ICJ တွင် မြန်မာနိုင်ငံ တရားရင်ဆိုင်ရမှုနှင့် လူထုထောက်ခံပွဲများ

ICJ တွင် မြန်မာနိုင်ငံ တရားရင်ဆိုင်ရမှုနှင့် လူထုထောက်ခံပွဲများ
 ဒီဇင်ဘာ ၁၁ ရက်တွင် သည်ဟိတ်မြို့ ICJ တရားရုံး တရားသူကြီးများရှေ့မှောက်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေစဉ် (Photo: AFP)
ဒီဇင်ဘာ ၁၁ ရက်တွင် သည်ဟိတ်မြို့ ICJ တရားရုံး တရားသူကြီးများရှေ့မှောက်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေစဉ် (Photo: AFP)
Published 30 December 2019
ဆန်းမိုးထွန်း

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင် အာဆာအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုပြီးနောက်ပိုင်း ဘင်္ဂါလီများအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံသည် အပြည် ပြည်ဆိုင်ရာတရားရုံး(ICJ) ၌ နိုဝင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့ပြီး နှစ် နိုင်ငံလျှောက်လဲချက်ကြားနာမှုကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တွင် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ကြားနာခဲ့သည်။ ထိုသို့အမှုကြားနာနေစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့်အနေဖြင့် လူပေါင်းသိန်းနှင့်ချီ၍ မြန်မာနိုင်ငံအနှံအပြားတွင် ထောက်ခံဆန္ဒပြပွဲ များပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ပထမဆုံး အကြိမ်တရားစွဲဆိုခံရသည့်အပေါ် သွားရောက်ရင်ဆိုင်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  မြန်မာပြည်သူများက တခဲနက်ထောက်ခံပွဲများ ပြုလုပ်ခဲ့သည့်အတွက် ၂၀၁၉ ခုနှစ် အတွင်း ထင်ရှားသည့်ဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြလိုက်ရပါသည်။

ဘင်္ဂါလီများအပေါ် လူမျိုးတုံးသတ်ဖြတ် သည်ဆိုသော စွပ်စွဲချက်ဖြင့် အစ္စလာမ္မစ် ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသော အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အမှုဖွင့်ရခြင်း၏ အဓိကစွပ်စွဲချက်သည် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်အနေဖြင့် ၁၉၄၈ ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံက ဆိုသည်။

ဂမ်ဘီယာနိုင်ငံသည် အာဖရိကတိုက် အနောက်ပိုင်းတွင် တည်ရှိသည့် နိုင်ငံငယ်လေးဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အပြင် အစ္စလာမ္မစ်ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (OIC) တွင်လည်း အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

 

ICJ ဆိုသည်မှာ

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို ကမ္ဘာ့ခုံရုံး ( World Court) ဟုလည်း ရည်ညွှန်းခေါ်ဆိုသည်။ ကုလသမဂ္ဂ၏ တရားစီရင်ရေးဆိုင်ရာ ပင်မအဖွဲ့အစည်းဖြစ်ပြီး အဓိကလုပ်ငန်း တာဝန်နှစ်ရပ်ကို ဆောင် ရွက်သည်။

ပထမတာဝန်မှာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှုများ ဖြစ်ပေါ်ပါက လက်ခံကြားနာ ဖြေရှင်းပေးရန်ဖြစ်သည်။

ဒုတိယတာဝန်မှာ ကုလသမဂ္ဂအဖွဲ့ အစည်းတစ်ရပ်ရပ်က နိုင်ငံတကာဥပဒေနှင့်ပတ်သက်၍ မည်သို့မည်ပုံ ဆောင်ရွက် သင့်သနည်း၊ ယင်းကဲ့သို့ ဆောင်ရွက်နိုင်ပါသလား အစရှိသဖြင့် ဥပဒေပိုင်းဆိုင်ရာ အကူအညီတောင်းခံမှုများအတွက် အကြံဉာဏ်ပေးရန်ဖြစ်သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာ သဘောတူညီချက်၌ ပါဝင်လက်မှတ်ရေးထိုးထားသည့်နိုင်ငံဖြစ်သော်လည်း သဘောတူစာချုပ်ပါ အချက်များ အတိုင်းဆောင်ရွက်ရန် ပျက်ကွက်သည့်နိုင်ငံအဖြစ် ဂမ်ဘီယာက တရားလိုနိုင်ငံလုပ်ပြီး အမှုဖွင့်ထားခြင်းဖြစ်သည်။

