အခြေခံပညာ ကျောင်းသား ကျောင်းသူတွေရဲ့ ဆုံးရှုံးရတော့မယ့် နွေကျောင်းပိတ်ရက် မျှော်လင့်ချက်များ

အခြေခံပညာ ကျောင်းသား ကျောင်းသူတွေရဲ့ ဆုံးရှုံးရတော့မယ့် နွေကျောင်းပိတ်ရက် မျှော်လင့်ချက်များ
၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် အခြေခံပညာအဆင့် ကျောင်းသူကျောင်းသားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် အခြေခံပညာအဆင့် ကျောင်းသူကျောင်းသားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 5 January 2020
မျိုးထက်ပိုင်

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အစိုးရက ဖွင့်လှစ်ထားတဲ့ အခြေခံပညာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းပေါင်း ၄၆၄၆၈ ကျောင်းရှိပြီးတော့ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၉ ဒသမ ၁ သန်းကျော် ပညာသင်ကြား နေကြပါတယ်။ တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများ၏ ကျောင်းအပ်နှံရေး ရက်သက်တစ်ပတ်ကို နှစ်စဉ် မေလကုန်ခါနီးကို သတ်မှတ်ထားပြီးတော့ ဇွန် ၁ ရက်မှာတော့ ကျောင်းတွေကို စတင်ဖွင့်လှစ်ပြီးတော့ တက်ရောက်ကြရပါတယ်။ ကိုးလအကြာ ပညာသင်ကြားပြီးတဲ့ နောက်မှာတော့ ဖေဖော်ဝါရီလတွင် အတန်းတင်စာမေးပွဲတွေ ဖြေကြားပြီးစီးပြီး မတ်၊ ဧပြီ၊ မေလ သုံးလကိုတော့ နွေရာသီ ကျောင်းပိတ်ရက်များအဖြစ် သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေခံပညာရေးကို ၂၀၁၆ မှ စတင်ကာ  KG+12 (သူငယ်တန်း + ၁၂ တန်း)၊ ၂၀၁၇ ခုနှစ်တွင် KG နဲ့ G1၊ ၂၀၁၈ ခုနှစ်တွင် KG၊ G1၊ G2၊ ၂၀၁၉ တွင် KG၊ G1၊ G2၊ G3 စနစ်ပြောင်းလဲမှုများကို တစ်နှစ်ထက်တစ်နှစ် တစ်တန်းစီတိုးကာ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီးတော့ လာမယ့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာတော့ ပြုပြင်ပြောင်းလဲမှုတွေ အပြီးသတ် လုပ်ဆောင်ဖို့အတွက် ပညာရေးဝန်ကြီးဌာနက စီစဉ်လျက် ရှိနေပါတယ်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ခဲ့တဲ့ စာသင်ကာလ တိုးမြှင့်မှု

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ စာသင်ကာလတိုးမြှင့်မှုကို ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ နေပြည်တော်က ၂၀၁၉ ဒီဇင်ဘာ ၂၀ ရက်စွဲပါ စာအမှတ်၊ စာစစ်/၁/(အချိန်စာရင်း)/၂၀၁၉(၁၈၄၈)နဲ့ ကျောင်းတွင်းစာမေးပွဲတွေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲတွေကို  မတ်လအတွင်း စစ်ဆေးရမယ်လို့ ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့  ထုတ်ပြန်ချက်မှာ Grade - 5 နဲ့ Grade – 9 စာမေးပွဲတွေကို ၂၀၂၀ ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ် ၃ ရက်အတွင်း ကျင်းပရန်၊ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်စာမေးပွဲတွေကို ၂၀၂၀ မတ် ၁၁ရက်ကနေ မတ် ၂၀ အတွင်း ကျင်းပရန်၊ ကျန်ရှိနေတဲ့ ကျောင်းတွင်းစစ် စာမေးပွဲတွေကို ၂၀၂၀ မတ် ၂၃ ကနေ မတ် ၃၁ အတွင်း (စနေနှင့် တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်မှအပ) ကျင်းပရမယ်လို့ ပါရှိပါတယ်။

အခုလို စာသင်ကာလ တိုးမြှင့်လိုက်တဲ့ အတွက်ကြောင့် တက္ကသိုလ်ဝင် စာမေးပွဲတွေကို မတ် ၁၁ ရက်ကနေ မတ် ၃၀ အတွင်းမှာ စစ်ဆေးမှာဖြစ်ပြီး ကျန်တဲ့အတန်းတွေကို မတ် ၂၃ ကနေ မတ် ၃၁ အတွင်းစစ်မယ် ဆိုတဲ့အတွက် တက္ကသိုလ်ဝင် စာမေးပွဲများ စစ်ဆေးနေချိန်မှာ ကျန်တဲ့အတန်းတွေကို ပိတ်ပေးထားရမှာ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန အနေနဲ့ ပိတ်ပေးမလား မပိတ်ပေးဘူးလား ဆိုတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ညွှန်ကြားထားတာ မရှိသေးပါဘူး။ ကျောင်းတက်ရမယ် ဆိုရင်လည်း ဘယ်လိုပုံစံနဲ့ တက်ရမယ်လို့ တိကျတဲ့ ညွှန်ကြားချက် ထုတ်ပြန်ထားတာလည်း မရှိသေးပါဘူး။ အဲဒါအပြင် ကျောင်းတွင်းစစ် စာမေးပွဲတွေကို မတ် ၂၃ ကနေ မတ် ၃၁ အထိ စစ်မှာဖြစ်ပြီး ကိုးတန်းကျောင်းသူ ကျောင်းသားတွေ ပါဝင်နေတဲ့အတွက် အထက်တန်းပြ ဆရာမတွေက စာမေးပွဲကြီးကြပ်ရမှာ ဖြစ်ပါတယ်။ ဧပြီ ၁ ရက်နေ့မှာတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၏ အဖြေလွှာတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ ၁၀ ရက်ကြာ သွားရောက် စစ်ဆေးကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ နေပြည်တော်ရဲ့ ထုတ်ပြန်ချက်တွေအရ အခြေခံပညာ ကျောင်းတွေအနေနဲ့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း အထက်တန်းဆင့် သင်ရိုးဟောင်း Grade-11 အတွက် ၃ နာရီမေးခွန်းနဲ့ နှစ်ဆုံးစစ်ဆေးခြင်း စာမေးပွဲကျင်းပဖို့၊ Grade-5 နဲ့ Grade-9 စာမေးပွဲတွေကို ၂၀၂၀ ဖေဖော်ဝါရီ ၂၄ ကနေ မတ် ၃ ရက်အတွင်း ကျင်းပဖို့၊ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ၂၀၂၀ မတ် ၁၁ ရက်ကနေ မတ် ၂၀ အတွင်း ကျင်းပဖို့ရှိပြီးတော့ ကျန်ရှိနေတဲ့ ကျောင်းတွင်းစစ် စာမေးပွဲတွေကို မတ်၂၃ ကနေ မတ် ၃၁ အတွင်း (စနေနှင့် တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်တွေမှအပ) ကျင်းပရန်ရှိပြီး အဲဒီလုပ်ငန်းတွေကို တစ်ဆက်တည်း ဆောက်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒါအပြင် စာမေးပွဲ စစ်ဆေးရန် မလိုတဲ့ မူလတန်းအောက်ဆင့် သင်ရိုးသစ် KG, Grade-1, Grade-2, Grade-3 တို့အတွက် တိကျတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ပေးထားတာ မရှိပါဘူး။ အခြေခံပညာ ဦးစီးဌာနအနေနဲ့ စာသင်ကာလ တိုးမြှင့်မှုကို ဆောင်ရွက်ရာမှာ မတ်လကုန်အထိ စာမေးပွဲ စစ်ဆေးခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ရမယ်လို့  ညွှန်ကြားထားသော်လည်း အချို့အတန်းများ စာမေးပွဲစစ်ဆေးနေချိန်တွင် ဆရာ၊ ဆရာမတွေမှာ စာမေးပွဲ တာဝန် ထမ်းဆောင်နေရမှာ ဖြစ်တဲ့အတွက် ကျန်အတန်းတွေကို ဘယ်လိုဆောင်ရွက်ထားရမယ်ဆိုတဲ့ တိကျတဲ့ ညွှန်ကြားချက် ထုတ်ပြန်ပေးမှု မရှိပါဘူး။ နဝမတန်း စာမေးပွဲတွေကိုလည်း ၂၀၂၀ မတ် ၂၃ ရက်ကနေ မတ် ၃၁ ရက်အတွင်း ကျင်းပရမှာ ဖြစ်တဲ့အတွက်  ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်မှာ တက္ကသိုလ်ဝင်တန်း အဖြေလွှာ စစ်ဆေးရမယ့် အထက်တန်းများအတွက် တိကျတဲ့ ညွှန်ကြားချက် မရှိဘူးလို့ အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ထုတ်ပြန်ထားပါတယ်။

“ခက်တာက Grade-5 နဲ့ Grade-8 ကတော့ သူတို့က ပုံမှန်အတိုင်းစစ်တာပေါ့။ ကျန်တဲ့အတန်းတွေကျတော့ ကတ္ကသိုလ်ဝင်စာမေးပွဲပြီးမှ စစ်မယ်လို့ ပြောတာကိုး။ ကျေးရွာအခြေအနေအရ ကလေးတွေက နွေရာသီဆိုရင် မိဘကို ကူလုပ်ရတာတွေရှိတယ်။ ကျောင်းနဲ့အဆက်ပြတ် သွားလို့ရှိရင် ပြန်ခေါ်လို့မရနိုင်တဲ့ ဆယ်တန်းစာမေးပွဲပြီးတဲ့ အခါမှာ သူတို့ကို ပြန်ခေါ်လို့ မရနိုင်တဲ့ အခက်အခဲတွေတော့ ဖြစ်တာပေါ့။ Grade-5 နဲ့ Grade-9 စာမေးပွဲတွေကို ၂၀၂၀ ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ် ၃ ရက်အတွင်းစစ်မယ်ပေါ့။ ဒါကတော့ ပုံမှန်စစ်နေကျဆိုတော့ ပြဿနာ သိပ်မရှိဘူးပေါ့။ အဲဒါပြီးတာနဲ့ တက္ကသိုလ်ဝင် စာမေးပွဲ ကို ၂၀၂၀ မတ် ၁၁ ရက်ကနေ မတ် ၂၀ အတွင်း စစ်မယ်လို့ပြောတယ်။ ပြီးတော့မှ ကျန်တဲ့အတန်းတွေကို ၂၀၂၀ မတ် ၂၃ ကနေ မတ် ၃၁ အတွင်း စစ်မယ်ဆိုတော့ အဲဒီမှာက တက္ကသိုလ်ဝင်စာမေးပွဲ စစ်နေတဲ့အချိန်မှာ ကျန်တဲ့အတန်းတွေက ပိတ်ပေးထားရမယ့် အပိုင်းရှိတယ်။ စစ်မယ့်အချိန်ရော မစစ်ခင် စာမေးပွဲခန်း ပြင်ဆင်ရမယ့်အချိန်ရော အခန်းတွေက မအားတော့ဘူး။ ကျန်တဲ့အတန်းတွေကို ပိတ်ပေးထားရမှာပေါ့။ ဝန်ကြီးဌာနအနေနဲ့ ပိတ်ပေးထားမလား မပိတ်ပေးဘူးလား ဆိုတာကို စာထုတ်ထားတာတော့ မရှိသေးဘူး။ တက္ကသိုလ်ဝင်တန်းတွေ အတွက် ပြင်ဆင်နေတဲ့အချိန်မှာ တခြားအတန်းတွေကို ကျောင်းတက်ထား ရမှာလားပေါ့။ ကျောင်းတက်မယ်ဆိုရင် ဘယ်လိုပုံစံနဲ့ ကျောင်းတတ်ရမလဲဆိုတာ ညွှန်ကြားချက် တိတိကျကျ မရှိဘူး။ နောက်ပြီး ကျောင်းတွင်းစစ် စာမေးပွဲတွေကို၂၀၂၀ မတ် ၂၃ ကနေ မတ် ၃၁ အထိ စစ်မယ်ဆိုတဲ့ အပိုင်းမှာ ကိုးတန်းတွေပါတယ်။ အဲဒီအတွက် အထက်တန်းပြတွေကလည်း ဒီစာမေးပွဲကို ကြီးကျပ်ပြီးတော့ စောင့်ရမယ့် အပိုင်းပေါ့။ ဧပြီ ၁ ရက်နေ့ကျရင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေထားတာတွေကို  အမှတ်ဖြတ်ဖို့ အတွက်ကို သူတို့က သက်ဆိုင်ရာ တက္ကသိုလ်တွေကို သွားဖို့ရှိတယ်။ ဧပြီ ၁ ရက် နေ့သွားနိုင်ဖို့ မတ် ၃၀ ရက်နေ့ သတင်းပို့ မတ် ၃၁ ရက်နေ့မှာ အမှတ်ပေးစည်းမျဉ်းတို့ အဖြေလွှာစစ်တာတို့ လုပ်ကြရတယ်။ ဧပြီ ၁ ရက်နေ့မှာ အမှတ်စဖြတ်ရတယ်။ အဲဒီအတွက် မတ် ၂၈၊ ၂၉ ထဲက စထွက်ကြရတယ်။ အဲဒါက ကျောင်းတွင်းစစ် စာမေးပွဲနဲ့ သွားတိုက်နေလိမ့်မယ်။ တက္ကသိုလ်ဝင်စာမေးပွဲ စစ်တဲ့အချိန်က ၁၀ ရက်လောက် ကြာတယ်။ ၁၀ ရက်ဆိုရင် နှစ်သစ်ကူးရုံး ပိတ်ရက်ဖြစ်နေပြီ။ ၃၁ ရက်နေ့မှာ ပြီးသွားတဲ့ ကိုးတန်း စာမေးပွဲတွေကို စစ်ဆေးဖို့ အထက်တန်းပြ ဆရာမတွေက ဘယ်အချိန်မှာ စစ်ရမလဲဆိုတာ မသိဘူး။ သင်္ကြန်ပြီးတာနဲ့ သူတို့က အောင်စာရင်း ထွက်ပေးရမှာကိုး။ အဲဒီတော့ သူတို့က တက္ကသိုလ်ဝင် စာမေးပွဲတွေကို သွားစစ်ဆေးပေးရသလို ကိုးတန်းတွေကိုလည်း အမှတ်ဖြတ်ပေးဖို့မှာလည်း အခက်အခဲတွေ ကြုံနိုင်တာပေါ့” လို့ အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ ဗဟိုကော်မတီဝင် ကျောင်းဆရာ ကိုဖြိုးဝေအောင်က ပြောပါတယ်။

