လူငယ်များ ဘောလုံးကစားခွင့် ပိုမိုရရှိရန် MFF နှင့် ဝန်ကြီးဌာနနှစ်ခု ဆွေးနွေး

လူငယ်များ ဘောလုံးကစားခွင့် ပိုမိုရရှိရန် MFF နှင့် ဝန်ကြီးဌာနနှစ်ခု ဆွေးနွေး
Photos : MFF
Photos : MFF
Published 30 December 2019

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) မှ ရရှိထားသည့် FIFA Football For School Program အကောင်အထည်ဖော်ရန် ဒီဇင်ဘာ ၂၈ ရက်က နိုဗိုတယ်ဟိုတယ်တွင် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့နှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဝန်ကြီးဌာနနှစ်ခုမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။ 

MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် FIFA မှ ရရှိထားသည့် FIFA Football For School Program အကောင်အထည်ဖော်ပြီး အခြေခံပညာ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ များ ဘောလုံးကစားခွင့် ပိုမိုရရှိလာစေရန်  ဝန်ကြီးဌာနနှစ်ခုနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ပြီး အသက် ၆ နှစ် ၊၈ နှစ်အရွယ်ရှိ ကလေးငယ်များအားလုံး ဘောလုံးကစားနိုင်ရန် ဝန် ကြီးဌာနနှစ်ခု၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။  

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အကောင်အထည်ဖော်မည့်  FIFA Football For School Program ကို  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ပါဝင်လာရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်း များတွင် ကာယအချိန်တိုးမြှင့်ရန်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ယူ-၁၂၊ ယူ-၁၃၊ ယူ-၁၄ ပြိုင်ပွဲများတွင် မြို့နယ်တိုင်း ပါဝင်ရန်၊ လူငယ် ဘောလုံးပွဲတော်များ တိုးမြှင့်ကျင်းပနိုင်ရန် အတွက် ဆွေးနွေးခဲ့သည်။ 

MFF အနေဖြင့်လည်း မြို့နယ်ဘောလုံးအဖွဲ့ချုပ်များနှင့်ပူးပေါင်းကာ လူငယ်ပြိုင်ပွဲများကျင်းပမည် ဖြစ်သည်။ 

 

Most Read

Most Recent