ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ၁၂ ရုံး တည်ဆောက်ရန် ကုမ္ပဏီများနှင့် စာချုပ် ချုပ်ဆိုနေပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ပြီးစီးမည်

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ၁၂ ရုံး တည်ဆောက်ရန် ကုမ္ပဏီများနှင့် စာချုပ် ချုပ်ဆိုနေပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ပြီးစီးမည်
Published 8 January 2020
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ၁၂ ရုံး တည်ဆောက်နိုင်ရန်အတွက် ကုမ္ပဏီများနှင့် စာချုပ် ချုပ်ဆိုနေပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ပြီးစီးမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သတင်းရရှိသည်။

“ ရှမ်းပြည်နယ်မှာ ရုံးခွဲတွေဖွင့်ဖို့ တင်ဒါတွေပေါ့။ UEC က ပေးတဲ့ နှစ်ထပ်ရုံးတွေရယ်၊ မြို့နယ်ကို တစ်ထပ်ရုံးတွေပေ့ါ။ ဒီမှာ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ အားလုံး ၁၂ ရုံးပေ့ါလေ။ ကုမ္ပဏီနဲ့ စာချုပ်ချုပ်နေပါပြီ။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ ပြီးစီးဖို့ အမြန်ဆုံးတွန်းအားပေးပြီး ဆောင်ရွက်နေတယ်။ ဒါကအဆောက်အအုံ ဆောက်တာပေ့ါ။ အရင်က ထွေအုပ်ရုံးနဲ့ တွဲနေရတယ်။ ထပ်ဆောက်ဖို့ ရှိသေးတယ်။ ပြည်ထောင်စုဘတ်ဂျက်နဲ့ပဲ ဆောက်နေတယ်။ ပြည်နယ်ဘတ်ဂျက်မရှိဘူး။ ပြည်နယ်ရုံးတွေဆိုရင် နှစ်ထပ်ပေါ့။ တချို့ဆိုရင် ခရိုင်နဲ့ မြို့နယ်ရုံးတွေဆိုရင် နှစ်ထပ်ပေါ့။ အာစီပေ့ါ။ ၇၀ ၊ ၄၄ ပေ၊ အာစီနှစ်ထပ်ပေါ့။ ဟိုဟာက ၃၇ နဲ့ ၄၆ ပေက တစ်ထပ်ပေါ့။ ၂၀၂၀ မတိုင်ခင်ပြီးအောင် ဆောက်မယ်။ ဘတ်ဂျက်လည်း ရထားပြီးသား။ အရေးကြီးတာ ကုမ္ပဏီကိုစာချုပ်ချုပ်နေတယ်။ ၃ ရက်မှ စာထွက်ရတာ။ မြို့နယ်တွေမှာ စာချုပ် ချုပ်ထားခိုင်းတယ်။ သူတို့ပဲ သိတယ်။ စာချုပ်ချုပ်ပြီးရင် တက်လာလိမ့်မယ်။ သူတို့ပြီးရင် ငွေထုတ်ပေးဖို့ အဆင်သင့်ပဲ။ ဘတ်ဂျက်အလိုက်၊ လအလိုက် ငွေပေးဖို့ စာချုပ်ထဲပါတယ်။ အောက်တိုဘာမတိုင်ခင် ပြီးအောင် လုပ်မယ်” ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ၁၂ ရုံး တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူဖွင့်ဖောက်ခဲ့ရာ Lot (10) ခုအတွက် (၂၄-၁၂-၂၀၁၉) ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးအမှတ်စဉ် (၃-၁၂/၂၀၁၉) ဆုံးဖြတ်ချက်အပိုဒ် ၅ (က) အရ ကုမ္ပဏီ ၁၂ ခုအား ဆောက်လုပ်ခွင့်ချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောက်လုပ်မည့်ရုံးများနှင့် ဆောက်လုပ်ခွင့်ရရှိသည့် ကုမ္ပဏီများမှာ (၁) ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်နှင့် မြို့နယ် နှစ်ထပ်ရုံးတည်ဆောက်ရေးအတွက် ရှမ်းချယ်ရီတောင်တန်း ကုမ္ပဏီ၊ (၂) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (ဟိုပုံး) တစ်ထပ်ရုံး တည်ဆောက်ရေးအတွက် Willian Sky ကုမ္ပဏီ၊ (၃) ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်နှင့် လဲချားမြို့နယ်တို့တွင် တစ်ထပ်ရုံး နှစ်ရုံးတည်ဆောက်ရေးအတွက် ဒီပါဟိန်း ကုမ္ပဏီ၊ (၄) ဟိုပန်ခရိုင်နှင့် လောက်ကိုင်မြို့နယ်ရုံး တည်ဆောက်ရေးအတွက် Timeless Myanmar ကုမ္ပဏီ၊ (၅) မဘိမ်းမြို့နယ်ရုံး တည်ဆောက်ရေးအတွက် သန်းကြွယ်ဝဖြိုးကုမ္ပဏီ၊ (၆) မန်တုံမြို့နယ် ရုံးတည်ဆောက်ရေးအတွက် ပလောင်နဂါးကျောက်မျက်ကုမ္ပဏီ၊ (၇) ရှမ်းပြည်နယ် အရှေ့ပိုင်းပြည်နယ်ရုံးခွဲနှင့် ကျိုင်းတုံမြို့နယ် နှစ်ထပ်ရုံးတည်ဆောက်ရေးအတွက် ယွန်းပိုးသံစဉ်ကုမ္ပဏီ၊ (၈) မက်မန်းခရိုင်နှင့် မက်မန်းမြို့နယ် နှစ်ထပ်ရုံးတည်ဆောက်ရေးအတွက် ကျိုင်းတုံလုပ်သားကုမ္ပဏီ၊ (၉) ရှမ်းပြည်နယ် အရှေ့ပိုင်းတာချီလိတ်ခရိုင်နှင့် တာချီလိတ်မြို့နယ် နှစ်ထပ်ရုံးတည်ဆောက်ရေးအတွက် Shan Home Land ကုမ္ပဏီ၊ (၁၀) မိုင်းခတ်မြို့နယ် ရုံးတည်ဆောက်ရေးအတွက် ရွှေနမ့်လွေကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။  

 

 

Most Read

Most Recent