ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ် စီမံကိန်း အကောင်အထည်ဖော်ရန် မြန်မာ-ဂျပန် နှစ်နိုင်ငံ အစိုးရ အချင်းချင်း တွေ့ဆုံဆွေးနွေးမှု ခုနစ်ကြိမ်ပြုလုပ်ခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟုဆို

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ် စီမံကိန်း အကောင်အထည်ဖော်ရန် မြန်မာ-ဂျပန် နှစ်နိုင်ငံ အစိုးရ အချင်းချင်း တွေ့ဆုံဆွေးနွေးမှု ခုနစ်ကြိမ်ပြုလုပ်ခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟုဆို
ဂျပန်နိုင်ငံမှ ဝန်ကြီး Mr. Akaba Kazuyoshi နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့ နေပြည်တော်တွင် တွေ့ဆုံစဉ်
ဂျပန်နိုင်ငံမှ ဝန်ကြီး Mr. Akaba Kazuyoshi နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့ နေပြည်တော်တွင် တွေ့ဆုံစဉ်
Published 1 January 2020
ရွှန်းလဲ့ဝင်း

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ် စီမံကိန်း အကောင်အထည်ဖော်ရန် မြန်မာ-ဂျပန် နှစ်နိုင်ငံ အစိုးရအချင်းချင်း တွေ့ဆုံဆွေးနွေးမှု ခုနစ်ကြိမ်ပြုလုပ်ခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ မြေယာ၊ အခြေခံ အဆောက်အအုံ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

“ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ၂၀၁၈ သြဂုတ်လက စတင်ပြီး ကော်မတီဖွဲ့စည်းပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံ အစိုးရအချင်းချင်း တွေ့ဆုံဆွေးနွေးမှု ခုနစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။  အဲဒီလို တွေ့ဆုံမှုတွေမှာ ပြင်ဆင်ဖို့ရှိတဲ့ အချက်တွေကိုလည်း သိရပါပြီ။ ဒါကြောင့်မို့ စီမံကိန်း အကောင်အထည်ဖော်ဖို့ ပြင်ဆင်ရမယ့် အချက်တွေကို ပြင်ဆင်သွားပြီး ဆက်လက်ပူးပေါင်း အကောင်အထည် ဖော်သွားမှာပါ” ဟု ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး Mr. Akaba Kazuyoshi က ဒီဇင်ဘာ ၂၈ ရက်က ရန် ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်တွင် မီဒီယာ အချို့နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား လေကြောင်းကဏ္ဍနှင့် ဆိပ်ကမ်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး Mr. Akaba Kazuyoshi ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒီဇင်ဘာ ၂၇ ရက်က နေပြည်တော်တွင် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းသို့တွေ့ဆုံပြီး ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်တွင် မီဒီယာအချို့နှင့် တွေ့ဆုံပြီး သတင်းထုတ်ပြန်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံမှဝန်ကြီး Mr. Akaba Kazuyoshi နှင့် ဦးသန့်စင်မောင်တို့ တွေ့ဆုံစဉ် ပို့ဆောင်ရေးကဏ္ဍ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေး၊ နည်းပညာတိုးမြှင့် အသုံးချရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လေကြောင်းကဏ္ဍအနေဖြင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရေး၊ မန္တလေးဆိပ်ကမ်းသစ် တည်ဆောက်ရေး၊ ရထားကဏ္ဍတွင် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး၊ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး၊ ရန်ကုန်မြို့ပြရထား ပို့ဆောင်ရေး စီမံကိန်းများတွင် ရထားသံလမ်းပြုပြင်ရေး၊ နည်းပညာ အဆင့်မြှင့်တင်ရေး သင်တန်းများတွင် မြန်မာနိုင်ငံမှ သင်တန်းသားများကို ဖိတ်ခေါ်၍ သင်ကြားပို့ချခြင်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် လေကြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် Memorandum of Cooperation in the field of Civil Aviation between the Dapartment of Civil Aviation, Ministry of Transport and Communications of the Republic of the Union of Myanmar and the Civil Aviation Bureau, Ministry of Land, Infrastructure, Transport and Tourism of Japan နှင့်လက်မှတ်ရေးထိုးခဲ့ပြီး၊ ဆိပ်ကမ်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် Letter of Cooperation between Myanma Port Authority, Ministry of Transport and Communications of the Republic of the Union of Myanmar and Ports and Harbours Bureau, the Ministry of Land, Infrastructure, Transport and Tourism of Japan တို့ကို သက်ဆိုင်ရာ ဌာနအကြီးအကဲများက လက်မှတ်ရေးထိုးခဲ့ကြသည်။

Most Read

Most Recent