၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်ကျင်းပမည့် မဲခေါင် နိုင်ငံများကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ် စားပြုအဖြစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်း ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် လာမည့်နှစ်တွင်ကျင်းပမည့် ကလပ်အသင်းပြိုင်ပွဲများအတွက် ပြိုင်ပွဲဝင်အသင်းများကို ဒီဇင်ဘာ (၂၇)ရက်ကပြုလုပ်သည့် လိဂ်ကော်မတီအစည်းအဝေးတွင် အတည်ပြုခဲ့ပြီး အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ရှမ်းယူနိုက်တက်အသင်း၊ မဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ (၄) နှစ်ကျင်းပခဲ့ပြီး ယင်းနောက်ပိုင်းတွင် စပွန်ဆာအခက်အခဲများကြောင့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
မြန်မာကလပ်အသင်းများမှာလည်း ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ (၃)နှစ်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကျင်းပသည့်ပုံစံကို ကြိုက်နှစ်သက်ခြင်းမရှိသောကြောင့် နောက်ဆုံးပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ခြင်းမရှိပေ။
ပြိုင်ပွဲကျင်းပသည့်ပုံစံအရ အဆင့် သတ်မှတ်ချက် မြင့်မားသည့် ထိုင်းကလပ်အသင်းများမှာ ဗိုလ်လုပွဲအဆင့်မှ စတင်ကစားရပြီး (၂) ကျော့ကစားရုံဖြင့် ဗိုလ်စွဲသည့်အနေအထားရှိသောကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြိုင်ပွဲကျင်းပသည့်ပုံစံကို ကန့်ကွက်ခဲ့ကာ ၂၀၁၇ ပြိုင်ပွဲတွင် ဝင်ရောက်မယှဉ်ပြိုင်တော့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲကို တိုယိုတာကုမ္ပဏီက စပွန်ဆာပေးခြင်းဖြစ်ပြီး (၄)ကြိမ်စလုံး မဲခေါင်တိုယိုတာဖလား ပြိုင်ပွဲအမည်ဖြင့် ကျင်းပခဲ့သည်။
ယင်းပြိုင်ပွဲ ကို မဲခေါင်နိုင်ငံများဖြစ်သည့် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ကလပ်အသင်း များအတွက် ကျင်းပခြင်းဖြစ်ပြီး မြန်မာကလပ်အသင်းများဖြစ်သည့် ဧရာဝတီအသင်းက ၂၀၁၄ ခုနှစ် (ဒုတိယ)၊ ရန်ကုန်အသင်းက ၂၀၁၅ ခုနှစ်(အုပ်စုအဆင့်)၊ ရတနာပုံအသင်းက ၂၀၁၆ ခုနှစ်(အုပ်စုအဆင့်) တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။