မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းများ၏ တိုးတက်မှုနှုန်း ဒီဇင်ဘာတွင် ဆက်လက်အားကောင်းခဲ့ပြီး ဝယ်လိုအားနှင့် အလုပ်နေရာပေးနိုင်မှု တိုးတက်ခဲ့ကာ စရိတ်စကဖောင်းပွမှု ဖိအားနည်းပါးလာသောကြောင့် ရောင်းစျေးများ ပြန်လည်ကျဆင်း

မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းများ၏ တိုးတက်မှုနှုန်း ဒီဇင်ဘာတွင် ဆက်လက်အားကောင်းခဲ့ပြီး ဝယ်လိုအားနှင့် အလုပ်နေရာပေးနိုင်မှု တိုးတက်ခဲ့ကာ စရိတ်စကဖောင်းပွမှု ဖိအားနည်းပါးလာသောကြောင့် ရောင်းစျေးများ ပြန်လည်ကျဆင်း
ကုန်ထုတ်စက်ရုံများလည်ပတ်နေသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်စက်ရုံများလည်ပတ်နေသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 2 January 2020
စည်သူအောင်

မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းများ၏ တိုးတက်မှုနှုန်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ဆက်လက်အားကောင်းခဲ့ပြီး ဝယ်လိုအားနှင့် အလုပ်နေရာပေးနိုင်မှု တိုးတက်ခဲ့ကာ စရိတ်စကဖောင်းပွမှု ဖိအားနည်းပါးလာသောကြောင့် ရောင်းစျေးများ ပြန်လည်ကျဆင်းခဲ့ကြောင်း  ၂၀၁၉ ခုနှစ်  ဒီဇင်ဘာအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့ စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း Manufacturing Purchasing Manager’s Index- ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။

မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းအခြေအနေသည် ထုတ်လုပ်မှု၊ အော်ဒါအသစ်များနှင့် အလုပ်နေရာအားလုံး ရှေ့ဆက်ကြီးထွားလာခဲ့ကြပြီး စစ်တမ်းစံချိန်တင်အစဉ်အလာများကို ဆက်လက်တိုးချဲ့ပေးကာ အောက်တိုဘာလတွင် နိမ့်ကျသွားခဲ့သော ထုတ်လုပ်ရေးဆိုင်ရာ မျှော်မှန်းချက်များ ပြန်လည်ဦးမော့လာခဲ့သည်။ နိုဝင်ဘာတွင် ထည့်သွင်းကုန်များ၏ ပျမ်းမျှစျေးနှုန်းများက လုံးဝနီးပါး မတိုးခဲ့ကြောင်းကို မှတ်တမ်းတင်နိုင်ခဲ့ကြရာ ထုတ်လုပ်သူတို့သည် စရိတ်စကဖောင်းပွမှု ဖိအားများကျဆင်းလာခြင်း၏ အကျိုးကျေးဇူးကိုပါ ခံစားနိုင်ခဲ့ကြသည်။

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်းသည် ဒီဇင်ဘာတွင် ၅၂  ရှိခဲ့ရာ နိုဝင်ဘာတွင်ရှိသော ၅၂ ဒသမ ၇ ထက် အားပျော့သွားသော်လည်း လုပ်ငန်းဆိုင်ရာအခြေအနေများများ အခိုင်အမာ ကောင်းမွန်နေခြင်းကို အချက်ပြနေဆဲဖြစ်သည်။ နောက်ဆုံး ညွှန်းကိန်းမှာ သုံးလအတွင်းအနိမ့်ဆုံး ဖြစ်သော်လည်း လေးနှစ်ကြာခဲ့သည့် အစဉ်အလာ ၅၁ ဒသမ ၁ ထက် သိသာစွာမြင့်ခဲ့သည်။ ထို့ပြင် ၂၀၁၉ ခုနှစ် တစ်နှစ်လုံးအတွက် PMI ပျမ်းမျှသည် ၅၂ ဒသမ ၇ ရှိခဲ့ရာ စစ်တမ်း စတင်ချိန်မှစ၍ အမြင့်ဆုံးလည်းဖြစ်ခဲ့သည်။

ထုတ်လုပ်မှုကဏ္ဍ၏ ဘက်စုံတိုးတက်မှုအတွက် ဒီဇင်ဘာတွင် အလေးပေးထောက်ပြရမည့်အချက်မှာ အလုပ်တိုးခန့်မှုနှုန်းသည် အောက်တိုဘာနှင့် နိုဝင်ဘာ နှစ်လစလုံးထက် မသိမသာ အားပျော့ခဲ့သည့်တိုင် အလုပ်နေရာအသစ်များ ရှေ့ဆက်၍ ခိုင်ခိုင်မာမာတိုးလာခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းသစ်များ တိုးရရှိမှုမှာ ၂၀၁၆-၂၀၁၈ ခုနှစ်ကထက် လုံးဝသာလွန်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ကြသည့် ကုန်စည်များအတွက် ဝယ်လိုအားတိုးလာနေခြင်းက ဒီဇင်ဘာတွင် ထုတ်လုပ်မှုစစ်တမ်း၏ စံချိန်တင် ၁၄ လမြောက်အဖြစ် ဆက်တိုက် တိုးလာစေခဲ့သည်။ ထုတ်လုပ်သူတို့က ထည့်သွင်းကုန်ဝယ်ယူခဲ့ကြသည့် ပမာဏများကိုပါ တိုးမြှင့်ခဲ့သော်လည်း ကုမ္ပဏီများသိုလှောင်ထားသည့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြုရန် ဦးစားပေးခဲ့ကြသောကြောင့် ဝယ်ယူမှုအရှိန်မှာ အသင့်အတင့်မျှသာ ရှိခဲ့သည်။ ကုန်ချောများ၏ လက်ကျန်စာရင်းများပါ သိသိသာသာကျဆင်းလာခဲ့ရာ ပြီးစီးသွားသည့် အော်ဒါများကို ဖောက်သည်များထံ အလျင်အမြန်တင်ပို့ပေးနေရမှုများကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်သည်။

