ရွှေ့ပြောင်းလုပ်သားများ ဆန္ဒမဲပေးခွင့်ကို နေထိုင်သည့်ကာလ အနည်းဆုံးခြောက်လမှသုံးလသို့ ပြောင်းလဲခွင့်ပြုသတ်မှတ်လိုက်သည့်အတွက် နိုင်ငံရေးအရ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း NCA ထိုးထားသည့် မွန်ပြည်သစ်ပါတီ၏ ညီလာခံထုတ်ပြန်ချက်တွင် ဖော်ပြ

ရွှေ့ပြောင်းလုပ်သားများ ဆန္ဒမဲပေးခွင့်ကို နေထိုင်သည့်ကာလ အနည်းဆုံးခြောက်လမှသုံးလသို့ ပြောင်းလဲခွင့်ပြုသတ်မှတ်လိုက်သည့်အတွက် နိုင်ငံရေးအရ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း NCA ထိုးထားသည့် မွန်ပြည်သစ်ပါတီ၏ ညီလာခံထုတ်ပြန်ချက်တွင် ဖော်ပြ
Published 11 January 2020
ဘိုဘိုမြင့်

ရွှေ့ပြောင်းလုပ်သားများ ဆန္ဒမဲပေးခွင့်ကို နေထိုင်သည့်ကာလ အနည်းဆုံးခြောက်လမှ သုံးလသို ့ပြောင်းလဲခွင့်ပြု သတ်မှတ်လိုက်သည့်အတွက် နိုင်ငံရေးအရ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း NCA  ထိုးထားသည့် မွန်ပြည်သစ်ပါတီ၏ မွန်ပြည်သစ်ပါတီ၏ (၁၀) ကြိမ်မြောက်ညီလာခံမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

မွန်လူမျိုးများ ပြည်ပနိုင်ငံထွက်ပြီး စီးပွားရှာဖွေလုပ်ကိုင် စားသောက်ကြသည့်အတွက် ဌာနေဒေသရှိ လယ်ယာနှင့် ခြံလုပ်ငန်းများတွင် အခြားဒေသမှ လူမျိုးများ ဝင်ရောက်လုပ်ကိုင်လာကြသောကြောင့် လူနေမှုစနစ်ကို ထိပါးလာရကြောင်း၊ ထို့ပြင် NLD အစိုးရက ယင်းအကြောင်းအရာများအား အခွင့်ကောင်းယူကာ ယာယီနေထိုင်သူ ရွှေ့ပြောင်းလုပ်သားများ ဆန္ဒမဲပေးခွင့်ကို နေထိုင်သည့် ကာလ အနည်းဆုံးခြောက်လမှ သုံးလသို့ ပြောင်းလဲခွင့်ပြု သတ်မှတ်လိုက်သည့်အတွက် နိုင်ငံရေးအရ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ယင်းသဘောထားကြေငြာချက်တွင် ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီကဲ့သို့ပင် မွန်နိုင်ငံရေးပါတီဖြစ်သည့် မွန်ညီညွတ်ရေးပါတီကလည်း ရွှေ့ပြောင်းလုပ်သားများ မဲပေးခွင့်နှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်စာပေးပို့ထားကြောင်း  ပါတီအထွေထွေအတွင်းရေးမှူး (၂) ဖြစ်သူ နိုင်စံတင်က ပြောကြားသည်။

“ အဓိကက ယာယီရွှေ့ပြောင်း လုပ်သားတွေနဲ့ပတ်သက်ပြီးတော့ အရင်ကတော့ ရက်ပေါင်း ၁၈၀ နေထိုင်ပြီးမှ မဲပေးပိုင်ခွင့်ပြုတယ်။ နောက်ပိုင်းမှာ ရက်ပေါင်း ၉၀ လျှော့လိုက်တယ်။ ကျွန်တော်တို့အနေနဲ့က ရွှေ့ပြောင်းလုပ်သားတွေဟာ ယာယီလာရောက်နေထိုင်တဲ့အတွက်ကြောင့် သူတို့မူလနေထိုင်ရာဒေသက လွှတ်တော် ကိုယ်စားလှယ်လောင်းကိုပဲ ဆန္ဒမဲပေးဖို့ တင်ပြထားပါတယ်” ဟု မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး (၂) ဖြစ်သူ နိုင်စံတင်က ပြောကြားသည်။

ဒေသခံများ၏ ဆန္ဒအရင်းခံမဟုတ်ဘဲ အခြားဒေသမှ ယာယီလာရောက် နေထိုင်ကြသူများ၏ ဆန္ဒများပါလာသဖြင့် အောင်နိုင်ရေး အပြောင်းအလဲဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် ယာယီရွှေ့ပြောင်းနေထိုင်သူများ၏ နိုင်ငံသားအခွင့်အရေးအရ ဆန္ဒမဲပေးချင်ပါက ၎င်းတို့ မူလဒေသတွင်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများကိုသာ ကြိုတင်မဲဖြစ်စေ၊ ကိုယ်တိုင်သွားရောက်၍ဖြစ်စေ ဆန္ဒမဲပေးခြင်း ပြုလုပ်သင့်ကြောင်း၊ ထို့ကြောင့် ရွှေးကောက်ပွဲဆိုင်ရာ နည်းဥပေဒတွင် အဆိုပါအချက်ကို ပယ်ဖျက်သင့်သည်ဟု စာတင်ထားကြောင်း ၎င်းက ဆိုသည်။

ယာယီနေထိုင်သူ ရွှေ့ပြောင်းလုပ်သားများအား အဆိုပါနည်းဥပဒေအတိုင်း ဆန္ဒမဲပေးခွင့်ပြုပါက ရွေးကောက်ပွဲရလဒ်ကို အပြောင်းအလဲဖြစ်စေသောကြောင့် ရွေးကောက်ခံကိုယ်စားလှယ်၏ စစ်မှန်သော ကိုယ်စားပြုမှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆန္ဒမဲပေးခွင့်ပြုခြင်းသည် ရွေးကောက်ပွဲ၏ လွတ်လပ်တရားမျှတမှုကိုလည်း ထိပါးရာရောက်သည်ဟု ယူဆပါကြောင်း မွန်ညီညွတ်ရေးပါတီ၏ သဘောထားထုတ်ပြန်ထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃ ရက် ရက်စွဲပါ အမိန့်အမှတ် (၅၅/၂၀၁၉) ဖြင့် ပဥ္စမအကြိမ် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေအား ပြင်ဆင်ရာ၌ အချက် ၁၆ ချက်နှင့် နောက်ဆက်တွဲပုံစံတစ်ခု ပါဝင်လာပြီး နည်းဥပဒေ ပုဒ်မ (၅) ၌ မဲစာရင်းပြုစုခြင်းနှင့်ပတ်သက်ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လဝကဌာနက ပြုစုထားသည့် လူဦးရေစနစ်အား အခြေခံပြီး ပြုစုရန်နှင့် နည်းဥပဒေ ပုဒ်မ (၁၀) ၌ ပါရှိသော ‘ အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း ’ ဆိုသည့်စကားရပ်ကို ‘ အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း ’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟု ပါရှိကြောင်း သိရသည်။

 

 

Most Read

Most Recent