အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ ဇန်နဝါရီလကုန်ပိုင်းတွင် ပြန်လည် တွေ့ဆုံမည်ဖြစ်ပြီး ကူမင်းဆွေးနွေးပွဲမှ အချက်များ အဆင်ပြေပါက Bilateral လက်မှတ်ရေးထိုးရေး အခြေအနေကောင်းဟုPCG အဖွဲ့ဝင် ပြောကြား

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ ဇန်နဝါရီလကုန်ပိုင်းတွင် ပြန်လည် တွေ့ဆုံမည်ဖြစ်ပြီး ကူမင်းဆွေးနွေးပွဲမှ အချက်များ အဆင်ပြေပါက Bilateral လက်မှတ်ရေးထိုးရေး အခြေအနေကောင်းဟုPCG အဖွဲ့ဝင် ပြောကြား
စက်တင်ဘာ ၁၇ ရက်က အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့ ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးစဉ်
စက်တင်ဘာ ၁၇ ရက်က အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့ ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးစဉ်
Published 30 December 2019
မင်းနိုင်စိုး

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့ ဇန်နဝါရီလကုန်ပိုင်းတွင် အလွတ်သဘော ပြန်လည်တွေ့ဆုံကြမည်ဖြစ်ပြီး ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံ ကူမင်းမြို့တွင် အလွတ်သဘော ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးပွဲမှ နှစ်ဖက်အဆိုပြု ဆွေးနွေးချက်များ ညှိနှိုင်းမှု အဆင်ပြေပါက အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) လက်မှတ်ရေးထိုးရန် အခြေအနေကောင်းကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့မှ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ဒီဇင်ဘာ ၁၅ ရက်က အလွတ်သဘော တွေ့ဆုံခဲ့ကြပြီး ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက်ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရေးနှင့် နှစ်ဖက်အကြား ပြဿနာ ဖြစ်ပွားပါက ကြားနိုင်ငံတစ်ခုက ပါဝင်ညှိနှိုင်း ဖြေရှင်းပေးရေးတို့ကို မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က အစိုးရကိုယ်စားလှယ်အဖွဲ့ထံ တင်ပြခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီတစ်ခေါက် ကူမင်းမှာ နှစ်ဖက်အလွတ်သဘော တွေ့တဲ့အချိန်မှာ နှစ်ဖက်ညှိနှိုင်းတယ်။ အဆင်တော့ ပြေနေပါတယ်။ ပြေနေတဲ့အပေါ်မှာ နှစ်ဖက်အဖွဲ့ ဆွေးနွေးတဲ့အပေါ်မှာ မြောက်ပိုင်းအဖွဲ့ရဲ့ ဆွေးနွေးချက်တွေကို NRPC က ပြန်ယူသွားတယ်။ NRPC ရဲ့ ဆွေးနွေးချက်တွေကို မြောက်ပိုင်းအဖွဲ့တွေက ပြန်ယူသွားတယ်။ ယူသွားပြီးတော့ ဇန်နဝါရီလကုန် အလွတ်သဘော တွေ့တဲ့အချိန်မှာ အဲဒီအပိုင်းတွေ အားလုံးအဆင်ပြေရင် လက်မှတ်ထိုးဖို့က ကောင်းသွားမယ့် အခြေအနေရှိတယ်” ဟု PCG အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

ဇန်နဝါရီလကုန်ပိုင်းတွင် ပြုလုပ်ရန် နှစ်ဖက်သဘောတူထားသည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲသည် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲပင်ဖြစ်ပြီး အဆိုပါ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကိုလည်း မြန်မာနိုင်ငံ ပြင်ပတွင်သာ ပြုလုပ်သွားဖွယ်ရှိနေကာ တွေ့ဆုံပွဲနေရာကိုမူ တိတိကျကျ သတ်မှတ်ရခြင်း မရှိသေးကြောင်း ဦးလမိုင်ဂွန်ဂျာက ဆိုသည်။

“ဒီတစ်ခေါက်ကလည်း အလွတ်သဘောပဲတွေ့မှာ ဖြစ်တဲ့အတွက်ကြောင့်လေ။ အဲဒါကြောင့် ဘယ်နေရာမှာဆိုတာ အတိအကျ မရှိသေးဘူး။ အခုက တရားဝင် မဟုတ်သေးဘူး။ အလွတ်သဘောပဲ။ အခုလောလောဆယ် အချက်သုံးလေးချက်လောက်ကို သဘောတူညီမှုရမယ် ဆိုရင်တော့ Bilateral Ceasefire Agreement လက်မှတ်ထိုးဖို့ဆိုပြီး ပြောထားတာရှိတယ်” ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ဖြစ်သည့် ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး နှစ်ဖက်အကြား တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ရှမ်းပြည်နယ် အထူးဒေသ (၄) မိုင်းလားနှင့် တရုတ်နိုင်ငံ ကူမင်းမြို့တို့တွင် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည်။

ထိုသို့တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တပ်မတော်နှင့် TNLA အကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသကဲ့သို့ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်ခန့်တွင်လည်း တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

 

Most Read

Most Recent