ဂျီနိုဆိုက်ကွန်ဗင်းရှင်းဟု ခေါ်သည့် ယင်းကုလသမဂ္ဂ သဘောတူညီချက်တွင် မြန်မာနိုင်ငံသည် ၁၉၅၆ ခုနှစ်၌ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။ ယင်းသဘောတူညီချက်အရ လူမျိုးတုံးသတ်ဖြတ်မှုဟူသည် နိုင်ငံတကာ ဥပဒေအရ ရာဇဝတ်မှုမြောက်ပြီး မိမိနိုင်ငံ၌ အဖြစ်မခံဘဲ တားဆီးရမည့် တာဝန်ရှိသကဲ့သို့ ဖြစ်လာလျှင်လည်း အရေးယူရမည်ဟု ဆိုထားသည်။

 

အစိုးရ အစီအစဉ် 

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ မြန်မာနိုင်ငံကို တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြန်လည်တုံ့ပြန်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင့်ဆွေနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့က သမ္မတ အိမ်တော်တွင် နိုဝင်ဘာ ၂၃ ရက်က ရှင်းလင်းတင်ပြခဲ့သည်။

ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရှင်းလင်းရာတွင် မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသည့် လူမျိုးစုအပေါ် ဖိနှိပ်ဆက်ဆံမှုများကို ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ခြင်း၊ ယင်းလူမျိုးစု၏ တရားဝင်ရပိုင်ခွင့်များကိုပေးရန် ငြင်းဆန်ခဲ့ခြင်း၊ ၎င်းတို့အပေါ်ဆန့်ကျင်သည့် အမုန်းတရားများကို ၀ါဒဖြန့်ခြင်း၊ ယင်းလူမျိုးစုများကို အစုအဖွဲ့တစ်ခုအဖြစ် ပစ်မှတ်ထားပြီး အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ် မှုများ ကျူးလွန်နေခြင်း၊ နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးများကို ၂၀၁၇ ခုနှစ် သြဂုတ်၂၅ ရက်က ပြန်လည်စတင်ခဲ့ခြင်း၊ ယင်း လူမျိုးစုအပေါ်တွင် လူမျိုးတုံးသတ်ဖြတ်မှု နှင့် ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပွား နေခြင်း စသည့်အကြောင်းများဖြစ်ကြောင်း ပြောကြားသည်။ 

 ထို့ကြောင့် ဂမ်ဘီယာနိုင်ငံ၏တောင်းဆိုချက်များတွင် မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှု၊ ကာကွယ်ခြင်း နှင့် ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်း (လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာကွန်ဗင်းရှင်း ၁၉၄၈) ၏ ပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် ၆ အရ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းများကို ချိုးဖောက်သည့်အတွက် တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်ပြီးတာဝန်ရှိကြောင်း ဆိုသည်။  

