြီးမှုကြောင့် ပစ္စည်းပျက်စီးမှုနှင့် ငွေကြေးဆိုင်ရာဆုံးရှုံးမှု ဒေါ်လာ ၇၂ သန်း ထက်မနည်း ရှိခဲ့ကြောင်း အင်ဒိုနီးရှားဒေသခံ စွန့်ဦးစီးပွားလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
နှစ်သစ်ကူးအကြိုနေ့မှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူဦးရေ သန်း ၃၀ ခန့်ရှိသည့် မြို့တော်ဂျကာတာ၏ ဝန်းကျင်ဒေသအားလုံး ရေနစ်မြုပ်ခဲ့ပြီး လူသောင်းနှင့်ချီ ယာယီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ခဲ့ရသည်။
ယင်းသည် နှစ်ပေါင်းများစွာအတွင်း ဂျကာတာတွင် အဆိုးရွားဆုံးရေကြီးမှုဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ ဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ယင်းမိုးရေချိန်သည် ၁၈၆၆ ခုနှစ်တွင် စံချိန်များမှတ်တမ်းတင်ခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံးသော စံချိန်တစ်ခုဖြစ်ခဲ့သည်ဟု အင်ဒိုနီးရှားမိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ရေကြီးမှုများကြောင့် ဂျကာတာနှင့် အနီးဝန်းကျင်ရှိ မြို့များတွင် လူ ၆၇ ဦးထက် မနည်းသေဆုံးခဲ့သည်။ မြစ်ကမ်းပါးများ ကျိုးခဲ့မှုကြောင့် မြစ်ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး အဆောက်အအုံအချို့၏ ဒုတိယအထပ်အထိ ရေလွှမ်းခဲ့သည်။
ဂျကာတာတွင် ရေကြီးမှုသည် အထူးအဆန်းဖြစ်စဉ်မဟုတ်ပေ။ ၂၀၀၇ ခုနှစ်တွင်လည်း ဆိုးရွားသည့် ရေကြီးမှုများကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့သည်။ ယခင်ဖြစ်ခဲ့သည့် ရေကြီးမှုများသည် ပိုမိုကောင်းမွန်သည့် အစောပိုင်းသတိပေးစနစ်များနှင့် လူမှုအဝန်းအဝိုင်းတွင် အရန်အသင့်ဖြစ်မှုက အရေးကြီးမှုများကို မီးမောင်းထိုးပြခဲ့သည်ဟု ကမ္ဘာ့ဘဏ်၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာမန်နေဂျာ Abhas Jha က ပြောကြားခဲ့သည်။
ဂျကာတာတွင် လူဦးရေထူထပ်မှုကို လျှော့ချရာတွင် အထောက်အကူပြုစေရန်အတွက် မြို့တော်၏ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ဘော်နီယိုကျွန်းသို့ ပြောင်းရွှေ့ရန် အစိုးရက ဆုံးဖြတ်ခဲ့သည်။














