FMI အများပိုင်ကုမ္ပဏီအုပ်စု၏ ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေ ကျပ် ၁၆၈ ဘီလျံကျော်ရှိပြီး  အကြမ်းအမြတ် ၆၉ ဘီလျံကျော်ရှိသော်လည်း အမြတ်ဝေစုခွဲဝေပေးမှုမပြုရန် ဒါရိုက်တာအဖွဲ့ အဆိုပြု

FMI အများပိုင်ကုမ္ပဏီအုပ်စု၏ ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေ ကျပ် ၁၆၈ ဘီလျံကျော်ရှိပြီး  အကြမ်းအမြတ် ၆၉ ဘီလျံကျော်ရှိသော်လည်း အမြတ်ဝေစုခွဲဝေပေးမှုမပြုရန် ဒါရိုက်တာအဖွဲ့ အဆိုပြု
Published 2 January 2020
ဖြိုးဝေ

FMI အများပိုင်ကုမ္ပဏီအုပ်စု အနေဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေ ကျပ် ၁၆၈ ဘီလျံကျော်ရှိပြီး  အကြမ်းအမြတ် ၆၉ ဘီလျံကျော် ရှိသော်လည်း အမြတ်ဝေစုခွဲဝေပေးမှု မပြုလုပ်ရန် ဒါရိုက်တာအဖွဲ့က အဆိုပြုထားကြောင်း ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောကြားသည်။

“၂၀၁၉ စက်တင်ဘာ ဘဏ္ဍာနှစ်အတွင်း ကုမ္ပဏီအုပ်စု၏ ခြောက်လကြာကာလအတွင်း ဝင်ငွေကျပ် ၁၆၈ ဒသမ ၄ ဘီလျံ (ယခင်နှစ် ကျပ် ၁၃၀ ဒသမ ၅ ဘီလျံ) နှင့် အကြမ်းအမြတ်ငွေ ၆၉ ဒသမ ၁ ဘီလျံ (ယခင်နှစ် ကျပ် ၅၁ ဒသမ ၁ ဘီလျံ) ရရှိခဲ့သည့်အတွက် ဘဏ္ဍာရေးအရကောင်းမွန်သည့် ရလဒ်များရရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။ ရိုးမဘဏ်သည် ကုမ္ပဏီအုပ်စု၏ အဓိက ဝင်ငွေရှာဖွေပေးသည့် လုပ်ငန်းတစ်ခုအဖြစ် ဝင်ငွေကျပ် ၁၅၀ ဒသမ၆ ဘီလျံ (ယခင်နှစ် ကျပ် ၁၂၀ ဒသမရ ဘီလျံ) နှင့် ဆက်လက်ဦးဆောင်နေသည်ကို တွေ့ရှိရပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင်လည်း သိသာထင်ရှားသော ဝင်ငွေတိုးတက်မှုများ ရရှိခဲ့ပြီး ၂၀၁၉ စက်တင်ဘာ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇ ဒသမ ၆ ဘီလျံ (ယခင်နှစ် ကျပ် ၁၀ ဒသမ၃ ဘီလျံ ရှိခဲ့ပါသည်။ သို့သော်လည်း ယခုကာလအတွက် စုစုပေါင်းဝင်ငွေသည် ကျပ် ၇ ဒသမ၁ ဘီလျံ (ယခင်နှစ် ကျပ် ၇ ဒသမ၃ ဘီလျံ) သို့အနည်းငယ် ကျဆင်းခဲ့ပါသည်။ သို့သော်လည်း ယခု ဘဏ္ဍာနှစ်သည် တိုတောင်းသောခြောက်လတာကာလ ဖြစ်သည့်အပြင် အဓိကစီးပွားရေး ကဏ္ဍများတွင် ထပ်မံတိုးချဲ့ရင်းနှီးမြှုပ်နှံသွားရန် လိုအပ်သည့်အတွက် ဒါရိုက်တာအဖွဲ့မှ အမြတ်ဝေစုခွဲဝေပေးခြင်း မပြုလုပ်ရန် အဆိုပြုထားပါသည်” ဟု ဦးသိမ်းဝေက ပြောကြားကြောင်း ၂၀၁၉ ခုနှစ် ခြောက်လဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

FMI အများပိုင်ကုမ္ပဏီအုပ်စု၏ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အသားတင်အမြတ်ငွေမှာ ယခင်ဘဏ္ဍာနှစ်ကရရှိခဲ့သည့် ကျပ် ၂၄ ဒသမ ၇ ဘီလျံထက် ၄၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး ကျပ် ၁၄ ဒသမ ၄ ဘီလျံသာ ရရှိခဲ့ကြောင်း ၂၀၁၉ ခုနှစ် မတ် ၃၀ ရက်တွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်ရှင်းတမ်းအစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ဝက်တွင် FMI ကုမ္ပဏီအုပ်စုဝင်ငွေ ကျပ် ၉၅ ဒသမ ၇ ဘီလျံရရှိပြီး ယခင်နှစ်ထက် ၂၈ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ အသားတင်အမြတ် ကျပ် ၁၁ ဒသမ ၉ ဘီလျံရရှိသည်ဟု  အဆိုပါကုမ္ပဏီ၏ နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်းအရ သိရသည်။

ထိုသို့ အသားတင်အမြတ်ငွေကျဆင်းခဲ့သော်လည်း FMI အများပိုင်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ဝင်ငွေမှာ ၂၇၉ ဒသမ ၇ ဘီလျံအထိ ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ဝင်ငွေ ကျပ် ၂၀၅ ဒသမ ၆ ဘီလျံထက် ၃၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

FMI ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဝင်ငွေမှာ ကျပ် ၂၀၅ ဒသမ ၆ ဘီလျံအထိရှိပြီး ယမန်ဘဏ္ဍာနှစ်ထက် ၂၇ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ကာ အသားတင်အမြတ် ကျပ် ၂၄ ဒသမ ၇ ဘီလျံအထိ ရရှိခဲ့သည် ။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ဝင်ငွေမှာ ကျပ် ၁၆၁ ဒသ မ ၃ ဘီလျံအထိရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ် ဝင်ငွေကျပ် ၂၀၅ ဒသမ ၆ ဘီလျံအထိရှိ၍ ၂၇ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်သည်။ ကုမ္ပဏီအုပ်စု၏ ဝင်ငွေခွန်မဆောင်မီ အသားတင်အမြတ်မှာ ၅၆ ဒသမ ၂ ရာခိုင် နှုန်းအထိ တိုးတက်ခဲ့ ပြီး၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁၄ ဒသမ ၉ ဘီလျံမှ ယခုဘဏ္ဍာနှစ်တွင် ကျပ် ၂၄ ဒသမ ၇ ဘီလျံအထိရရှိခဲ့ကာ အသားတင်အမြတ် ၆၆ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent