ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထမြောက်အစည်းအဝေး ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း လေးလတာကာလအတွင်း ကျင်းပနိုင်ရန်အပါအဝင် အချက်ပေါင်းရှစ်ချက်ကို JICM အစည်းအဝေး၌ အတည်ပြု

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထမြောက်အစည်းအဝေး ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း လေးလတာကာလအတွင်း ကျင်းပနိုင်ရန်အပါအဝင် အချက်ပေါင်းရှစ်ချက်ကို JICM အစည်းအဝေး၌ အတည်ပြု
ဇန်နဝါရီ ၈ ရက်က နေပြည်တော်ရှိ NRPC ရုံးချုပ်တွင် JICM အစည်းအဝေး ကျင်းပစဉ်  (ဓာတ်ပုံ- အောင်မင်းသိန်း)
ဇန်နဝါရီ ၈ ရက်က နေပြည်တော်ရှိ NRPC ရုံးချုပ်တွင် JICM အစည်းအဝေး ကျင်းပစဉ်  (ဓာတ်ပုံ- အောင်မင်းသိန်း)
Published 8 January 2020
နေရိုင်း၊ ဇေယျာထွန်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထမြောက်အစည်းအဝေး ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း လေးလတာကာလအတွင်း ကျင်းပနိုင်ရန်အပါအဝင် အချက်ပေါင်း ရှစ်ချက်ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) တွင် အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဇန်နဝါရီ ၈ ရက်က ပြုလုပ်သည့် (၈) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံစတုတ္ထမြောက် အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း၏ လေးလတာကာလအတွင်း ကျင်းပနိုင်ရန်အပါအဝင် အချက်ပေါင်း ရှစ်ချက်အား အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် NCA အခန်း ၃၊ ၄၊ ၆ နှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့်အပေါ်တွင် သဘောတူညီချက်၊ NCA အကောင်အထည်ဖော်မှုတွင် အစိုးရနှင့် EAOs နှစ်ဖက်အကြား မူဘောင်သဘော တူညီချက်များရယူရန်၊ ၂၀၂၀ ပြည့်နှစ်အလွန် ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဆင့်လိုက် အကောင်အထည်ဖော်ရန်နှင့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုမည့်ပုံစံအား သဘောတူညီခဲ့ကြောင်း သိရသည်။

“ နောက်တစ်ချက်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထမြောက်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းရဲ့လေးလတာကာလအတွင်းမှာ ကျင်းပဖို့ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ပါတယ်။ NCA  ဝေါဟာရအဓိပ္ပာယ် ထွက်ဆိုချက်တွေနဲ့ ပတ်သက်လို့လည်း အလုပ်အဖွဲ့ဖွဲ့စည်းပြီးဆောင်ရွက်ဖို့ ခေါင်းဆောင်တွေက ချမှတ်ပေးခဲ့ပါတယ်။ နောက်တစ်ချက်က Peace process မှာ NCA မထိုးသေးတဲ့အဖွဲ့   တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်ဖို့ NCA အခြေခံနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားဖို့ဆိုတဲ့ အချက်ပေါ်မှာလည်း သဘောတူညီမှု ရရှိခဲ့ပါတယ်။ နောက်ဆုံးတစ်ချက်က ကျွန်တော်တို့ UPDJC နဲ့ JMC အစည်းအဝေးတွေကို ဒီရှစ်ကြိမ်မြောက် အစည်းအဝေးအပြီး နှစ်လအတွင်းမှာ ခေါ်ယူကျင်းပဖို့အပေါ်မှာလည်း ကျွန်တော်တို့ သဘောတူညီချက် ရပါတယ်” ဟု

နိုင်ငံတော်အတိုင်ပင်ခံ ရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့်အဖွဲ့များ ပါဝင်လာရေးအတွက် အစိုးရဘက်မှ NRPC နှင့် ငြိမ်းချမ်းရေး ကော်မရှင်မှ ဆောင်ရွက်နေသည့်အပြင် EAO ဘက်မှလည်း ညှိနှိုင်းဆွေးနွေးမှုများရှိကြောင်း ဦးဇော်ဌေးက ဆိုသည်။

၎င်းက “ ကျွန်တော်တို့ပွင့်ပွင့်လင်းလင်း ပြောရရင်တော ့ဒီလပိုင်းမှာ ကျွန်တော်တို့ တွေ့ဖို့ရှိပါတယ်။ ပြီးခဲ့တဲ့လမှာလည်း ကျွန်တော်တို့တွေ့ခဲ့တာတွေ ရှိပါတယ်။ အထူးသဖြင့် မြောက်ပိုင်းလေးဖွဲ့နဲ့ ပတ်သက်လို့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ပွင့်ပွင်လင်းလင်း ဆွေးနွေးတာတွေရှိပါတယ်။ ကျွန်တော်တို့က အခုဖြစ်ပွားနေတဲ့ဟာတွေကို အမြန်ဆုံးလျှော့ချဖို့ဆိုရင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်ရဖို့ လိုပါတယ်။ အဲဒါကိုရဖို့ ကျွန်တော်တို့ ကြိုးပမ်းနေတာဖြစ်တယ်။ ကျွန်တော်တို့ တရားဝင်ဆွေးနွေးပွဲလုပ်သလိုပဲ အလွတ်သဘောဆွေးနွေးပွဲတွေလည်း ကျွန်တော်တို့ လုပ်ပါတယ်။ လုပ်ပြီးရင်လည်းထပ်ပြီးတွေ့ဖို့ ချိန်းထားပါတယ်။ ဒါကိုလည်း အစဉ်တစိုက် ကျွန်တော်တို့ ကြိုးပမ်းနေတယ်” ဟု ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနေဖြင့် အားလုံးပါဝင်ရေး အခင်းအကျင်းကို ဖန်တီးနိုင်ရန် ကြိုးစားနေသည့် အပိုင်းရှိကြောင်း RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

“ ကျွန်တော်တို့ ဆယ်ဖွဲ့အပိုင်းကလည်း အားလုံးပါဝင်ရေးဆိုတဲ့ အခင်းအကျင်းက အရမ်းအရေးကြီးတာကို။ ကျွန်တော်တို့ RCSS ဥက္ကဋ္ဌကြီးပြောသွားသလိုပဲ ဆယ်ဖွဲ့တည်းနဲ့ ဘယ်လိုမှအဆင်မပြေဘူး။ ဒါကြောင့် ကျန်တဲ့အဖွဲ့တွေ အဝန်းအဝိုင်းထဲ ဘယ်လိုပါလာအောင်ဆိုတဲ့ အခင်းအကျင်းမှာလည်း ကျွန်တော်တို့ EAO  ဘက်မှာလည်း ကြိုးစားနေတဲ့အပိုင်းရှိတယ်။ မလာခင်ကတည်းကလည်း ကိုယ်တိုင်မပါတောင်မှ တတ်နိုင်သလောက် ကျွန်တော်တို့ညီနောင်ရဲ့ အသံတွေပါအောင်လည်း ကျွန်တော်တို့အတတ်နိုင်ဆုံး ယူဆောင်လာတဲ့အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရဘက်ကလည်း သူ့နည်းသူ့ဟန်ကြိုးပမ်းသလို ကျွန်တော်တို့ ဘက်ကလည်း ၀ိုင်းဝန်းပြီးတော့ အခင်းအကျင်း တင်ပြမယ်။ ပါမပါတာကတော့ တစ်ဖက်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တာပေါ့။ ၀ိုင်းဝန်းပြီးတော့ ကြိုစားနေတဲ့ အခြေအနေဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

 

 

Most Read

Most Recent