မဲဆောက်-မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတား ဖွင့်လှစ်ပြီးနောက် ပို့ကုန်နှင့်သွင်းကုန် ကုန်သွယ်မှု မြင့်တက်လာခဲ့ကာ နှစ်လခွဲအတွင်း ယခင်နှစ် ကာလတူကထက် အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၉၀၈ သန်း ပိုမိုကုန်သွယ်နိုင်ကြောင်း သိရ

မဲဆောက်-မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတား ဖွင့်လှစ်ပြီးနောက် ပို့ကုန်နှင့်သွင်းကုန် ကုန်သွယ်မှု မြင့်တက်လာခဲ့ကာ နှစ်လခွဲအတွင်း ယခင်နှစ် ကာလတူကထက် အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၉၀၈ သန်း ပိုမိုကုန်သွယ်နိုင်ကြောင်း သိရ
Published 2 January 2020
ကိုရွှေသိန်း

အရှေ့အနောက် စီးပွားရေးစင်္ကြံ ကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် တည်ရှိသော မဲဆောက်- မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတား ဖွင့်လှစ်ပြီးနောက် ပို့ကုန်ရော သွင်းကုန်ပါ ကုန်သွယ်မှု မြင့်တက်လာခဲ့ကာ နှစ်လခွဲအတွင်း ယခင်နှစ် ကာလတူကထက် အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၉၀၈ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

မြဝတီနယ်စပ်မှ ဘဏ္ဍာနှစ်သစ်ဖြစ်သော စက်တင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၃ ရက်ထိ အမေရိကန်ဒေါ်လာ ၂၂၁ ဒသမ ၆၉၉ သန်း ကုန်သွယ်ခဲ့ပြီး ယခင်နှစ် ကာလတူက ဒေါ်လာ ၁၆၉ ဒသမ ၃၄၄ သန်း ကုန်သွယ်ခဲ့သည့်စာရင်းနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၉၀၈ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မြတီနယ်စပ်မှ ထိုင်းနိုင်ငံဘက်သို့ မြန်မာ့လယ်ယာထွက်ပစ္စည်း ပဲ၊ နှမ်း၊ ငရုတ်၊ ကြက်သွန်၊ ဆန်ခွဲများ တင်ပို့လျက်ရှိရာ ဘဏ္ဍာနှစ်သစ် နှစ်လခွဲအတွင်း အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၂၀၁ သန်း တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူက ၂၂ ဒသမ ၇၅၄ သန်းထက် ဒေါ်လာ၂၅ ဒသမ ၄၄၇ သန်း ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံဘက်သို့ အများဆုံး တင်ပို့သော ပြောင်းဆံများကိုမူ ထိုင်းနိုင်ငံအတွင်း ပြောင်းထွက်ချိန်နှင့် တိုက်ဆိုင်နေ၍ အခွန်နှုန်းများစွာ မြှင့်ထားခြင်းကြောင့် ပြောင်းဆန်များကို တရားဝင် တင်ပို့နိုင်ခြင်း မရှိသေး၍ ကုန်သည်များ များစွာနစ်နာခဲ့ကြောင်း သိရသည်။ လာမည့်ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့် ရရှိတော့မည်ဖြစ်သည်။

ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ တင်သွင်းရာတွင် မော်တော်ယာဉ်များအား တရားဝင် တင်သွင်းခွင့် မရှိသလောက် နည်းပါးသွားသော်လည်း ဂျပန်တစ်ပတ်ရစ် Without ကားများကို နေ့စဉ်ရာနှင့်ချီ၍ တရားမဝင် တင်သွင်းလျက်ရှိသည်။

လယ်ယာသုံး စက်ယန္တရားများ၊ လယ်ထွန်စက်နှင့် စပါးခြွေလှေ့စက်များ၊ မော်တော်ဆိုင်ကယ် ထိုင်းထုတ်၊ ဗီယက်နမ်ထုတ်များကို အလုံးအရင်းနှင့် တရားဝင် အခွန်ဆောင် တင်သွင်းလျက်ရှိသည်။

စက်သုံးဆီ၊ သဘာဝဓာတ်ငွေ့ရည်နှင့် လူအသုံးအဆောင်ပစ္စည်းများ၊ အလှကုန် အထည်အလိပ်၊ စားသောက်ကုန်နှင့် အချိုရည်မျိုးစုံ တင်သွင်းနေသလို တင်သွင်းခွင့် မရှိသော ဂျပန်စွန့်ပစ်ပစ္စည်း ပရိဘောဂများကိုလည်း တရားမဝင် တင်သွင်းလျက်ရှိသည်။

ထိုင်းကုန်စည်များ ပြည်တွင်းစျေးကွက်သို့ တင်သွင်းမှုမှာ အမှတ် (၂) ချစ်ကြည်ရေးတံတား ဖွင့်လှစ်ပြီးနောက် ပိုမိုမြင့်တက်လာခဲ့ကာ အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ ၄၉၈ သန်းဖိုး တင်သွင်းနိုင်ခဲ့သည့်အတွက် ယခင်နှစ် ကာလတူကထက် ဒေါ်လာ ၂၆ ဒသမ ၉၀၈ သန်း ပိုမိုတင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent