မီတာခနှစ်ဆကျော်သုံးဆ တိုးမြှင့်မှုဂယက်နှင့် ကျပ်တည်းလာသော ပြည်သူ့ဘဝများ

မီတာခနှစ်ဆကျော်သုံးဆ တိုးမြှင့်မှုဂယက်နှင့် ကျပ်တည်းလာသော ပြည်သူ့ဘဝများ
သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်ဓာတ်အားပေးရုံးတွင် မီတာခလာရောက်ပေးသွင်းသူများကို ၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက်က တွေ့ရစဉ်(ဓာတ်ပုံ - ကြည်နိုင်)
သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်ဓာတ်အားပေးရုံးတွင် မီတာခလာရောက်ပေးသွင်းသူများကို ၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက်က တွေ့ရစဉ်(ဓာတ်ပုံ - ကြည်နိုင်)
Published 30 December 2019
ဖြိုးဝေ

၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အများပြည်သူ၏ ဆန္ဒသဘောထားမခံယူ၊ မီတာခများတိုးမြှင့်မည့် ပမာဏကို လွှတ်တော်အတွင်း အကျေအလည် တင်ပြဆွေးနွေးမှုမရှိဘဲ ၂၀၁၉ ခု နှစ် ဇူလိုင် ၁ ရက်မှ စတင်ကာ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမည်ဟု ကြေညာလိုက်သည့်ဖြစ်စဉ်သည် စီးပွားရေးလုပ်ငန်းများ ကျပ်တည်းလာမှုကြောင့် စားဝတ်နေရေး ခက်ခဲလာသည့် ပြည်သူများအတွက် ဘက်စုံ ကျပ်တည်းမှုများ ဖြစ်လာစေသည့် အခက်အခဲတစ်ရပ်အဖြစ် ၂၀၁၉ ခုနှစ်၏ စီးပွားရေး ဖြစ်စဉ်များတွင် ဖော်ပြရန် လိုအပ်မည်ဖြစ်သည်။

ဦးသိန်းစိန်လက်ထက်က မီတာခများ တိုးမြှင့်ရန် လွှတ်တော်အတွင်း တင်ပြဆွေးနွေးခဲ့သော်လည်း NLD အစိုးရလက်ထက် ပြည်ထောင်စုလွှတ်တော်တွင်မူ လွှတ်တော် ကိုယ်စားလှယ်များပင် ကြိုတင်သိရှိမှုမရှိဘဲ တိုးမြှင့်သတ်မှတ်လိုက်သည့် မီတာခမှာ အိမ်သုံးအမျိုးအစားကို တစ်ယူနစ်မှ ယူနစ် ၃၀ အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ယူနစ် ၅၀ အထိ ကျပ် ၅၀၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ကျပ် ၇၀၊ ၇၆ ယူနစ်မှ ယူနစ် ၁၀၀ အထိ ကျပ် ၉၀၊ ၁၀၁ ယူနစ်မှ ၁၅၀ အထိ ကျပ် ၁၁၀၊ ၁၅၁ ယူနစ်မှ ၂၀၀ အထိ ၁၂၀ ကျပ်၊ ၂၀၁ ယူနစ် နှင့်အထက် ၁၂၅ ကျပ်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် အိမ်သုံးမဟုတ်သည့် စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံးတစ်ခဲတည်း ၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရ ရုံးဌာနအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန /လုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများဆိုသည့် ခေါင်းစဉ်အောက်တွင် တစ်ယူနစ်မှ ယူနစ် ၅၀၀ အထိ ၁၂၅ ကျပ်၊ ၅၀၁ ယူနစ်မှ ယူနစ် ၅ဝဝဝအထိ ၁၃၅ ကျပ်၊ ၅၀၀၁ ယူနစ်မှ ယူနစ် ၁၀၀၀၀ အထိ ၁၄၅ ကျပ် ၊ ၁၀၀၀၁ ယူနစ်မှ၂၀၀၀၀ အထိ ၁၅၅ ကျပ်၊ ယူနစ် ၂၀၀၀၁ မှ ၅၀၀၀၀ အထိ ၁၆၅ ကျပ်၊ ၅၀၀၀၁ ယူနစ်မှ ၁၀၀၀၀၀ အထိ ၁၇၅ ကျပ်၊ ၁၀၀၀၀၁ ယူနစ်အထက်ကို  ၁၈၀ ကျပ်နှုန်းအထိ တိုးမြှင့်သတ်မှတ်လိုက်သည်။

