ချင်းပြည်နယ် ပလက်ဝမြို့ ကျီးလေကျေးရွာရှိ ရွာသား ၁၀၀ ကျော်အား AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆီးဖလောင်ကျေးရွာမှ အဖမ်းခံရသည့် ကျောင်းဆရာတစ်ဦးနှင့် ရခိုင်အမျိုးသားနှစ်ဦး အသတ်ခံရ

ချင်းပြည်နယ် ပလက်ဝမြို့ ကျီးလေကျေးရွာရှိ ရွာသား ၁၀၀ ကျော်အား AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆီးဖလောင်ကျေးရွာမှ အဖမ်းခံရသည့် ကျောင်းဆရာတစ်ဦးနှင့် ရခိုင်အမျိုးသားနှစ်ဦး အသတ်ခံရ
ချင်းပြည်နယ်ပလက်ဝမြို့အား အပေါ်စီးမှမြင်တွေ့ရစဉ် (ပုံကြီး) နှင့် ဖမ်းဆီးခံရပြီး ဒဏ်ရာများနှင့်အတူ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည့် ကျောင်းဆရာ ဦးအာဗေလ (ပုံသေး)
ချင်းပြည်နယ်ပလက်ဝမြို့အား အပေါ်စီးမှမြင်တွေ့ရစဉ် (ပုံကြီး) နှင့် ဖမ်းဆီးခံရပြီး ဒဏ်ရာများနှင့်အတူ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည့် ကျောင်းဆရာ ဦးအာဗေလ (ပုံသေး)
Published 11 January 2020
ဇော်မင်းနိုင်၊ အောင်သူထွန်း

ချင်းပြည်နယ် ပလက်ဝမြို့ ကျီးလေကျေးရွာရှိ ရွာသား ၁၀၀ ကျော်အား AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆီးဖလောင်ကျေးရွာမှ အဖမ်းခံရသည့် ကျောင်းဆရာတစ်ဦးနှင့် ရခိုင်အမျိုးသားနှစ်ဦး အသတ်ခံရကြောင်း ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီမှ ဦးစောမြက ပြောကြားသည်။

ကျီးလေကျေးရွာမှာ ပလက်ဝမြို့မြောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး ကုလားတန်မြစ်ကြောင်းအတိုင်း သွားရကြောင်း၊ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ မှန်ကန်ကြောင်း ဦးစောမြက အတည်ပြု ပြောကြားသည်။

“ ကျွန်တော် မြန်မြန်ပဲပြောပါတော့မယ်။ အဲဒီသတင်းမှန်ပါတယ်။ အဲဒီရွာက ရွာကြီးပဲ” ဟု ဦးစောမြက ပြောကြားသည်။

ထို့ပြင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် ဆလိုင်းအိုက်ဇင်ခင်၏ လူမှုကွန်ရက် စာမျက်နှာ Facebook တွင် “ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကျီးလေကျေးရွာမှ ရွာသား ၁၃၀ ကျော်ကိုု မနေ့ညက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။ ရွာမှ အမျိုးသမီးငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်သဖြင့်၊ ရွာမှလူကြီးများက ဟန့်တားသောကြောင့် လူကြီးများအား ရိုုက်နှက်ညှဉ်းပန်းကြောင်း သိရသည်။ ဆီးဖလောင်မှ ကျောင်းဆရာ ဆရာဦးအာဗေလ (၅၅ နှစ်) နှင့် ရွာသား နှစ်ဦး သေဆုံးသွားပြီ။ ပလက်ဝမြို့ပေါ်အခြေအနေ မတည်မငြိမ်ဖြစ်နေသည်’’ ဟု ရေးသားထားသည်။

ချင်းပြည်နယ်ရှိ ဆီးဖလောင်ကျေးရွာမှာ ပလက်ဝမြို့နှင့် ငါးမိုင်ခန့်သာ ကွာဝေးပြီးကြောင်း သိရသည်။

အသတ်ခံရသည့် ကျောင်းဆရာ ဦးအာဗေလမှာ ဇန်နဝါရီ ၇ ရက် ညနေက ပလက်ဝမြို့မှ တစ်မိုင်ခွဲခန့်အကွာတွင် ရှိသော ကြက်ဥဝရွာသို့ သွားရောက်ခဲ့ပြီး ရွာသားနှစ်ဦးနှင့်အတူ အရက်သောက်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

ယင်းနောက် ကျောင်းဆရာ ဦးအာဗေလ၏ အလောင်းအား သုံးရက်ခန့်အကြာတွင် ဒဏ်ရာများနှင့်အတူ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ ဇန်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် AA လက်နက်ကိုင်အဖွဲ့သည် လွန်ခဲ့သည့် တပတ်ခန့်မှ စတင်ကာ ကျီးလေကျေးရွာသို့ ဝင်ထွက်သွားလာခြင်းများ ရှိလာကြောင်း၊ ယင်းသို့အခြေပြုလာစဉ် AA လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးက ကျေးရွာရှိ ချင်းလူမျိုးအမျိုးသမီးငယ်တစ်ဦးအား လက်နက်ဖြင့်ခြိမ်းခြောက်ကာ အဓမ္မပြုသိမ်းပိုက်ရန် ကြိုးစားလာကြောင်း၊ ကျေးရွာရှိ လူကြီးမိဘများက တားဆီးရာ ကျေးရွာလူကြီးများကို ရိုက်နှက်ခြင်း၊ လူငယ်များအား ကုလားတန်မြစ် ကမ်းဘေးနေပူထဲတွင် ချုပ်နှောင်ထားခြင်း၊ ရွာသားများကို ကျီးလေရွာ မြောက်ဘက်တောထဲရှိ ၎င်းတို့၏ စခန်းသို့ ရိက္ခာများ သယ်ပို့စေခြင်း၊ ကျေးရွာအတွင်းရှိ လူများကို ထွက်သွားခွင့်မပြုဘဲ အတင်းအကျပ်တားဆီးထားခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

ထို့ပြင် AA လက်နက်ကိုင်အဖွဲ့က ဆီးဖလောင်ကျေးရွာမှ ချင်းလူမျိုးကျောင်းဆရာ ဦးအာဗေလ (၅၅ နှစ်) နှင့် ကျေးရွာသား ရခိုင်လူမျိုးနှစ်ဦးအား ဇန်နဝါရီ ၇ ရက် ညပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ဒေသခံ အပြစ်မဲ့ တိုင်းရင်းသားများကို ဖမ်းဆီးခြင်းသာမက အမျိုးသမီးများအပေါ်တွင်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန်လာခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအား ထိရောက်စွာအရေးယူပေးရန် တောင်းဆိုကြောင်း ဆက်လက် ဖော်ပြထားသည်။

“ အကြမ်းဖက်လုပ်ရပ်တွေကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်တယ်ဆိုတာရယ် ကျူးလွန်တဲ့သူတွေကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ကျူးလွန်တဲ့သူတွေကို အရေးယူပေးဖို့ပါ” ဟု ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ ဦးစောမြက ပြောကြားသည်။

ယင်းဖြစ်စဉ်များတွင် မည်သည့်ဖြစ်စဉ်များကို AA အဖွဲ့အနေဖြင့် ကျူးလွန်ခြင်းမရှိကြောင်း အဆိုပါအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ခေတ်သစ်မီဒီယာသို့ ပြန်လည်ဖြေကြားထားသည်ကို တွေ့ရသည်။

ချင်းပြည်နယ် ပလက်ဝမြို့တွင် ကျေးရွာပေါင်း ၃၈၀ ကျော်ရှိပြီး ယင်းကျေးရွာများအနက် အချို့ကျေးရွာများရှိ အခြေခံပညာကျောင်းများအား ပိတ်ထားရသည်။

လက်ရှိတွင် လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ချင်းပြည်နယ်ပလက်ဝမြို့ရှိ ကျေးရွာအချို့ ပျက်စီးမှုများလည်းရှိနေပြီး စစ်ဘေးရှောင်များလည်း တိုးပွားလာကြောင်း သိရသည်။

AA အဖွဲ့အနေ၏ ဖမ်းဆီးခံထားရသူများမှာ လက်ရှိတွင် ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဝှေ့တင်း၊ ကျောင်းအကူ ဦးတောင်ပန်း အပါအဝင် မီးသတ်တပ်ဖွဲ့ဝင်များ၊ လဝက ဝန်ထမ်းများကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

ဖမ်းဆီးထားစဉ် သေဆုံးသူမှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲပြုလုပ်ရန် စီစဉ်သည့် ရသေ့တောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းဖြစ်ပြီး ဖမ်းဆီးထားစဉ် တပ်မတော်၏ လက်နက်ကြီးကျည်ဆန် ထိမှန်သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု AA အဖွဲ့က ထုတ်ပြန်ထားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအား ဖမ်းဆီးထားရခြင်းမှာ ULA/AA အဖွဲ့အစည်းအား နိုင်ငံတကာတွင် ဂုဏ်သိက္ခာကျဆင်းစေရန်၊ စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်စေရန်၊ နိုင်ငံတကာ ဖိအားများ သက်ရောက်စေရန် ရည်ရွယ်ချက်များဖြင့် Social Media များပေါ်တွင် မဟုတ်မမှန် လုပ်ကြံရေးသားခြင်း၊ AA ဆန့်ကျင်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေခြင်း စသည်များကို အဓိကလုပ်ဆောင်နေသူများတွင် ဦးဝှေ့တင်းလည်း ပါဝင်နေကြောင်း၊ ထို့ပြင် ရခိုင်၊ ခူမီး၊ မြို၊ သက်၊ မြာ၊ လင်းကြဲတို့အပြင် အခြားသော လူနည်းစုမျိုးနွယ်စုများအကြား အမုန်းစကားများပြောဆို၍ သွေးခွဲနေခြင်း၊ သွေးထိုးလှုံ့ဆော်နေခြင်း၊ အထူးသဖြင့် ရခိုင်မျိုးနွယ်စုအပေါ် နှိပ်ကွပ်ရန်ကြိုးစားနေခြင်း၊ AA ၏ စစ်ရေးကဏ္ဍများကို အနှောင့်အယှက်ပြုရန်ကြိုးစားခြင်း၊ ပလက်ဝဒေသအတွင်းရှိ ရခိုင်လူမျိုးများအား AA နှင့် ဆက်စပ်ပတ်သက်နေသည်ဟူသော တိုင်တန်းချက်မျိုးဖြင့် အခက်ကြုံအောင် ပြုလုပ်နေခြင်း၊ စစ်တပ်၏ လက်ကိုင်တုတ်အဖြစ် လုပ်ဆောင်နေခြင်းများကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

 

 

Most Read

Most Recent