ထို့ပြင် ဂမ်ဘီယာနိုင်ငံ၏လျှောက် ထားချက်တွင်  မြန်မာနိုင်ငံသည် ပုဒ်မ(၃)၊ အပိုဒ်ခွဲ(က)အရ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်း ၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ခ)အရ လူမျိုး တုံးသတ်ဖြတ်မှု ကျူးလွန်ရန်လျှို့ဝှက်ကြံ စည်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ဂ) အရ လူမျိုး တုံးသတ်ဖြတ်မှုကျူးလွန်ရန် လှုံ့ဆော်ခြင်း နှင့်စီမံညွှန်ကြားခြင်း၊ ပုဒ်မ(၃)၊ အပိုဒ် ခွဲ(ဃ)အရ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ရန် ကြံစည်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(င)ကို ချိုး ဖောက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင် ကျူးလွန်ခြင်း၊ ပုဒ်မ(၁)အရ လူမျိုးတုံးသတ် ဖြတ်မှုကိုတားမြစ်ရန် ပျက်ကွက်ခြင်း၊ ပုဒ်မ (၁)၊ ပုဒ်မ(၄)နှင့် ပုဒ်မ (၆)အရ လူမျိုးတုံး သတ်ဖြတ်မှုအပေါ်အပြစ်ပေးရန် ပျက်ကွက်  ခြင်း၊ ပုဒ်မ(၅)အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူများ (သို့မဟုတ်) ပုဒ်မ(၃) တွင် ပြဋ္ဌာန်းထားသည့် ပြစ်မှုများကို ကျူးလွန်သူ များအား ထိရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင် ရန် လိုအပ်သည့်ပြဋ္ဌာန်းထားမှုမရှိခြင်းတို့ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားကြောင်း ပြည် ထောင်စုဝန်ကြီးက ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ရှင်းလင်းရာတွင်  ICJ ၌ အမှုကို ဖြေရှင်းရာ၌ အချိန်ကာလကြာမြင့်ခြင်းကြောင့် ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) ကို ရက်တိုအတွင်း ချမှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း ပြောကြားသည်။ ထို့ပြင် ICJ ၏ စာချုပ်အပိုဒ် ၅၃(၁)အရ တစ်ဖက်အမှုသည် နိုင်ငံက တရားရုံးထံ သွားရောက်အမှုမရင်ဆိုင်ခြင်း သို့မဟုတ် အမှုကိုကာကွယ်ချေပခြင်း မရှိပါက တခြားတစ်ဖက်အမှုသည်နိုင်ငံက ၎င်းတို့ကိုအနိုင်ပေးရန် တရားရုံးသို့ တောင်းဆိုနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ရှင်းပြသည်။ 

မြန်မာနိုင်ငံအနေဖြင့် ယင်းအမှုကို ရင် ဆိုင်ဖြေရှင်းသွားရန်အတွက် ကျွမ်းကျင်သည့်ရှေ့နေများ၊ ဥပဒေအကြံပေးများ ငှားရမ်းထားပြီး ICJ ၌ တရားစွဲဆိုခံထားရသည့် အရေးကိစ္စအားလုံးကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသည့်အပြင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကိုလည်း ပူးတွဲကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတရုံးအနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ ကိစ္စများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများထံ ဥပဒေ အကြောင်းအရ အကြံပြုနိုင်ရန်အတွက် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့( Special Unit on International Criminal Justice) ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါနိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို ပြည်ထောင်စုရှေ့ နေချုပ်ရုံးက ဦးဆောင်မည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး နှင့် စစ်ဥပဒေချုပ်ရုံးတို့မှ ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းခဲ့သည်။ 

 

သည်ဟိဂ်မြို့၌ သုံးရက်တာ ပထမနေ့ ဂမ်ဘီယာနိုင်ငံ လျှောက်လဲချက်

မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို ချိုးဖောက်သည်ဟု ဂမ်ဘီယာနိုင်ငံအနေဖြင့် စွပ်စွဲထားပြီး ကြားဖြတ်အစီအမံအမိန့်ချပေးရန် တောင်းဆိုခြင်းကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ဒီဇင်ဘာ ၁၀ ရက်က စတင်ကြားနာ ခဲ့သည်။