အခြေခံပညာ ကျောင်းသားကျောင်းသူတွေ၊ ကျောင်းသားမိဘတွေနဲ့ ဆရာဆရာမတွေရဲ့ နွေကျောင်းပိတ်ရက် မျှော်လင့်ချက်

အခြေခံပညာကျောင်းသား ကျောင်းသူတွေအနေနဲ့ မတ်၊ ဧပြီ၊ မေ နွေကျောင်းပိတ်ရက် သုံးလအတွင်း မတ်လနဲ့ ဧပြီလလောက်သာ အနားယူကြရပြီး မေလမှာတော့ နောက်တစ်ကြိမ် တက်ရောက်ရမယ့် ပညာသင်နှစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်။ မူလတန်းနဲ့ အလယ်တန်း အဆင့်တွေအတွက် ဇွန်လကျောင်းပြန်ဖွင့်တဲ့ အချိန်များမှသာ သက်ဆိုင်ရာ အတန်းတွေအတွက် ကျူရှင်တက်ရောက်ကြပေမဲ့ အထက်တန်းအဆင့် ရှစ်တန်း၊ ကိုးတန်း၊ ၁၀ တန်း ကျောင်းသား ကျောင်းသူတွေကတော့ ဧပြီလကစပြီး သက်ဆိုင်ရာ ကျူရှင်တွေမှာ တက်ရောက်ကြရတယ်လို့ ကျောင်းသားကျောင်းသူတွေရဲ့ မိဘတွေက ပြောပါတယ်။ စာသင်ကာလ တိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး ကျောင်းသားကျောင်းသူတွေရဲ့ မိဘတွေကို မေးမြန်းရာမှာတော့ အများစုက မူလအတိုင်းသာ ထားရှိပေးဖို့ ဆန္ဒရှိနေကြပါတယ်။ မတ်လရဲ့ ပူပြင်းတဲ့ နွေရာသီကို ကျောင်းသား ကျောင်းသူတွေအနေနဲ့ စာသင်ခန်းအတွင်း ဖြတ်သန်းရမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။ ကျန်းမာရေးအရလည်း သင့်တော်မှု မရှိတဲ့အပြင် ကျောင်းသား ကျောင်းသူတွေ အနေနဲ့ သင်ကြားပို့ချမှုတွေအပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာပြီး စာသင်ခန်းအတွင်း ဝင်ရောက်ရမှာကို ကြောက်တဲ့စိတ်တွေ ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်ပူပန် နေကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က မြေပြင်အခြေအနေများကို လေ့လာသုံးသပ်ရာ ကျောင်းသားများ၊ မိဘများ၊ ဆရာများအနေနဲ့ ပညာရေး စိတ်ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ တစ်နှစ်ပတ်လုံး စာသင်နေခဲ့ကြရသော ကလေးတွေရဲ့ ဦးနှောက်ကို လုံလောက်စွာ အနားပေးဖို့ လိုအပ်ရာမှာ မတ်လကုန်အထိ ကျောင်းတက်ရပါက နားနေချိန်များ လျော့နည်းသွားစေနိုင်ခြင်း၊ စာသင်ချိန် လပိုင်းမျှ အနည်းငယ် ထပ်တိုးရုံဖြင့် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရည် ပိုမိုတိုးတက်လာမယ်လို့ တစ်ထစ်ချ သတ်မှတ်ဖို့ရန် ခက်ခဲခြင်းတွေ ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ယင်းအပြင် တစ်နှစ်ထက် တစ်နှစ် ပိုမိုပူပြင်းလာသော ရာသီဥတု အခြေအနေအရ အခြေခံပညာ ကျောင်းတွေ (အထူးသဖြင့် ကျေးလက်ဒေသမှ) ကလေးသူငယ်အရွယ် ကျောင်းသား၊ ကျောင်းသူတွေနဲ့ အသက်အရွယ် ကြီးရင့်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေအတွက် မလိုလားအပ်တဲ့  ကျန်းမာရေး အန္တရာယ်တွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပြီးတော့ လက်ရှိ အခြေအနေအရ မိသားစု စားဝတ်နေရေးနဲ့ ကျောင်းစရိတ်အတွက် အဆင်မပြေတဲ့ မိသားစု အမြောက်အမြားရှိရာ အများစုသော ကျောင်းသား၊ ကျောင်းသူတွေဟာ နွေရာသီ ပိတ်ရက်တွေမှာ မိဘတွေကို  ကူညီကာ အပိုဝင်ငွေ ရှာဖွေနေကြရတာ ဖြစ်တဲ့အတွက် သင့်တင့်တဲ့ ကျောင်းပိတ်ချိန် မရရှိပါက မလိုလားအပ်တဲ့ ကျောင်းထွက်မှု (Drop out) တွေ ဖြစ်ပေါ်လာနိုင်ပြီးတော့ နွေရာသီ အားလပ်ရက်များ အတွင်း စာသင်ခန်းပြင်ပ ဗဟုသုတ၊ ဒေသန္တရ ဗဟုသုတ ရှာမှီးချိန် လျော့နည်းသွားခြင်းတွေကို ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

“ကျွန်မတို့ကတော့ ကလေးတွေရဲ့ စာသင်ချိန် စာမေးပွဲဖြေဆိုချိန်တွေကို နဂိုအတိုင်း ထားစေချင်တယ်။ ဘာလို့ဆိုတော့ သူတို့က တစ်နှစ်ပတ်လုံး စာသင်ခဲ့ရတာ ဖြစ်တဲ့အတွက် နားချိန်လိုတယ်။ တစ်ကယ်တော့ နွေရာသီ ကျောင်းပိတ်ရက် သုံးလဆိုတာလည်း သူတို့အပြည့်အဝ နားကြရတာ မဟုတ်ဘူး။ နောက်တစ်တန်း အတွက်ကို ကျူရှင်ကြိုတက်ကြရတယ်။ မတက်ရင် စာတွေနောက်ကျကုန်မှာ ဖြစ်တယ်။ တကယ်တမ်း ကလေးတွေ နားရတာဆိုလို့ မတ်လ တစ်လလောက်ပဲရှိမယ်။ ပြီးတော့ မတ်လဆိုတာ အရမ်းပူပြင်းတဲ့ ရာသီဖြစ်တယ်။ အဲ့လိုရာသီမှာ ကလေးတွေကို ဦးနှောက်အနားပေးကြရမယ်။ စာတွေအတင်းသင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကလေးတွေ စာသင်ခန်းကို ကြောက်သွားကြလိမ့်မယ်။ ကျွန်မအဓိက စိုးရိမ်တာက ကလေးတွေ စာသင်ခန်းကို ကြောက်သွားမှာကိုပဲ။ နောက်ပြီး သင်ကြားပြသပေးရမယ့် ဆရာ ဆရာမတွေအနေနဲ့ ကလေးတွေကို သင်ကြားရတဲ့နေရာမှာ အခက်အခဲတွေ ရှိလာလိမ့်မယ်။ စိတ်ရှည်သည်းခံမှု လျော့နည်းသွားမှာကိုလည်း စိုးရိမ်တယ်” လို့ ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဒေါ်နှင်းသက်သက်ဝေက ပြောပါတယ်။