မီတာခတိုးမြှင့်မှုကြောင့် စက်မှုကဏ္ဍအသီးသီးတွင် ထုတ်ကုန်စရိတ်များ မြင့်တက်ပြီး စားဝတ်နေရေးကျပ်တည်းမှုဖြစ်ကာ စားဝတ်နေရေးကျပ်တည်းလာမည်ကို ပြည်သူလူထုအကြားတွင် စိုးရိမ်မှုများရှိခဲ့သော်လည်း တာဝန်ရှိသူအချို့ကမူ ကုန်စျေးနှုန်းများ မြင့်တက်လာမည် မဟုတ်ဆိုသည့် သဘောနွှယ်သည့် ပြောဆိုမှုများပြုခဲ့သလို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဘက်မှလည်း ပြည်သူများ၏ ၅၄ ရာခိုင်နှုန်းခန့် လျှပ်စစ်မီးမရရှိသည့် အခြေအနေ၊ လျှပ်စစ် ကဏ္ဍအရှုံးအတွက် ကျပ်ဘီလျံ ၆၀၀ ခန့် စိုက်ထုတ်နေရသည့် အခြေအနေများကိုသာ တင်ပြနေပြီး မီတာခတိုးကောက်မှုကြောင့် ပြည်သူများလိုချင်လာသည့် မီးမပျက်ရေး၊ တည်ငြိမ်သည့်လျှပ်စစ်ရရှိရေး၊ အဂတိလိုက်စားမှု စစ်တမ်းအရ လျှပ်စစ်ဌာနသည်  ပြည်သူများက ငွေပေးနေရမှု ရာခိုင်နှုန်း ၇၀ အထိ ရှိနေသောကြောင့် လျှပ်စစ်ဌာနဆိုင်ရာ ဝန်ထမ်းအချို့၏ မသမာမှုများလျော့ကျရေး၊ Technical နှင့် Non Technical issues များ Losses များအပေါ်  တာဝန်ယူမှုတာဝန်ခံမှု ရှိရေးဆိုသည့် အာမခံချက်များ လိုချင်နေသော်ငြား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် အာမခံနိုင်မှု မရှိခဲ့ချေ။

“ မီတာခတိုးကောက်ခြင်းသည် လုပ်ဆောင်သင့်သော အရာဖြစ်သော်လည်း  မီးပျက်တဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံးသော နည်းလမ်းတော့ မဟုတ်ပါဘူး။ မီတာခတွေ စျေးတက်လိုက်လို့ အစိုးရက အရှုံးခံရောင်းပေးနေတာ အတိုင်းအတာတစ်ခုအထိ သက်သာသွားပါလိမ့်မယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အချိန်တိုအတွင်း မီးလင်းဖို့ ၊ ၂၄ နာရီ မီးအမြဲမှန်ဖို့၊ လျှပ်စစ်နဲ့ပတ်သက်တဲ့ မလိုလားအပ်တဲ့ ဘေးအန္တရယ်တွေ လျှော့ချဖို့၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွင်းမှာရှိတဲ့ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ဖို့နဲ့ မီတာခပေးဆောင်မှု အပါအဝင် လျှပ်စစ်မီးကိုဝယ်ယူသုံးစွဲရာမှာ ပြည်သူတွေဘက်က စိတ်ကျေနပ်ဖွယ် စားသုံးသူ ဝန်ဆောင်မှုတွေရဖို့ ဆိုတာတွေကိုတော့ မီတာခ တိုးကောက်တာနဲ့ ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍအတွက် Structural Reform လို့ခေါ်တဲ့ စနစ်တစ်ခုလုံးကို အခြေခံမှစပြီး ပြောင်းလဲရမယ့် ပြုပြင်မှုတွေ လိုပါတယ်။ ဒီအတွက် သုံးစွဲရမဲ့ပေါ်လစီက ပုဂ္ဂလိကပိုင်ပြုခြင်းပါ။ နိုင်ငံတကာ လျှပ်စစ်ကုမ္ပဏီကြီးတွေကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ပြီး ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံဖို့ အားပေးရပါမယ်။ အစိုးရက လျှပ်စစ်ကဏ္ဍကို လက်ဝါးကြီးအုပ်ထားတာကနေ ဖြေလျှော့ပြီး ပုဂ္ဂလိကကို လွှဲဖို့လိုပါပြီ။ ပုဂ္ဂလိကကုမ္ပဏီတွေမပါဘဲ မြန်မာပြည်မှာ မီးမှန်ဖို့ဆိုတာ ဝေးနေဦးမှာပါ” ဟု Oxford တက္ကသိုလ်တွင် ပြည်သူ့ရေးရာမူဝါဒ ဘာသာရပ်နှင့် မဟာတန်းတက်ရောက်နေသည့် ကိုနေယံဦးက သုံးသပ်ပြခဲ့သည်။