ပထမဦးဆုံးအနေဖြင့် ဂမ်ဘီယာအဖွဲ့ ခေါင်းဆောင် အဘူဘာကာတမ်ဘာဒူးက မည်သည့်အတွက်ကြောင့် တရားစွဲဆိုရသည်ကို စတင်ပြောကြားသည်။ ဂမ်ဘီယာနိုင်ငံသည် ကုလသမဂ္ဂ၏ ဂျီနိုဆိုက်ကွန်ဗင်းရှင်းတွင် လက်မှတ်ထိုးထားသည့်အတွက် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) အရေးကိစ္စ၌ မြန်မာဘက်က ဂျီနိုဆိုက်ကွန်ဗင်း ရှင်းကိုလိုက်နာရန် တာဝန်ပျက်ကွက်ခဲ့ခြင်းကြောင့် တရားစွဲရခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် အမေရိကန်ရှေ့နေအဖွဲ့က ရှေ့နေ ပေါလ်ရိုက်ဂနာအပါအဝင် ရှေ့နေရှစ်ဦးခန့်က မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ် ဆက်ရှိနေသည်ဆိုပြီး Provisional Measures ဟုခေါ်သည့် ကြား ဖြတ်စီမံဆောင်ရွက်ချက်များ ထုတ်ပေးနိုင်ရန် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့အစီရင်ခံစာကိုကိုးကား၍ လျှောက်လဲခဲ့သည်။

ဂမ်ဘီယာနိုင်ငံအနေဖြင့်ကဏ္ဍအလိုက် လျှောက်လဲချက်များပေးခဲ့သည်ကို တွေ့ရပြီး  ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်၏ အဖွင့်လျှောက်လဲချက်၊ ဘင်္ဂါလီများလူမျိုး တုံးသတ်ဖြတ်မှုနှင့် ဆက်လက်ရင်ဆိုင်နေရသော စိုးရိမ်ဖွယ်ရာအခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် လူမျိုးတုံးသတ်ဖြတ်ရန် ရည် ရွယ်ချက်ရှိရှိဆောင်ရွက်နေမှု၊ လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် ဘင်္ဂါလီများရင်ဆိုင်နေရသည့် စိုးရိမ်ဖွယ်ရာအခြေအနေ၊ ယင်းအခြေအနေများကြောင့် ကြားဖြတ်တားဆီး မိန့်ထုတ်ပြန်ရန် လိုအပ်ကြောင်း စသည့် အချက်များကို အထောက်အထားများဖြင့် တင် ပြခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြိုဆိုပွဲ ရန်ကုန်မြို့တွင် ပြုလုပ်စဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဒုတိယနေ့ မြန်မာနိုင်ငံ လျှောက်လဲချက်

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဒီဇင်ဘာ ၁၁ ရက်က ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က လျှောက်လဲချက်ကို ကြားနာခဲ့သည်။

မြန်မာနိုင်ငံက လျှောက်လဲချက်ပေးရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် လျှောက်လဲချက်ပေးခဲ့ပြီး မြန်မာ အဖွဲ့ကိုယ်စားပြုရှေ့နေ ပါမောက္ခ ဝီလျံရှား ဘတ်စ်၊ ခရစ္စတိုဖာစတိတ်ကာနှင့် ပါမောက္ခ ဖီဘီအိုကိုဝါတို့က ကဏ္ဍအလိုက် လျှောက်လဲခဲ့ကြသည်။ 