နွေရာသီ ကျောင်းပိတ်ရက်တွေမှာ ကျောင်းသားကျောင်းသူတွေအနေနဲ့ အခြားသော သင်တန်း တက်ရောက် ကြတာတွေနဲ့ အချိန်ပေးကြရသလို အချို့သော ကျောင်းသားကျောင်းသူတွေ အနေနဲ့ မိသားစု စားဝတ်နေရေးအရ ၀ိုင်းကူလုပ်ကြရတာတွေ ရှိပါတယ်။ စနစ်ကို ပြောင်းလဲတဲ့နေရာမှာ စနစ်ရဲ့ အပြောင်းအလဲကြားမှာ ရှင်သန်ရမယ့် အကောင်အထည်ဖော်ရမယ့် ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေကို ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်မယ့် ပြောင်းလဲမှုတွေကိုသာ အလိုရှိတယ်လို့ ကျောင်းဆရာ ဆရာမတွေက ဝေဖန်ပြောဆိုမှုတွေ ရှိလာပါတယ်။ ပညာရေး ဝန်ကြီးဌာနအနေနဲ့ စာသင်ကာလ

တိုးမြှင့်မယ်ဆိုရင် ရုတ်တရက် လုပ်ဆောင်ရမှာ မဟုတ်ဘဲနဲ့ အောက်ခြေ ဆရာ ဆရာမတွေအပြင် ကျောင်းသား ကျောင်းသူတွေရဲ့ မြေပြင်အခြေအနေတွေကို အရင်ဆုံး လေ့လာဆန်းစစ်ပြီးမှ ညင်သာပြီး အဆင်ပြေ ချောမွေ့မယ့် နည်းလမ်းကိုသာ ရွေးချယ်သင့်တယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ အခြေခံပညာ ကျောင်းသား ကျောင်းသူတွေ အနေနဲ့လည်း ယခင် နွေကျောင်းပိတ်ရက် သုံးလကနေ တိုးမြှင့်လိုက်တဲ့ စာသင်ကာလကြောင့် နှစ်လသာ ပိတ်ရက်ရှိတော့တဲ့အတွက် နွေကျောင်းပိတ်ရက် မျှော်လင့်ချက်တွေ ဆုံးရှုံးရတော့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိလာနေကြပါတယ်။

အခြေခံပညာစာမေးပွဲများ နောက်ဆုတ်ကျင်းပရခြင်းအပေါ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရဲ့ ပြောစကား

