၂၀၂၀ ပြည့်နှစ်အတွင်း မော်တော်ယာဉ်အရောင်းပြခန်း (Show Room) ၌ ရောင်းချရန် မော်တော်ယာဉ်တင်သွင်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ သတ်မှတ်

၂၀၂၀ ပြည့်နှစ်အတွင်း မော်တော်ယာဉ်အရောင်းပြခန်း (Show Room) ၌ ရောင်းချရန် မော်တော်ယာဉ်တင်သွင်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ သတ်မှတ်
ရန်ကုန်မြို့ရှိ Brand New ကားသစ်အရောင်းပြခန်းတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ Brand New ကားသစ်အရောင်းပြခန်းတစ်ခုကို တွေ့ရစဉ်
Published 4 January 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ်အတွင်း မော်တော်ယာဉ် အရောင်းပြခန်း (Show Room) ၌ ရောင်းချရန် မော်တော်ယာဉ်တင်သွင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ၃/၂၀၂၀ ဖြင့် ထုတ်ပြန်ထားသည်။

စည်းကမ်းချက်များမှာ မော်တော်ယာဉ် အရောင်းပြခန်း ဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံသားမှဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ်ဆောင်ရွက်ခြင်းဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ဝန်ဆောင်မှုကုမ္ပဏီအဖြစ် မှတ်ပုံတင်လက်မှတ်ရရှိထားသည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး ယင်းကုမ္ပဏီသည် တစ်ဖက်နိုင်ငံရှိ ပင်ရင်းကုမ္ပဏီမှဖြစ်စေ၊ Regional Office မှဖြစ်စေ မော်တော်ယာဉ်အသစ်များ ဖြန့်ဖြူးရောင်းချရန် အရောင်းကိုယ်စားလှယ် Dostrib utroship သို့မဟုတ် Dealership ဖြင့် တရားဝင်ခန့်အပ်ခြင်းခံရသည့် ကုမ္ပဏီဖြစ်ရမည်။ မော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်ဆောင်ရွက်မည့် ကုမ္ပဏီ၏ဘဏ်စာရင်းတွင် အာမခံငွေ (Deposit) အဖြစ် ကျပ်ငွေ သိန်း ၅၀၀ အား ဗဟိုဘဏ်က အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် သီးခြားငွေစာရင်း ဖွင့်လှစ်၍ ထည့်သွင်းသိမ်းဆည်းထားရမည်။

မော်တော်ယာဉ်အရောင်းပြခန်းတွင် ရောင်းချရန် တင်သွင်းလာသည့် မော်တော်ယာဉ်များသည် အသစ် (Brand New) ဖြစ်ရမည်။ တင်သွင်းလာမည့် မော်တော်ယာဉ်များ၏ Model Year သည် ရောက်ရှိခုနှစ်နှင့် ရောက်ရှိခုနှစ်အောက် တစ်နှစ်နိမ့်မော်ဒယ် အသုံးမပြုရသေးသော Brand New ဖြစ်ရမည်ဖြစ်ပြီး ဘယ်မောင်းယာဉ်ကိုသာ တင်သွင်းရမည်။ မော်တော်ယာဉ်အရောင်းပြခန်းတွင် ပြသရောင်းချမည့် မော်တော်ယာဉ်များကို တင်သွင်းရာတွင် အပ်ကုန် (Consignment Basic ) စနစ်အပြင် LC (Letter of Credit) ငွေလွှဲစာတမ်းဖြင့် ပေးချေသည့်စနစ်  သို့မဟုတ် TT (Telegraphic Transfer) ကြေးနန်းငွေလွှဲပို့နည်းစနစ်ဖြင့် တင်သွင်းနိုင်သည်။

မော်တော်ယာဉ်များကို တင်သွင်းရာတွင် တင်သွင်းခွင့်ပြုသည့် လိုင်စင်သက်တမ်း ကာလအတွင်း တင်သွင်းရမည်ဖြစ်သည်။ မော်တော်ယာဉ်အရောင်းပြခန်းများတွင် ရောင်းချရန်အတွက် တင်သွင်းလိုသည့် မော်တော်ယာဉ် အရေအတွက်နှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက်မည့် တာဝန်ပေးအပ်ထားသော အဖွဲ့အစည်းများ၏ အခါအားလျော်စွာ ထုတ်ပြန်သတ်မှတ်သည့် အရေအတွက်အတိုင်းသာ တင်သွင်းရမည်ဖြစ်ပြီး မော်တော်ယာဉ်ဥပဒေအရ နှစ်စဉ်အတည်ပြု ထုတ်ပြန်သော မော်တော်ယာဉ်အမျိုးအစားများနှင့် မော်ဒယ်နှစ်များအတိုင်းသာ တင်သွင်းရမည်ဖြစ်သည်။

တင်သွင်းလာသော မော်တော်ယာဉ်များကို သတ်မှတ်ထားသော မော်တော်ယာဉ် အရောင်းပြခန်းနှင့် သိုလှောင်ရုံတွင်သာ ထားရှိရမည်။ ယင်းအရောင်းပြခန်းမှအပ အခြားနေရာများတွင် ပြသရောင်းချခြင်းကို ဆောင်ရွက်လိုပါက သီးခြားခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်။ ဝယ်သူအား ရောင်းချခြင်းမပြုမီ လမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်း လုံးဝမပြုလုပ်ရဟု သတ်မှတ်ထားသည်။ မော်တော်ယာဉ်အရောင်းပြခန်းကို အဆင့်မီစွာ တည်ထောင်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။ တင်သွင်းသည့် မော်တော်ယာဉ်အသစ်အတွက် လိုအပ်သည့်အာမခံမှု၊ Spare Parts အပိုပစ္စည်းများရောင်းချနိုင်မှု၊ ရောင်းချပြီးနောက်ပိုင်း ပြင်ဆင်မှုများ (After Sale Services) ကို ဆောင်ရွက်နိုင်မည့် အလုပ်ရုံကို တည်ထောင်ဆောင်ရွက်နိုင်သူဖြစ်ရမည်။ မော်တော်ယာဉ်အရောင်းပြခန်း၏ အကျယ်အဝန်းသည် စတုရန်းပေ ၁၄၀၀၀ နှင့် သိုလှောင်ရုံ အကျယ်အဝန်းသည် စတုရန်းပေ ၅၀၀၀ ရှိရမည် စသည့် စည်းကမ်းချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

 

Most Read

Most Recent