လျှောက်လဲချက်ပေးရာတွင် မြန်မာနိုင်ငံကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်လျှောက်လဲခြင်း၊ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်အနေဖြင့် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိခြင်း၊ ဂမ်ဘီယာနိုင်ငံ၏ လျှောက်လဲချက်ကို လက်ခံစဉ်း စားရန်မသင့်ခြင်းနှင့် ရခိုင်ပြည်နယ်ရှိ အခြေအနေများသည် ကြားဖြတ်တားဆီးမိန့် ထုတ်ပြန်ရန် မလိုခြင်း စသည့်အချက်များကို တင်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ICJ တရားရုံးတွင် ဘင်္ဂါလီမွတ်စလင်များအပေါ် တပ်မတော်စစ်ဆင်ရေး ပြုလုပ်ခဲ့မှုနှင့် ပတ်သတ်၍ ခုခံချေပရာတွင် လူမျိုးတုံးသတ်ဖြတ်ရန် ကြံရွယ်ချက်ရှိသည်ဆိုသည့်အချက်ကို  ငြင်းဆိုလျှောက်လဲခဲ့သည်။ တပ်မတော်အနေဖြင့် အင်အားကို အချိုးအစားမညီမျှစွာ အသုံးပြုခဲ့ခြင်းရှိနိုင်သည်ဟု ဝန်ခံခဲ့သော်လည်း ထိုသို့လုပ်ဆောင်ခြင်းသည် လူနည်းစု အုပ်စုတစ်စုကို အပြတ်ရှင်းရန်  ကြိုးစားခြင်းဖြစ်သည်ဟုဆိုခြင်းအပေါ် သက်သေပြနိုင်ခဲ့ခြင်းမရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။တပ်မတော်သည် ၂၀၁၇ ခုနှစ်တွင် ရာနှင့်ချီသည့် ဘင်္ဂါလီမွတ် စလင်သောင်းကျန်းသူများ၏ တိုက်ခိုက်မှု တစ်ရပ်ကိုတုံ့ပြန်ခြင်းသာဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောကြားသည်။

ထို့ပြင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကြားတွင် အငြင်းပွားမှုများနှင့်ပတ်သက်၍ ဆုံးဖြတ်ပေးရန် ၁၉၄၆ ခုနှစ်က ထူထောင်ခဲ့သည့် တရားရုံးသည် ၁၉၉၀ ပြည့်လွန်နှစ်များက ဘောလ်ကန်စစ်ပွဲအတွင်း အရပ်  သားများအပေါ် အစုလိုက်အပြုံလိုက်ရှင်းလင်းမှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အတည်ပြုပေးခဲ့ခြင်းမရှိကြောင်း  ဒေါ်အောင် ဆန်းစုကြည်က ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံဘက်က ငှားရမ်းထားသည့် ရှေ့နေသုံးဦးကလည်း နိုင်ငံတကာတရားရုံးက ဆုံးဖြတ်ထားပြီးဖြစ်သည့့် ခရိုအေးရှား နှင့် ဆာဘီးယားအမှု၊ ဘော့စနီးယားနှင့် ဆာဘီးယားအမှုများကို ကိုးကားပြီး လူမျိုးတုံး သတ်ဖြတ်မှုဆိုသည့် ရည်ရွယ်ချက် မရှိကြောင်း ထောက်ပြခဲ့သည်။

ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုရေးလုပ်ဆောင်ချက်များသည် ရိုးသားမှုမရှိကြောင်း ကို ဖြစ်စဉ်များနှင့်ပြောခဲ့သည့်အပြင် နောက်ကွယ်၌ OIC အဖွဲ့ ရှိနေပြီး OIC သည် ဂျီနိုဆိုက်ကွန်ဗင်းရှင်း စာချုပ်ဝင်မဟုတ်သည့်အတွက် အမှုကိုလက်မခံသင့်ကြောင်း ချေပခဲ့သည်။ ဂမ်ဘီယာနိုင်ငံက ကြားဖြတ်တားဆီး အမိန့်ထုတ်ပေးရန် လျှောက်ထားခြင်းသည် အကြောင်းအကျိုးမခိုင်လုံကြောင်း ချေပခဲ့ သည့်အပြင် ရခုုိင်ပြည်နယ်၏ လူမှုစီးပွားရေးဆိုင်ရာ အကူအညီများကို နိုင်ငံတကာနှင့် ပူးပေါင်းပြီး လုပ်ဆောင်နေကြောင်းကိုလည်း လျှောက်လဲခဲ့သည်။

 

တတိယနေ့ သို့မဟုတ် နှစ်နိုင်ငံလျှောက်လဲချက်

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဒီဇင်ဘာ ၁၂ ရက်က မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံဘက်က တရားစွဲဆိုထားမှုနှင့်ပတ်သက်ပြီး နှစ်ဖက်အပြီးသတ်လျှောက်လဲချက်ကို ကြားနာခဲ့သည်။

 မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုများ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ကို အထောက်အထား သက်သေများဖြင့် တစ်ချက်ချင်းရှင်းသွားခဲ့ပြီး လူမျိုးတုံး သတ်ဖြတ်မှုအန္တရာယ်သည် မြန်မာနိုင်ငံတွင် ဆက်ရှိနေသည့်အတွက် Provisional Measures ဟုခေါ်သည့် ကြားဖြတ်စီမံ ဆောင်ရွက်ချက်များကို ICJ က အမိန့်ထုတ် ပြန်ပေးရန် ဂမ်ဘီယာဘက်က လျှောက်ထားခဲ့သည်။

မြန်မာဘက်က လျှောက်ထားရာတွင် အချက်နှစ်ချက်ကိုလျှောက်ထားခဲ့ပြီး ဂမ်ဘီယာမှ ရုံးတော်သို့တင်သွင်းထားသည့် အမှုကိစ္စအား ရုံးတော်စာရင်းမှ ပယ်ဖျက်ပေးရန် သို့မဟုတ် ဂမ်ဘီယာမှ တောင်းဆိုသည့် ကြားဖြတ် စီမံဆောင်ရွက်ချက်များအား ပယ်ချပေးရန်တို့ ဖြစ်သည်။

 

လူထုထောက်ခံပွဲများ

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ၏အကျိုးစီးပွားကာကွယ်ရန် သွားရောက်ဖြေရှင်းနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံပွဲများကို ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံးရှိ မြို့ကြီးများ၌ လူဦးရေသိန်းနှင့်ချီလျက် ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သည်။

ICJ ၌ သွားရောက်တရားရင်ဆိုင်နေသည့်ဒေါ်အောင်ဆန်းစုကြည်အား ထောက် ခံကြိုဆိုပွဲကို ဒီဇင်ဘာ ၁၀ ရက်က ရန်ကုန် မြို့  မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံ ရှေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို နိုင်ငံတော်သီ ချင်းဖြင့် စတင်ဖွင့်လှစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်အလံကို အလေးပြု၍ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ၊ ဘဟာအီ ဘာသာ စသည့် ဘာသာကြီး ငါးဘာသာက ပေးပို့သည့် သဝဏ်လွှာများကိုဖတ်ကြားခြင်း နှင့် ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ခဲ့သည်။

ထို့အတူမြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက ICJ ၌ တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ နယ်သာလန်နိုင်ငံသို့ သွားရာက် ရင်ဆိုင်ဖြေရှင်းလျက်ရှိသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ရပ်တည်ကြောင်း ထောက်ခံအင်အားပြခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်က မန္တလေးမြို့၌ပြုလုပ်ရာ အခမ်းအနားသို့ လူအင်အား သုံးသိန်းကျော် တက်ရောက် ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ ဌာနဆိုင်ရာပေါင်းစုံမှ ဝန်ထမ်းအသီးသီး များ၊ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၊ မြို့ခံပြည်သူလူထုများနှင့် တိုင်းရင်းသားများက ချီတက်ထောက်ခံခြင်းကို ပြုလုပ်ခဲ့ကြသည်။

တောင်ကြီးမြို့တွင်လည်း ICJ ၌ နိုင်ငံတော်ကိုယ်စားဦးဆောင်၍ သွားရောက် တရားရင်ဆိုင်နေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို ဒီဇင်ဘာ ၁၀ ရက်က ရှမ်း ပြည်နယ် အစိုးရအဖွဲ့ နှင့် တိုင်းရင်းသားများ အပါအဝင် လူဦးရေ ၃၀၀၀ ကျော်က ပါဝင် ချီတက်လမ်းလျှောက်ခဲ့ကြသည်။