“ကျောင်းမှာ ဆရာ ဆရာမတွေ ကျောင်းကို မတ် ၃၁ ရက်နေ့အထိ လုပ်ပေးတယ်။ အဓိက နံပါတ်တစ်က ဘာလဲ။ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မိဘတွေ အလုပ်ကိုကြိုးစားပြီး လုပ်ဖို့လိုတယ်။ သူ့ရဲ့ကလေးက ကျောင်းအစောကြီး ပိတ်မယ်ဆိုရင် ကလေးတွေကို ထိန်းဖို့အတွက်သည် သူသည် အလုပ်တစ်ဖက်နဲ့ဆိုရင် ခက်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က မိဘတွေကို သူတို့တွေရဲ့ အလုပ်ထဲမှာ အလုပ်ကို အောင်မြင်အောင် အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်ငန်းတွေကို အောင်မြင်အောင် လုပ်စေလိုပါတယ်” လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၂၀ ဇန်နဝါရီ ၂ ရက်က နေပြည်တော်နယ်မြေ ပျဉ်းမနားမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှာ ပြုလုပ်တဲ့ ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲအပြီးမှာ မီဒီယာတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြည်ထောင်စုဝန်ကြီးရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် အ.လ.က (ခွဲ) အောင်ဆုပန်ကျောင်းတွင် အလယ်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာဦးထင်လင်းထက်က “ဝန်ကြီးတစ်ယောက်အနေနဲ့ မိဘတွေကို အလုပ်အေးအေးဆေးဆေး လုပ်စေချင်လို့ ကလေးတွေကို ကျောင်းပို့ခိုင်းတယ်ဆိုတော့ ကျွန်တော်တို့ ပညာရေးဌာနက ဆရာဆရာမတွေက ကလေးထိန်းလို့ ပြောလိုက်သလို ဖြစ်နေတယ်။ အဲဒါကြီးက တော်တော်ကို ဆိုးဆိုးရွားရွားကြီးဗျ။ ကျွန်တော်တို့ မျှော်မှန်းတာက ဝန်ကြီးတစ်ယောက် အနေနဲ့ မတ်လကုန်အထိ ကျောင်းတက်ခိုင်းတယ် ဆိုတာက ဘယ်လိုအစီအစဉ်မျိုးတွေ ရှိမလဲ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့လဲ ဘယ်လိုမူဝါဒမျိုးတွေ ချမှတ်ပြီးတော့မှ တိုးမြှင့်တယ် ဆိုတာကို ကျွန်တော်တို့က မျှော်မှန်းတာ။ ကျွန်တော်တို့ အရပ်ထဲမှာ ပြောသလို လက်လွတ်စပယ် မိဘတွေ အလုပ်ကောင်းကောင်း လုပ်ရဖို့ ကလေးတွေကို ကျောင်းပို့တယ်ဆိုတာ အရပ်ထဲမှာ ပြောသလို ပြောနေကျ စကားကြီး ဖြစ်နေတယ်။ ဝန်ကြီးဌာန အနေနဲ့ကလည်း ဘယ်လိုရည်ရွယ်ချက်တွေ ဘယ်လိုမူဝါဒတွေနဲ့ မတ်လအထိ ကျောင်းတက်ခိုင်းတယ် ဆိုတာကို ကျွန်တော်တို့က လိုချင်တာ။ သူဆိုလိုတာက ကျောင်းက ဆရာဆရာမတွေက မိဘတွေ စီးပွားရေးကောင်းကောင်း လုပ်နိုင်ဖို့ ကလေးတွေကို ထိန်းပေးရမယ်ဆိုတဲ့ပုံစံ ဖြစ်နေတယ်။ သူက ကျွန်တော်တို့ရဲ့ အခြေခံပညာရေးကို နားမလည်လို့ ပြောတဲ့စကားလို့ ကျွန်တော်က ယူဆတယ်။ မြို့ပေါ်ကလေးတွေက ကျောင်းပိတ်သွားရင် ကလေးတွေနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေ ရှိနေတော့ တက်ကြတယ်။ အခြေခံပညာမှာ တောရွာက ကလေးတွေများတယ်။ တောရွာကကလေးတွေက ကျောင်းပိတ်သွားပြီဆိုရင် ကျွန်တော်တို့ ဒေသမှာဆို ပဲစိုက်တဲ့ အချိန်ဖြစ်တယ်။ ပဲကောက်တဲ့အချိန်မှာ ကလေးတွေက မိဘကို ၀ိုင်းကူရတာမျိုးတွေရှိတယ်။ မိဘတွေ ပဲသွားကောက်ဖို့ကို အိမ်မှာကျန်ခဲ့တဲ့ ကလေးအငယ်လေးတွေကို ကျန်တဲ့ ကလေးတွေက ထိန်းကြရတာတွေရှိတယ်။ ဖေဖော်ဝါရီလမှာ စာမေးပွဲ ဖြေရင်တောင်မှ အဲဒီကလေးတွေကို ကျွန်တော်တို့ လိုက်ခေါ်ရတယ်။ ဘာဖြစ်လို့လဲဆို အိမ်ကမိဘတွေပဲ သွားကောက်ရမှာ ဖြစ်တဲ့အတွက် ကျောင်းတက်ပြီး စာမေးပွဲဖြေနေတဲ့ ကလေးတွေက အိမ်မှာကျန်ခဲ့တဲ့ ကလေးတွေကို ထိန်းပေးနေရလို့ ဖြစ်နေတယ်။ အဲဒါကြောင့် ဖေဖော်ဝါရီလမှာ စာမေးပွဲဖြေတာတောင် သူတို့မလာကြတာ မတ်လအထိသာဆို အဲ့ကလေးတွေကို ကျွန်တော်တို့ လယ်ကွင်းထဲက လိုက်ခေါ်ရမှာ။ ပြောရမယ်ဆိုရင် ဝန်ကြီးက အဲဒါတွေကို မသိဘူး။ မြေပြင်က အခြေအနေတွေကို နားမလည်ဘူးလို့ ယူဆတယ်” လို့ ပြောပါတယ်။

ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဒေါ်နှင်းသက်သက်ဝေကလည်း “နိုင်ငံရဲ့စီးပွားရေး တိုးတက်ဖို့အတွက် အခြေခံပညာ ကျောင်းတွေရဲ့ စာသင်ကာလ တိုးမြှင့်လိုက်တယ်ဆိုတာ တလွဲစီဖြစ်နေတယ်။ ပုံမှန်နွေကျောင်းပိတ်ရက်တွေမှာ မိဘတွေအများစုက ပြင်ပသင်တန်းတွေကို ပို့ကြတာများတယ်။ အထူးသဖြင့် English Speaking သင်တန်းတွေ၊ Computer သင်တန်းတွေ ပို့ကြတယ်။ အဲဒီလို ပို့တဲ့အတွက် ကျွန်မတို့လို မိဘတွေအတွက် အဆင်ပြေသလို ကလေးတွေလည်း ပြင်ပဗဟုသုတတွေ ရကြတယ်။ ဒါကတစ်ပိုင်းပေါ့။ ဝန်ကြီးပြောသလို မိဘတွေ အလုပ်ကြိုးစားလို့ရအောင် မတ်လအထိ ကျောင်းတက်ရတာ ဆိုတာက ကလေးတွေ အိမ်မှာမရှိရင် အလုပ်ပိုလုပ်လို့ရတယ်လို့ ပြောတယ်လို့ ကျွန်မထင်တယ်။ အဲဒါကတော့ လွဲနေတယ်။ ကျွန်မတို့က အပေါ်မှာ ပြောခဲ့သလို ကလေးတွေ ကျောင်းပိတ်တာနဲ့ ပြင်ပဗဟုသုတရအောင် အခြားသော သင်တန်းတွေ ပို့ထားတာ ဖြစ်တဲ့အတွက် အခုလို စာသင်ကာလ တိုးမြှင့်လိုက်တာက ကလေးတွေ ပြင်ပဗဟုသုတ ရှာဖို့အတွက် နစ်နာသွားတယ်လို့ပဲ ယူဆတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာက အကြောင်းပြချက် သက်သက်ပဲ ဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ပညာရေး ဝန်ကြီးဌာနရဲ့ စာသင်ကာလ တိုးမြှင့်လိုက်တဲ့အပေါ် အခြေခံပညာရေး ဦးစီးဌာန စီမံခန့်ခွဲသူတွေနဲ့ လုပ်ငန်းခွင်မှ ဝန်ထမ်းတွေအကြား သဘောထား ကွဲလွဲရခြင်းရဲ့ အဓိက အကြောင်းရင်းတွေက ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနရဲ့ လုပ်ငန်းခွင်အတွင်းက ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေရဲ့ သဘောထားတွေနဲ့ ဆန္ဒတွေကို လျစ်လျူရှုခြင်း၊ သင်ရိုးသစ်/ သင်ရိုးဟောင်း စာသင်ကာလ ခွဲဝေမှုအား ကြိုတင်ပြင်ဆင်မှု မရှိခြင်း စတဲ့အကြောင်းရင်းတွေကြောင့် ဖြစ်တယ်လို့ ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသည် မြန်မာနိုင်ငံရဲ့ ကမောက်ကမ ပညာရေးစနစ်နဲ့ စမ်းသပ်ခံပညာရေး အခင်းအကျင်းတို့ကို ဖန်တီးနေတယ်လို့ ယူဆကြောင်းနဲ့ ပညာရေးဝန်ကြီးဌာန အနေနဲ့ ညွှန်ကြားစာကို ပြန်လည်ပယ်ဖျက်ပေးဖို့ အတွက်နဲ့ အခြေခံပညာရေးမှ ဆရာ၊ ဆရာမများနှင့် ပညာရေး ဝန်ထမ်းတွေရဲ့ သဘောဆန္ဒများနှင့်အညီ လိုက်နာဆောင်ရွက်ပေးဖို့ ပညာရေးတက္ကသိုလ် သမဂ္ဂတွေနဲ့ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြု ကော်မတီတို့က တောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။ အဲဒါအပြင် အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ကော်မတီနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်တို့ကလည်း မတ်လအထိ စာသင်ကာလ တိုးမြှင့်မှုကို ကန့်ကွက်ပြီး ပြန်လည် သုံးသပ်ပေးဖို့အတွက် တောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။ ဒါပေမဲ့ ပညာရေး ဝန်ကြီးဌာန အနေနဲ့ တောင်းဆိုမှုတွေကို တုံ့ပြန်မှု တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိသေးပါဘူး။ ဆရာ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေကတော့ ပညာရေးစနစ် ပြောင်းလဲရာမှာ တိကျခိုင်မာတဲ့ မူဝါဒတွေ၊ ကြိုတင်ပြင်ဆင်မှုတွေနဲ့ ပြုလုပ်သင့်တယ်လို့ ဝေဖန်ပြောဆို ကြပါတယ်။ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ အနေနဲ့လည်း စနစ်သစ်တစ်ခုရဲ့ အစမ်းသပ်ခံ ဖြစ်လာရမယ့် အပေါ်မှာ အထိအခိုက် အနည်းအကျဉ်းသာ ရှိစေဖို့ကို လိုလားနေကြပါတယ်။

Most Read

Most Recent