အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI က Embraer 190 လေယာဉ်သစ်နှစ်စင်း ထပ်မံဝယ်ယူပြီး Air KBZ လေကြောင်းလိုင်းနှင့်ပူးပေါင်းကာ ပြည်တွင်းခရီးစဉ်များကို ပျံသန်းမည်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI က Embraer 190 လေယာဉ်သစ်နှစ်စင်း ထပ်မံဝယ်ယူပြီး Air KBZ လေကြောင်းလိုင်းနှင့်ပူးပေါင်းကာ ပြည်တွင်းခရီးစဉ်များကို ပျံသန်းမည်
MAI လေကြောင်းလိုင်းမှ ရောက်ရှိလာသည့် Airbus လေယာဉ်တစ်စင်းကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
MAI လေကြောင်းလိုင်းမှ ရောက်ရှိလာသည့် Airbus လေယာဉ်တစ်စင်းကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
Published 30 December 2019
ရွှန်းလဲ့ဝင်း

 

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က Embraer 190 လေယာဉ်သစ်နှစ်စင်းထပ်မံဝယ်ယူပြီး Air KBZ လေကြောင်းလိုင်းနှင့်ပူးပေါင်းကာ ပြည်တွင်းခရီးစဉ်များကို ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ COO ဖြစ်သူ ဦးကျော်ဟန်၏ ပြောကြားချက်အရ သိရသည်။

“၂၀၂၀ ခုနှစ်ထဲမှာ ကျွန်တော်တို့ Air KBZ နဲ့ System Airline ဖြစ်တဲ့ MAI တို့ ပူးပေါင်းပြီးတော့ Embraer 190 လေယာဉ်နှစ်စင်း တင်သွင်းဖို့လုပ်နေပါတယ်။ အဲဒီအတွက် Pilot တွေနဲ့ Crew တွေနဲ့ လိုအပ်တဲ့ Training လုပ်နေပါတယ်။ ၂၀၂၀ ခုနှစ် ဇူလိုင်လောက်မှာ ကျွန်တော်တို့ ပြည်တွင်းခရီးစဉ်တွေကို Air KBZ လေကြောင်းလိုင်း ပျံသန်းနေတဲ့ ခရီးစဉ်တွေကို MAI Domestic Route တွေကို ပျံသန်းသွားဖို့ရှိပါတယ်” ဟု MAI နှင့် Air KBZ လေကြောင်းလိုင်း၏ COO ဖြစ်သူ ဦးကျော်ဟန်က ဒီဇင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင်ပြုလုပ်သော Air KBZ လေကြောင်းလိုင်း၏ ရှစ်နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က ပြည်တွင်းပြည်ပခရီးစဉ်များ ပျံသန်းရန် ထပ်မံဝယ်ယူထားသည့် Air Bus A 319- 100 လေယာဉ်သည် ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် အဆိုပါလေယာဉ်မှာ အမေရိကန်နိုင်ငံ Phinix မြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က ယခုရောက်ရှိလာသည့် လေယာဉ်အပါအဝင် Airbus A A319 လေယာဉ်ငါးစင်းနှင့် A320 တစ်စင်း စုစုပေါင်း Airbus ခြောက်စီးဖြင့် ပြည်ပခရီးစဉ်များကို ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ထပ်မံ၍ လေယာဉ်သစ်များ ဖြည့်တင်းသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

MAI လေကြောင်းလိုင်းအနေဖြင့် လက်ရှိတွင်ရန်ကုန်မှ ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုးနှင့် ကာလကတ္တားခရီးစဉ်များကို Airbus လေယာဉ်ခြောက်စင်းဖြင့် ပြေးဆွဲနေခြင်းဖြစ်သည်။

“MAI လေကြောင်းလိုင်းက ပျံသန်းနေတဲ့ နိုင်ငံတကာခရီးစဉ်တွေမှာ အသုံးပြုနိုင်အောင် Airbus လေယာဉ်တွေကို ထပ်မံဝယ်ယူထားတာဖြစ်ပါတယ်။ အခုရောက်ရှိလာတဲ့ လေယာဉ်နဲ့ လက်ရှိပြေးဆွဲနေတဲ့ ပြည်ပခရီးစဉ်တွေကို အားဖြည့်ပျံသန်းသွားမှာပါဖြစ်ပါတယ်” ဟု MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း Mai သည် ကိုရီးယားလေကြောင်းစျေးကွက်သို့ ဝင်ရောက်ရန် Meebang Air Agencies နှင့် ပူးပေါင်းပြီး ဒီဇင်ဘာ ၅ ရက်တွင် ကိုရီးယားနိုင်ငံသို့ ပုံမှန်ခရီးစဉ်အား တစ်ပတ်လျှင်လေးကြိမ် ပျံသန်းနေခြင်းဖြစ်သည်။။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI သည် လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို အခြေပြုလျက် ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုး၊ ဂါယာနှင့် ကာလကတ္တားသို့ ပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး တရုတ်နိုင်ငံသို့ စင်းလုံးငှား လေကြောင်းခရီးစဉ်များ ပျံသန်းနေခြင်းဖြစ်သည်။

Air KBZ လေကြောင်းလိုင်း၏ ရှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သွားလာရေးခက်ခဲသည့် ကျိုင်းတုံမြို့မှ နိုင်ငံဝန်ထမ်းများအား ရာခိုင်နှုန်း ၅၀ လျှော့စျေးဖြင့်ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

Air KBZ လေကြောင်းလိုင်းသည် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI နှင့် အကျိုးတူပူးပေါင်းပျံသန်းနေပြီး ပြည်တွင်းခရီးစဉ်များထဲမှ သွားလာရေးခက်ခဲသည့် ကျိုင်းတုံမြို့မှ နိုင်ငံဝန်ထမ်းများအား ရာခိုင်နှုန်း ၅၀ လျှော့စျေးဖြင့် လေယာဉ်လက်မှတ်များကို ဒီဇင်ဘာ ၁၅ ရက်တွင် စတင်ရောင်းချပေးနေကြောင်း သိရသည်။          

 

 

Most Read

Most Recent