ထို့ပြင် ဇလွန်မြို့၊ နတ်မောက်မြို့၊ ကလေးမြို့၊ မုံရွာမြို့၊ လွိုင်ကော်မြို့၊ ဖောင်းပြင် မြို့၊ ထားဝယ်မြို့၊ ပခုက္ကူမြို့၊ မြိတ်နှင့် ကော့သောင်းမြို့တို့တွင်လည်း ဒီဇင်ဘာ ၁၀ ရက်က ICJ တရားရုံးတွင် တရားရင်ဆိုင်နေ သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲများကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါလူထုထောက်ခံပွဲများကို ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံတွင် ယခင်ကပြုလုပ်ခဲ့ဖူးသည့် ထောက်ခံပွဲများအနက် လူထုထောက်ခံမှု အများဆုံးဖြစ်သည်ကို တွေ့ရှိ ရသည်။

အဘယ်ကြောင့်ဆိုသော် ဘင်္ဂါလီများ အပေါ် လူမျိုးတုံးသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်ဖြင့် အစ္စလာမ္မစ် ၅၇ နိုင်ငံနှင့် ဖွဲ့ စည်းထားသော အစ္စလာမ္မစ်ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာ နိုင်ငံက နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာ နိုင်ငံကို တရားစွဲဆိုသည့်ကိစ္စတွင် အစ္စလာ မ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)က နောက်ကွယ်မှ ကြိုးကိုင်နေခြင်း၊ ဘင်္ဂါလီအရေးတွင် မဟုတ်မမှန်လုပ်ကြံစွပ်စွဲမှုများနှင့် နိုင်ငံတကာက ဖိအားမျိုးစုံပေးနေခြင်း၊ အစိုးရနှင့် တပ်မတော်အပေါ်တွင် နာဇီများနှင့်နှိုင်းယှဉ်၍ပြောဆိုဝေဖန်မှုများ ရှိလာခြင်း စသည့်အကြောင်းအချက်များအပေါ်တွင် လူထုကကန့်ကွက်သည့်အနေဖြင့် ထောက်ခံပွဲများကို တစ်ခဲနက်ကျင်းပလာသည်ဟု ကောက်ချက်ချနိုင်သည်။

အချုပ်အားဖြင့်ဆိုရသော် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုခြင်းတွင် အစ္စလာမ္မစ် ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသော အစ္စလာမ္မစ်ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ဂမ်ဘီယာနိုင်ငံ၏ နောက်တွင်ရှိနေပြီး အစ္စလာ မ္မစ်နိုင်ငံများက ဗုဒ္ဓဘာသာ အများစု နေထိုင်သည့် မြန်မာနိုင်ငံအပေါ် ဖိအားပေး တရားစွဲခြင်းပင်ဖြစ်သည်။

OIC နှင့်အတူ အနောက်အုပ်စုများကလည်း လူမျိုးတုံးသတ်ဖြတ်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်း ဟူသော ခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံကို လိုသလို ပုံဖော်ပြီး ဖိအားပေးနေခြင်းသာ ဖြစ်သည်။ 

ထိုသို့သောအခြေအနေတွင် ပြည်သူ များ က ICJ ၌ တရားသွားရောက်ရင်ဆိုင်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် တစ်ခဲနက် ထောက်ခံခြင်းသည် အစိုးရနှင့် ပြည်သူတစ်သွေးတည်း တစ်သားရှိကြောင်းကို ပြသရာရောက်ပေသည်။

ထို့ကြောင့် ‘အရေးကြီးပြီ သွေးစည်းကြစို့’ ဟူသည့် စကားအတိုင်း ဘင်္ဂါလီအရေးတွင်ကျရာကဏ္ဍမှ တာဝန်ခဲ့ကျေခဲ့ကြသည့် ပြည်သူများ၏ စည်းလုံးညီညွတ်မှုအပေါ် ၂၀၁၉ခုနှစ်အတွင်း ထင်ရှားသည့်ဖြစ်ရပ် တစ်ခုအဖြစ် ဖော်ပြလိုက်ရပါသည်။

Most Read

Most Recent