မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးတွင် အသက်မွေးဝမ်းကျောင်းပညာစနစ်၊ နည်းပညာစနစ် လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးတွင် အသက်မွေးဝမ်းကျောင်းပညာစနစ်၊ နည်းပညာစနစ် လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Photo: Yangon Region Government Facebook
Photo: Yangon Region Government Facebook
Published 28 December 2019
ရှိုင်းလင်းအောင်

မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးတွင် အသက်မွေးဝမ်းကျောင်းပညာစနစ်၊ နည်းပညာစနစ်သည် အလွန်လိုအပ်ကြောင်း နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် လေးထောင့်ကန်ကျေးရွာရှိ မြန်မာနိုင်ငံသားပိုင် ဒဲလ်ကိုလီမိတက်နှင့် ဂျပန်နိုင်ငံ၊ ယိုရှိ အိုကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဖွဲ့စည်း တည်ထောင်သည့် Shin Rai International Vocational Institute ပန္နက်တင် အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ခဲ့ပြီး ယင်းအခမ်းအနားတွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

“ ဒီနေ့မှာကျွန်မတို့ဟာ အသက်မွေးဝမ်းကျောင်းတစ်ကျောင်းကို ပန္နက်ရိုက်တာ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ပညာရေးအတွက် ပန္နက်ရိုက်တာလို့လည်း ပြောလိုပါတယ်။ ဘာလို့ဖြစ်လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာဆိုလို့ရှိရင် အသက်မွေးဝမ်းကျောင်းပညာစနစ်၊ နည်းပညာစနစ်ဟာ အင်မတန်မှ လိုအပ်နေပါတယ်။ ကျွန်မတို့ နိုင်ငံတင်မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာပါ။ တစ်ကမ္ဘာလုံးမှာ အခုဘယ်လိုမြင်လာရလဲဆိုတော့ ပညာသင်တယ်ဆိုတာဟာ တက္ကသိုလ်ဘွဲ့ရ ပတ်သက်မှု မဟုတ်ပါဘူး။ တက္ကသိုလ်ဘွဲ့ရပြီးတော့ အလုပ်မရတဲ့ ကျောင်းသူကျောင်းသားများ၊ လူငယ်များဟာ တစ်ကမ္ဘာလုံးမှာ ရှိနေကြပါတယ်။ ဒါကြောင့်မို့လို့ သင်တဲ့ပညာနဲ့ ရှိနေတဲ့ အလုပ်နဲ့ တိုက်ဆိုင်ပြီးတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာအမြဲတမ်း စဉ်းစားပါတယ်။ နည်းပညာ ဆိုတာက လည်းပညာပါပဲ။ အသက်မွေးဝမ်း ကျောင်းပညာကလည်း ပညာပါပဲ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် ဘဝတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများအား ရင်ဆိုင်နိုင်သော အရည်အချင်းများကို မြှင့်တင်ပေးခြင်းသည် ပညာဖြစ်ကြောင်း၊ ဘဝတွင်ရင်ဆိုင်ရမည့် အခက်အခဲများကို မရင်ဆိုင်နိုင်ပါက သင်ထားသော ပညာများက စာအုပ်ထဲတွင်သာရှိနေ၍ ဘဝအတွက် အကျိုးမဖြစ်ကြောင်းနှင့် ပတ်ဝန်းကျင်ကိုလည်း အကျိုးမဖြစ်ကြောင်း၊ ထို့ကြောင့် အသက်မွေးဝမ်းကျောင်းစနစ်၊ နည်းပညာသင်ကြားသောစနစ်များကို အားပေးနေခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ အတိုးတက်ဆုံး၊ အဖွံ့ဖြိုးဆုံးနိုင်ငံအချို့တွင် ပညာရေးစနစ်နှင့် အသက်မွေးဝမ်းကျောင်းစနစ် နှစ်ခုစလုံးသည် ယှဉ်ပြိုင်၍သွားနေကြောင်း၊ မည်သည့်ဟာက ပိုမြင့်သည်၊ မည်သည့်ဟာက ပိုနိမ့်သည်ဟု ပြော၍မရကြောင်း  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Shin Rai International Vocational Institute ပန္နက်တင် အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ဇနီး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန်ဦးမောင်မောင်စိုး၊  ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ မြန်မာနိုင်ငံဆိုင်ရာဂျပန် သံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ချယ်ရီပင်များအား အမှတ်တရသစ်ပင်အဖြစ် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

Shin Rai International Vocational Institute သည် အစိုးရမဟုတ်သော စီးပွားရေးနှင့် ပတ်သက်သော ပုဂ္ဂလိကကျောင်းဖြစ်ပြီး ပြည်တွင်းပြည်ပ ပညာရှင်များ ပူးပေါင်းသင်ကြားရာတွင် ပြည်တွင်းနှင့် နိုင်ငံတကာ သင်ရိုးများအတိုင်း သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent