မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဥရောပပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရန်စီစဉ်

မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဥရောပပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရန်စီစဉ်
ကမ္ဘာ့နံပါတ်(၁) ချင်ယူဖေးနှင့်အတူတွေ့ရစဉ်(Photos : THET HTAR Thuzar Facebook)
ကမ္ဘာ့နံပါတ်(၁) ချင်ယူဖေးနှင့်အတူတွေ့ရစဉ်(Photos : THET HTAR Thuzar Facebook)
Published 14 January 2020

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဥရောပနိုင်ငံများ၌ကျင်းပမည့် ကြက်တောင်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေကြောင်း သိရသည်။

၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် ဧပြီလကုန်တွင် အပြီးသတ်ရွေးချယ်မည်ဖြစ်ရာ သက်ထားသူဇာအနေဖြင့် ပုံမှန်ဝင်ရောက်ယှဉ်ပြိုင်နေသည့် Grade-3 ပြိုင်ပွဲများထက် အဆင့်မြင့်သည့် Grade-2 ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဖေဖော်ဝါရီတွင်လည်း ပြိုင်ပွဲများထပ်မံယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိသည်။ 

ကမ္ဘာ့နံပါတ်(၄)အိုခူဟာရနှင့်အတူ တွေ့ရစဉ်

''ကျွန်တော့်သမီးအနေနဲ့ ဥရောပမှာကျင်းပမယ့်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးပမ်းနေပါတယ်။ ဥရောပမှာကျင်းပတဲ့ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ဗီဇာရဖို့လိုပါတယ်။ ဒီလထဲ ဆွီဒင်မှာကျင်းပမယ့်ပြိုင်ပွဲမှာယှဉ်ပြိုင်ဖို့ စာရင်းပေးထားပြီးဖြစ်ပေမယ့် ဗီဇာမရတာကြောင့် ယှဉ်ပြိုင်လို့ မရခဲ့ပါဘူး။ ဒါကြောင့် ဥရောပဗီဇာရဖို့ လုပ်ဆောင်နေပြီးရရင် ဥရောပမှာလုပ်တဲ့ပြိုင်ပွဲတွေမှာ လိုက်ပြီးယှဉ်ပြိုင်ဖို့ရှိပါတယ်။ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရဖို့ ရမှတ်တွေများများရဖို့လိုပါတယ်။ ဒါကြောင့် အဆင့်မြင့်တဲ့ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်မှာပါ။ အိုလံပစ်ဝင်ခွင့်ရဖို့အတွက် အကောင်းဆုံးကြိုးစားနေပါတယ်''ဟု သက်ထားသူဇာ၏ဖခင် ဦးထွန်းထွန်းဇော်က Eleven Sports သို့ ပြောကြားခဲ့သည်။ 

ကမ္ဘာ့နံပါတ်(၁)အမျိုးသားကြက်တောင်သမား မိုမိုတာနှင့်အတူ တွေ့ရစဉ်

သက်ထားသူဇာသည် လက်ရှိတွင် မလေးရှားနိုင်ငံ၌ လေ့ကျင့်မှုပြုလုပ်နေပြီး အရည်အသွေးပိုင်း ပိုမိုတိုးတက်စေရန် ကိုယ်ပိုင်အစီအစဉ်ဖြင့် မလေးရှားနိုင်ငံရှိ ကြက် တောင်ကလပ်တွင် သင်ကြားနေခြင်းဖြစ်သည်။ 

သက်ထားသူဇာသည် ဇန်နဝါရီ (၄)ရက်မှ (၂၀)ရက်အထိ မလေးရှားနိုင်ငံ၌ လေ့ကျင့်လျက်ရှိပြီး ပြီးခဲ့သည့်ရက်ပိုင်းကကျင်းပသည့် HSBC BWF World Tour Super 500 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လက်ရည်စစ်ပွဲအဆင့်မှထွက်ခဲ့ရသည်။ 

 

Most Read

Most Recent