နှစ်ဆသုံးဆခန့် တိုးမြှင့်လိုက်သည့် မီတာခ အခြေအနေကြောင့် ချက်ချင်းသက်ရောက်မှု မရှိသေးသော်လည်း ခြောက်လခန့်အတွင်း ကုန်စျေးနှုန်များ ထပ်မံမြင့်တက်လာနိုင်သည်ဟု လုပ်ငန်းရှင်များက ခန့်မှန်းခဲ့ကြသည်။ ထိုသို့ ခန့်မှန်းမှုများအတိုင်းပင် မြန်မာနိုင်ငံ၏  ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၉ ခုနှစ် နှစ်စပိုင်းတွင် ၅ ဒသမ ၂ ရာခိုင်နှုန်းမှ ကိုးလအတွင်း ၈ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သလို စားသောက်ကုန် စျေးနှုန်းများသည်လည်း ကိုးရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

၂၀၁၉ ခုနှစ် သြဂုတ်လအတွက် ထုတ်ပြန်ထားသည့် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၈ ခုနှစ် သြဂုတ်လထက် အစားအစာအုပ်စုတွင် ၉ ဒသမ ၉၈ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု ၆ ဒသမ ၄၃ ရာခိုင်နှုန်း၊ အဝတ်အထည်အုပ်စု ၄ ဒသမ ၈၇ ရာခိုင်နှုန်း၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု ၃၀ ဒသမ ၈၂ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင် စျေးနှုန်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ် အုပ်စု ၇ ဒသမ ၆၃ ရာခိုင်နှုန်း၊ ကျန်းမာရေး အုပ်စု ၈ ဒသမ ၄၁ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးအုပ်စု ၁ ဒသမ ၅၆ ရာခိုင်နှုန်း၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု ၁၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ပညာရေးအုပ်စု ၃ ဒသမ ၉၆ ရာခိုင်နှုန်း၊ ပြင်ပအစားအသောက် အုပ်စု ၄ ဒသမ ၅၈ ရာခိုင်နှုန်း၊ အထွေထွေကုန်ပစ္စည်း အုပ်စု ၁၃ ဒသမ ၅၄ ရာခိုင်နှုန်း၊ အစားအစာမဟုတ်သည့်အုပ်စု ၁၁ ဒသမ ၀၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အဆိုပါအခြေအနေများသည် မီတာခတိုးမြှင့်ပြီးနောက် ပိုမိုကုန်ကျစရိတ် မြင့်တက်လာသည့် ပြည်သူလူထု၏ နေ့စဉ်စားဝတ်နေရေး ကုန်ကျစရိတ်များ ယခင်နှစ်ကထက် နှစ်ရာခိုင်နှုန်းခန့်မှ ရာခိုင်နှုန်း ၃၀ ကျော်အကြား ပိုမိုများပြားလာသည်ဆိုသည့် အခြေအနေ ဖြစ်ပေါ်စေခဲ့သည်။

မီတာခများ ကုန်ကျစရိတ်မမြင့်တက်စေရေး ချွေတာကြမည်ဟု ကြွေးကြော်ကြသော်ငြား မြန်မာနိုင်ငံ၏ မြို့ပြယဉ်ကျေးမှုတွင် လျှပ်စစ်ပစ္စည်းအသုံးအဆောင်များသည် သာမန်ပြည်သူများအတွက် မဖြစ်မနေသုံးစွဲရသည့် ရုပ်ဝတ္ထုဆိုင်ရာပစ္စည်းများဖြစ် လာသကဲ့သို့ မွန်းကျပ်ပိတ်လှောင်နေသည့် တိုက်ခန်းများတွင် ပန်ကာ၊ အဲယားကွန်းများသည်လည်း မဖြစ်မနေဖွင့်လှစ်ရန် လိုအပ်လာသည့် အသုံးအဆောင်များဖြစ်နေခြင်းက လျှပ်စစ်မီးမချွေတာနိုင်မှုနှင့် မီတာခများ ယခင်ထက် သုံးဆခန့် မြင့်တက်လာကာ လစဉ်လတိုင်း မီတာခအတွက် သာမန်မိသားစုတစ်စုပင်လျှင် ကျပ် ၃၀၀၀၀ မှ ၇၀၀၀၀ အကြား ခန့်မှန်းဖယ်ထားရသည့်ဒုက္ခကို ခံစားလာကြရသည်။ အဆိုပါပမာဏသည် လျှပ်စစ်မီးထုတ်လုပ်မှု၏ ထက်ဝက်ခန့်သုံးစွဲသည့် ရန်ကုန်တိုင်းရှိ ပြည်သူအများစု၏ အကျပ်အတည်း ဖြစ်လာရုံသာမက ဝင်ငွေနိမ့်ပါးသည့် မိသားစုများအတွက် လစဉ်ဝင်ငွေ၏ ရာခိုင်နှုန်းအများစုလည်း ဖြစ်လာခဲ့သည်။

