ဟာလန်းကို ခေါ်ယူခဲ့ပြီးနောက် ဆန်ချိုကို ဒေါ့မွန်အသင်း သေချာပေါက်ရောင်းထုတ်လိမ့်မည်ဟု ဗြိတိန်မီဒီယာများ သုံးသပ်ဖော်ပြ

ဟာလန်းကို ခေါ်ယူခဲ့ပြီးနောက် ဆန်ချိုကို ဒေါ့မွန်အသင်း သေချာပေါက်ရောင်းထုတ်လိမ့်မည်ဟု ဗြိတိန်မီဒီယာများ သုံးသပ်ဖော်ပြ
Published 31 December 2019

 

ဒေါ့မွန်အသင်းသည် ဆာလ်ဇ်ဘာ့ဂ်အသင်းမှ နော်ဝေတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူခဲ့ပြီးနောက် အင်္ဂလန်ကစားသမား ဆန်ချိုကို သေချာပေါက်ရောင်းထုတ်လိမ့်မည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြသည်။ 

အသက်(၁၉)နှစ်သာရှိသေးသည့် ဆန်ချိုသည် မန်စီး တီးလူငယ်အသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။ 

ဆန်ချိုသည် ဒေါ့မွန်အသင်းတွင် အချိန်တိုအတွင်း ပထမကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး အနာဂတ်အလား အလာကောင်းများကို ပြသခဲ့သည့်အတွက် ဥရောပထိပ်သီးအ သင်းများစွာ၏ ပစ်မှတ်ကစားသမားဖြစ်လာခဲ့သည်။ 

ထို့ ကြောင့် ဒေါ့မွန်အသင်းက ပြီးခဲ့သည့် သြဂုတ်လတွင် ၎င်းအား သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သလို၊ ခေါ်ယူလိုသည့်အသင်း များအနေဖြင့် ပေါင်သန်း(၁၀၀)အထက်ပမာဏဖြင့် ကမ်းလှမ်းမှသာ လက်ခံစဉ်းစားသွားမည်ဟုလည်း ကြေညာခဲ့သည်။ 

သို့သော် မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီး စသည့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများက ယင်းပမာဏကို ပေးချေသွားရန် အသင့်ရှိနေကြကြောင်း သိရသည်။

ယခုအခါ ဒေါ့မွန်အသင်းသည် ဟာလန်းကို ခေါ်ယူနိုင်ခဲ့ ပြီဖြစ်သလို၊ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်လည်း ဖွင့်လှစ်တော့မည်ဖြစ်၍ ဆန်ချိုကို ခေါ်ယူရန် ပရီးမီးယားလိဂ် အသင်းများ၏ ပြိုင်ဆိုင်မှုမှာ ပိုမိိုအသက်ဝင်လာဖွယ်ရှိသည်ဟုလည်း ဗြိတိန်မီဒီယာများက သုံးသပ်ခဲ့ကြသည်။ 

ထို့ပြင် မန်စီးတီးအသင်းထက် မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့၏ အားပြိုင်မှုကို မြင်တွေ့ရဖွယ်ရှိပြီး ဟာလန်းကို လက်လွှတ်ခဲ့ရသော မန်ယူအသင်းနှင့် အပြောင်းအရွှေ့ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ပြီးနောက် ကစားသမားသစ်များ အားဖြည့်ရန် ပြင် ဆင်နေသော ချယ်လ်ဆီးအသင်းတို့ အပြိုင်လုကြလိမ့်မည်ဟုလည်း ထင်ကြေးပေးနေကြသည်။ 

ဆန်ချိုသည် ချယ်လ်ဆီးအသင်း၏ ပရိသတ်တစ်ဦးဖြစ်သောကြောင့် ချယ်လ်ဆီးအသင်းက ပိုမိုအလားအလာကောင်းနေသည်ဟုလည်း The Sun သတင်းစာက ဖော်ပြခဲ့သည်။

 

Most Read

Most Recent