၂၀၂၀ ပြည့်နှစ်သို့ လှမ်းမျှော်ကြည့်လျှင် မြန်မာနိုင်ငံအတွင်း ထုတ်လုပ်သူတို့သည် လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး အကောင်မြင်လျက်ရှိသည်။ ထို့ပြင် အကောင်းမြင်စိတ်ဓာတ်မှာ အောက်တိုဘာတွင် နိမ့်ကျနေခဲ့ရာမှ အားပြန်ကောင်းလာပြီး ငါးလအတွင်း အမြင့်ဆုံးနေရာသို့ ရောက်ရှိခဲ့သည်။ လုပ်ငန်းများ၏ စက်ရုံသစ်များဖွင့်လှစ်ရန်နှင့် စက်ရုံသုံးယန္တရားများကို မြှင့်တင်ရန် စီမံကိန်းများကြောင့် ယုံကြည်မှုတိုးတက်နေခြင်း ဖြစ်သည်။

လက်ရှိနှင့် မျှော်လင့်ရသောလုပ်ငန်း အခြေအနေများ အားကောင်းနေခြင်းသည် ဒီဇင်ဘာတွင် ထုတ်လုပ်ရေးအလုပ်သမားများ တိုးခန့်စေခဲ့သည်။ ထို့ပြင် အလုပ်နေရာသစ် ခန့်မှုနှုန်းမှာ နိုဝင်ဘာနှင့်ယှဉ်လျှင် ပိုအရှိန်ရလာခဲ့ပြီး ဇန်နဝါရီလမှစပြီး တတိယအများဆုံးနှုန်း ဖြစ်လာသည်။ နောက်ဆုံးစစ်တမ်းဒေတာအရ ၂၀၁၉ ခုနှစ်အကုန်ပိုင်းတွင် စရိတ်စကဖောင်းပွမှုမှာ ဖိအားများ ဆက်လက်အားပျော့လာမည်ဟု ပြသခဲ့သည်။ ထည့်သွင်းကုန် ပျမ်းမျှစျေးနှုန်းများမှာ ၂၀၁၅  ခုနှစ် ဒီဇင်ဘာမှစတင်ခဲ့သည့် စစ်တမ်းအတွက် အနည်းဆုံးနှုန်းဖြစ်လာပြီး တိုးတက်မှုနှုန်း အားပျော့လာခဲ့သည်မှာ ငါးလဆက်တိုက်ဖြစ်သည်။ စျေးကိုမြှင့်တင်ရန် ဖိအားပေးမှုများ မရှိတော့ခြင်းက ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ရောင်းစျေးများကို ဒီဇင်ဘာတွင် နှိမ့်ချလာစေခဲ့သည်။ ထုတ်လုပ်မှုရောင်းစျေးများမှာ ဇန်နဝါရီမှစပြီး ပထမဦးဆုံးအကြိမ် ကျဆင်းလာခဲ့ရာ လေးနှစ်တာစစ်တမ်း သမိုင်းတွင် ငါးကြိမ်မြောက်သာဖြစ်ခဲ့သည်။

အဆိုပါစစ်တမ်းကို ပြုစုပေးသည့် IHS Markit မှ စီးပွားရေးဒါရိုက်တာ Trevor Balchin က “ မြန်မာနိုင်ငံမှာရှိတဲ့ ထုတ်လုပ်သူတွေက ၂၀၁၉ ခုနှစ်ကို အားကောင်းတဲ့ လုပ်ကိုင်နိုင်စွမ်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ၂၀၂၀ အတွက် မျှော်လင့်ချက်အနေနဲ့ ကုမ္ပဏီတွေက ထုတ်လုပ်မှုအခိုင်အမာ တိုးလာဦးမယ်လို့ ထပ်တိုးယုံကြည်နေကြတာကြောင့် အကောင်းမြင်နေပါတယ်။ ကုမ္ပဏီတွေက စက်ရုံသစ်တွေ ဖွင့်လှစ်ပြီး စက်ယန္တရားတွေကို မြှင့်တင်ဖို့ မျှော်မှန်းထားကြတာကြောင့် အနာဂတ်ထုတ်လုပ်မှုအညွှန်းက လွန်ခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း တတိယမြောက် အမြင့်ဆုံးနေရာမှာ ရှိပါတယ်” ဟု ပြောကြားသည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးထားခြင်းဖြစ်သည်။

 

 

Most Read

Most Recent