အဆိုပါ အခြေအနေများတွင် သာမန်ပြည်သူများထက် ပို၍ဆိုးရွားခဲ့သည်မှာ လှူဒါန်းမှုဖြင့် ရပ်တည်ရသည့် သာသနိကနေရာများ၊ ပရဟိတဂေဟာများ စသည့်နေရာများတွင်ဖြစ်ပြီး ရေလှူဒါန်းမှုပြုနေသည့် စစ်ကိုင်းတောင်ရိုးတွင် မီတာခ ကျပ်သိန်း ၄၀၀ ခန့် လစဉ်ကုန်ကျ၍ အလှူခံလာရသည့် ဖြစ်စဉ်များကိုလည်း ပြည်သူများ ကြားသိလာရပြီးနောက် ထိုသို့ ဘာသာအသီးသီး၏ သာသနိကနေရာများအတွက် မီတာခလျှော့ချပေးစေလိုသည့် ဆန္ဒနှင့် တောင်းဆိုမှုများ ရှိလာခဲ့သော်လည်း မီတာခတိုးမြှင့်ပြီးနောက်တွင် ပထမဆုံးအကြိမ်အဖြစ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မီတာခကောက်ခံသည့် အဖွဲ့အစည်းများက မီတာခကောက်ခံရာ၌ ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၁၃၈၈ ဘီလျံသာ ရနေရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၃၁၁၂ ဘီလျံကျော်အထိ ဝင်ငွေတိုးမြင့်ရရှိလာသည့် တာဝန်ရှိသူများကမူ အဆိုပါအဖွဲ့အစည်းများအပေါ် မီတာခ လျှော့ချမည်ဟု လက်ရှိအချိန်အထိ ပြောဆိုလာမှု မရှိသေးချေ။

ငွေကြေးဖောင်းပွမှု၊ ကုန်စျေးနှုန်း မြင့်တက်မှုများနှင့် ရင်ဆိုင်နေရသော ပြည်သူများအနေဖြင့် ကြိုတင်အသိပေးဆွေးနွေးမှု မရှိခဲ့သော မီတာခတိုးမြှင့်မှုဒဏ်ကို ရင်စည်းခံနေရသော်ငြား အစိုးရအနေဖြင့် ယခင် အစိုးရလက်ထက် ချုပ်ဆိုခဲ့သည့် လျှပ်စစ်မီးဝယ်ယူမှု တစ်ဖက်သတ် သဘောတူစာချုပ်များနှင့် ဝန်ထမ်းအချို့၏ မသမာမှုများကို ဖြေရှင်းနိုင်စွမ်း မရှိသေးချေ။

ထိုသို့ ဖြေရှင်းနိုင်စွမ်းမရှိသေးဘဲ မီတာခများ တိုးမြှင့်ကောက်ခံမှုဂယက်မှာ ပြည်သူများအတွက် ကျပ်တည်းမှုဖြစ်စေခဲ့သည်။ ထို့အပြင် လုပ်ငန်းရှင်များအတွက် ကုန်ထုတ်စရိတ်များ တိုးမြင့်လာစေသကဲ့သို့ လျှပ်စစ်မီး မကြာခဏပြတ်တောက်ခဲ့သည့် သောကကို ခံစားလာရသည့်အပြင် ငွေကြေးဖောင်းပွမှုနှင့် ကုန်စျေးနှုန်းမြင့်တက်လာမှုကြောင့် ၂၀၂၀ ပြည့်နှစ်တွင် အနည်းဆုံးအခကြေးငွေကို လက်ရှိ ကျပ် ၄၈၀၀ မှ ကျပ် ၇၂၀၀ အထိ ခုန်တက်တောင်းဆိုရန် ပြင်ဆင်လာသည့် အလုပ်သမားထုကြောင့် ပြည်သူလူထုအကြားတွင် လုံးချာလည်လိုက်နေသော ကုန်စျေးနှုန်း မြင့်တက်မှုဂယက်က မပြတ်ဖြစ်ပေါ်နေဦးမည်ဖြစ်၍ အဆိုပါအခြေအနေများကို ထိန်းကျောင်းစေနိုင်မည့် အစီအမံများ ရှိစေလိုကြောင်း တင်ပြလိုပါသည်။

 

 

Most Read

Most Recent