မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်သို့ ယခုရက်ပိုင်းအတွင်း ဖရဲကားဝင်ရောက်မှုများနေပြီး တစ်ရက်လျှင် သစ်သီးတင်ယာဉ် အစီးရေ ၄၀၀ ခန့် ဝင်ရောက်

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်သို့ ယခုရက်ပိုင်းအတွင်း ဖရဲကားဝင်ရောက်မှုများနေပြီး တစ်ရက်လျှင် သစ်သီးတင်ယာဉ် အစီးရေ ၄၀၀ ခန့် ဝင်ရောက်
မူဆယ် (၁၀၅) မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်လာသည့် သစ်သီးတင်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)
မူဆယ် (၁၀၅) မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်လာသည့် သစ်သီးတင်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)
Published 29 December 2019
 ထွန်းနေလှိုင် (နောင်ပိန်)

တရုတ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချလျက်ရှိသည့် ဖရဲသီး၊ သခွားသီးတင်ယာဉ်များ ရှမ်းပြည်နယ် (မြောက်ပိုင်း)  မူဆယ် (၁၀၅) မိုင်နယ်စပ် ကုန်သွယ်ရေးဇုန်အတွင်းရှိ သစ်သီးဝလံစျေးကွက်အတွင်းသို့ ဒီဇင်ဘာလအတွင်း တစ်ရက်လျှင် ယာဉ်စီးရေ ၄၀၀ နီးပါးအထိ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) မန္တလေး- လားရှိုး- မူဆယ်ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် နယ်မြေအခြေအနေ တည်ငြိမ်အေးချမ်းလျက်ရှိပြီး လမ်းပန်းဆက်သွယ်မှု အခြေအနေ ပုံမှန်အနေအထားအတိုင်း ရှိနေသောကြောင့် သစ်သီးတင်ယာဉ်များ ပုံမှန် ဝင်ရောက်လျက် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

“ လက်ရှိနယ်မြေ အခြေအနေက ကောင်းမွန်မှုရှိတယ်။ မူဆယ်- လားရှိုး- မန္တလေးပြည်ထောင်စု လမ်းကြောပေါ်မှာလည်း ပစ်တာခတ်တာ ဒီလအတွင်းမရှိဘူး။ သစ်သီးတွေကလည်း ဒီအချိန်လှိုင်လှိုင် စထွက်တော့မယ့်အချိန်ဆိုတော့ နယ်မြေအခြေအနေ တည်ငြိမ်ပါစေလို့ပဲ ဆုတောင်းရတာပေါ့။ ဒါမှ သစ်သီးကားတွေ ပုံမှန်အတိုင်း သယ်ယူရောင်းဝယ်နိုင်မယ်။ ဒါမှသစ်သီးကုန်သည်တွေနဲ့ သစ်သီးဝ လံစိုက်ပျိုးသူတွေ ပျော်နိုင်မှာပေါ့” ဟု မူဆယ်မြို့ (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်တွင် သစ်သီး ဝလံရောင်းဝယ်မှု ပြုလုပ်နေသူ ဦးကိုကြီးက ပြောကြားသည်။

ယခုလအတွင်း မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံကုန်စည် စျေးကွက်အတွင်းသို့ ဖရဲနှင့် သခွားမွှေးတင် ယာဉ်အများအပြား လာရောက်ရောင်းချလျက် ရှိနေကြပြီး စျေးကောင်းရနေကြောင်း သိရသည်။

“ အခုက မြန်မာပြည်အလယ်ပိုင်း ဒေသကထွက်တဲ့ ဖရဲတွေအများအပြားလာပြီး ရောင်းချကြတယ်။ နောက်ပြီး ရန်ကုန်တိုင်းဒေသကြီး ခရမ်း၊ သုံးခွဘက်က ဖရဲတွေလည်းဝင်တယ်။ တချို့က နယူးရီးယားနဲ့ တရုတ်နှစ်သစ်ကူး အချိန်တွေမှာ ရောင်းနိုင်ဖို့ချိန်ပြီး စိုက်ကြတော့ ဖရဲသီးကားတွေ ဒီလပိုင်းကစပြီး ဝင်တော့မယ်။ အခုက ဖရဲသီးကားတွေ တစ်ရက်ကို အစီးရေ ၃၀၀ ဝန်းကျင်လောက်ဝင်တယ်။ သခွားတင်တဲ့ကားက အစီးရေ ၁၀၀ နီးပါးလောက်ဝင်တယ်။ ဖရဲသီးတင်တဲ့ကားက အရင်နှစ်ကဆိုရင် တစ်ရက်ကို အများဆုံးအစီးရေ  ၇၀၀၊ ၈၀၀ လောက်ထိဝင်တယ်။ ဒီလကစပြီး ဖရဲသီးတင်တဲ့ကားတွေ ဒီထက်ပိုဝင်လာတော့မှာပါ” ဟု မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် သစ်သီးဝလံကုန်စည်ဒိုင်မှ ဒေါ်ရီရီခိုင်က ပြောကြားသည်။

ဒီဇင်ဘာလအတွင်း ဖရဲတစ်ကီလိုလျှင် အနိမ့်စျေး ၂ ဒသမ ၅ ယွမ်မှ အမြင့်စျေး ၃  ဒသမ ၅ ယွမ်၊ သခွားမွှေးတစ်ကီလိုလျှင် အနိမ့်စျေး ၃ ဒသမ ၄ ယွမ်မှ အမြင့်စျေး ၄ ဒသမ ၂ ယွမ်ထိ စျေးရှိကြောင်း သိရသည်။

“ တောင်သူတွေ သုံးသပ်ချက်ကတော့ ဒီတစ်နှစ်စျေးမဆိုးဘူးလို့ ပြောကြတယ်။ အသီးစျေးကောင်းတဲ့အချိန် နယ်မြေအခြေအနေလည်း ကောင်းပါစေလို့ ဆုတောင်းရတာပေါ့။ နယ်မြေအခြေအနေ မကောင်းလို့ လမ်းမှာ ကားလမ်းပိတ်တာပဲဖြစ်ဖြစ်၊ အခြေအနေတစ်ခုခုကြောင့် သစ်သီးကားတွေ လမ်းမှာ အချိန်ကြာရင် ထင်ထားတဲ့စျေးတွေ မရကြတော့ဘူးပေါ့။ စျေးနှိမ်ခံရတာတွေရှိတာပေါ့” ဟု ဖရဲသီးတင်ပို့ရောင်းချသူတစ်ဦးက ပြောကြားသည်။

ရာသီဥတုနှင့် နယ်မြေအခြေအနေ တည်ငြိမ်အေးချမ်းပါက မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်စည်သစ်သီးဝလံ စျေးကွက်အတွင်းသို့ နှစ်ကုန်ပိုင်းတွင် ဖရဲသီးတင်ယာဉ်အများအပြား ယခုထက် ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။                    

 

 

Most Read

Most Recent