ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ဒီဇင်ဘာလတွင် ထပ်မံကျဆင်းပြီး ကျပ်သိန်း ၇၉၀၀ ကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်

ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ဒီဇင်ဘာလတွင် ထပ်မံကျဆင်းပြီး ကျပ်သိန်း ၇၉၀၀ ကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်
ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ဖြစ်မှုအား စောင့်ကြည့်လေ့လာနေသူများကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ဖြစ်မှုအား စောင့်ကြည့်လေ့လာနေသူများကို တွေ့ရစဉ်
Published 2 January 2020
ဖြိုးဝေ

ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှုမှာ ဒီဇင်ဘာလတွင် ထပ်မံကျဆင်းခဲ့ပြီး ကျပ်သိန်း ၇၉၀၀ ကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ လအလိုက်ဖြစ်ပေါ်သည့် စျေးကွက် အရောင်းအဝယ်ဖြစ်မှုများမှ သိရသည်။

၂၀၁၉ ခုနှစ် မေလမှ အောက်တိုဘာလအထိ လစဉ်ကျပ် တစ်ဘီလျံကျော်အထက် အရောင်းအဝယ် ဖြစ်ပေါ်နေသည့် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှုမှာ နိုဝင်ဘာတွင် ကျပ် ၉၉၂၆ သိန်းသို့ ပြန်လည်ကျဆင်းခဲ့ပြီးနောက် ဒီဇင်ဘာတွင် ကျပ် သိန်း ၇၉၄၀ ကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး စျေးကွက်ကျဆင်းမှု ဆက်လက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ကာလရှည်ကြာအရောင်းအဝယ် ကျဆင်းမှုဖြစ်ပေါ်နေသည့် ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၁၇ မတ်လက ကျပ် ၃ ဒသမ ၃ ဘီလျံအထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီးနောက် လပေါင်း ၃၀ အတွင်း အရောင်းအဝယ်ဖြစ်မှု အမြင့်ဆုံးအဖြစ် ယခုနှစ်စက်တင်ဘာတွင် ကျပ် ၂ ဒသမ ၄ ဘီလျံကျော်အထိ ပြန်လည် မြင့်တက်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၁၉ နှစ်စမှစတင်ပြီး ဧပြီအထိ ကျပ်သိန်းထောင်ဂဏန်းသာ အရောင်းအဝယ်ဖြစ်နေခဲ့ပြီး မေတွင် ကျပ် ၁ ဒသမ ၄ ဘီလျံကျော်၊ ဇွန်တွင် ကျပ် ၁ ဒသမ ၃ ဘီလျံကျော်၊ ဇူလိုင်တွင် ကျပ် ၁ ဒသမ ၂ ဘီလျံကျော်၊ သြဂုတ်တွင် ကျပ်  ၁ ဒသမ ၉ ဘီလျံကျော်၊ စက်တင်ဘာတွင် ကျပ် ၂ ဒသမ ၄ ဘီလျံကျော်၊ အောက်တိုဘာတွင် ကျပ် ၁ ဒသမ ၃ ဘီလျံကျော် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ နိုဝင်ဘာတွင် ကျပ် ၉၉၂၆ သိန်းကျော်သို့ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လက ကျပ် ၃ ဒသမ ၃ ဘီလျံအထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီးနောက် ရန်ကုန်စတော့အိတ်ချိန်းတွင် ကျပ် နှစ်ဘီလျံကျော် အရောင်းအဝယ်ဖြစ်မှုအဖြစ် ၂၀၁၇ ခုနှစ် သြဂုတ်တွင် ကျပ် ၂ ဒသမ ၂ ဘီလျံကျော် အရောင်းအဝယ်ဖြစ်မှုမှာ အမြင့်ဆုံးဖြစ်ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် သြဂုတ်လအထိ ကျပ် နှစ်ဘီလျံကျော်သည့် အရောင်းအဝယ်ဖြစ်ပေါ်မှု မရှိခဲ့ရာမှ ယခုစက်တင်ဘာလကုန်တွင် ကျပ် ၂ ဒသမ ၄၇ ဘီလျံကျော်အထိ အရောင်းအဝယ်ဖြစ်မှု ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း သမိုင်းတစ်လျှောက် အရောင်းအဝယ်ဖြစ်မှု ယခုနှစ်အတွင်း စံချိန်တင်ကျဆင်းနေပြီး အရောင်းအဝယ်ဖြစ်မှု အနိမ့်ဆုံးအဖြစ်မူ မတ်လတွင် ကျပ် ၃၉၆၂ သိန်းကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ပထမဆုံးအဖြစ် မေလတွင် ကျပ် ၁ ဒသမ ၄ ဘီလျံကျော်၊ ဇွန်လတွင် ကျပ် ၁ ဒသမ ၃ ဘီလျံနှင့် ဇူလိုင်လတွင် ကျပ် ၁ ဒသမ ၂ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပြီး စတော့အိတ်ချိန်း အရောင်းအဝယ် နှစ်လဆက်တိုက် ပြန်လည်ကျဆင်းခဲ့ရာမှ သြဂုတ်လတွင် စံချိန်တင်အမြင့်ဆုံးအဖြစ် ကျပ် ၁ ဒသမ ၉၄ ဘီလျံ၊ စက်တင်ဘာတွင် ကျပ် ၂ ဒသမ ၄၇ ဘီလျံအထိ ပြန်လည်မြင့်တက်ခဲ့ရာမှ အောက်တိုဘာတွင် ပြန်လည် ကျဆင်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အစုရှယ်ယာ အရောင်းအဝယ်ဖြစ်မှုတွင် ဇူလိုင်လ၌ FMI ရှယ်ယာမှာ အမြင့်ဆုံး ကျပ် ၁၂၀၀၀ ဖြစ်ခဲ့ပြီး အနိမ့်ဆုံး ကျပ် ၁၁၀၀၀ အထိ ပြန်လည် ကျဆင်းသွားပြီး သီလဝါရှယ်ယာမှာ ကျပ် ၃၃၀၀ သို့ ကျဆင်းခဲ့သော်လည်း FMI နှင့် သီလဝါရှယ်ယာရောင်းချမှုမှာ ကျပ် တစ်ဘီလျံကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြဂုတ်လတွင်မူ ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာအရောင်းအဝယ်ဖြစ်မှု သုံးဆခန့် မြင့်တက်လာခြင်းနှင့် TMH တယ်လီကွန်းမှာ ယခင်လထက် အရောင်းအဝယ်ဖြစ်မှု မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ပြီး အမြတ်ဝေစုပေးမည့် သီလဝါရှယ်ယာမှာ ကျပ် ၄၄၀၀ အထိ စျေးနှုန်းပြန်လည်မြင့်တက်ခဲ့မှုများကြောင့် သြဂုတ်တွင် ကျပ် ၁ ဒသမ ၉၄ ဘီလျံအထိ အရောင်းအဝယ်ဖြစ်ခဲ့သည်။ စက်တင်ဘာတွင် သီလဝါရှယ်ယာမှာ ကျပ် ၄၅၀၀ အထိမြင့်တက်ပြီး စုစုပေါင်း ကျပ် ၁ ဒသမ ၃၇ ဘီလျံအထိ အရောင်းအဝယ်ဖြစ်ခဲ့သောကြောင့် လပေါင်း ၃၀ အတွင်း အမြင့်ဆုံးအရောင်းအဝယ် ဖြစ်ခဲ့ခြင်းဖြစ်သော်လည်း အောက်တိုဘာတွင်မူ သီလဝါရှယ်ယာ၏ စျေးနှုန်း ကျပ် ၃၆၀၀ အထိ ကျဆင်းခဲ့ခြင်းနှင့် စာရင်းဝင်ကုမ္ပဏီအားလုံး၏ ရှယ်ယာစျေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့် ကျပ် ၁ ဒသမ ၃ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာတွင်မူ အရောင်းအဝယ်ဖြစ်သည့် အစုရှယ်ယာအရေအတွက် ကျဆင်းခြင်းကြောင့် ကျပ်သိန်း ၉၉၂၆ ကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ ဒီဇင်ဘာတွင် FMI နှင့် MTSH ရှယ်ယာများ စျေးနှုန်းမြင့်တက်မှုမရှိခြင်း၊ အရောင်းအဝယ်ဖြစ်မှု နည်းပါးခြင်းကြောင့် စျေးကွက်ကျဆင်းမှု ဆက်လက်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

 

 

Most Read

Most Recent