ဆိုဗီယက်-အာဖဂန်စစ်ပွဲ၏ အကျိုးဆက်များ

ဆိုဗီယက်-အာဖဂန်စစ်ပွဲ၏ အကျိုးဆက်များ
Photo: AFP
Photo: AFP
Published 28 December 2019
မြတ်သစ်

ကဘူးလ်မြို့ မြောက်ပိုင်းရှိ တောင်တန်းများပေါ်မှ နေအိမ်ထဲတွင် မူဂျာဟီဒင် လက်နက်ကိုင်တစ်ဦးဖြစ်ခဲ့ဖူးသော ရှားဆူလေမန်သည် ဒဏ်ရာရထားသည့် မျက်လုံးကို မှိတ်ထားရင်း လက်ဖက်ရည်ကြမ်း သောက်လျက်ရှိ၏။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က အာဖဂန်နစ္စတန်နိုင်ငံထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့သော ဆိုဗီယက်တပ်များကို လက်နက်ကိုင်ပြီး တိုက်ခိုက်ခဲ့မှုများကို ပြန်ပြောင်းစဉ်းစားနေသည်။

“ ကျွန်တော်တို့ ဆိုဗီယက်တပ်တွေကို လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြတာက တောက်ပတဲ့ အနာဂတ်ကို မျှော်လင့်ပြီး တိုက်ပွဲဝင်ခဲ့ကြတာဖြစ်တယ်” ဟု ရှားဆူလေမန်က ပြောကြားလိုက်သည်။ အသက် ၆၂ နှစ် ရှိပြီဖြစ်သော ဆူလေမန် မိုင်းနင်းမိသဖြင့် ခြေထောက်တစ်ဖက် ဒဏ်ရာရသလို မျက်လုံးတစ်ဖက်လည်း ကွယ်သွားခဲ့သည်။ ထိုဖြစ်ရပ်မှာ ၁၉၉၅ ခုနှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ ကံမကောင်းဘူး။ အခြေအနေက အကောင်းဘက်မရောက်ဘဲ ပိုဆိုးလာခဲ့တယ်” ဟု ဆူလေမန်က ပြောသည်။

ယခုဆိုလျှင် အာဖဂန်နစ္စတန်နိုင်ငံထဲသို့ ဆိုဗီယက်တပ်တွေ ကျူးကျော်ဝင်ရောက်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ ပြည့်ခဲ့ပြီ။ ဆိုဗီယက် တပ်ဖွဲ့ဝင်များနှင့် အာဖဂန်နစ္စတန်နိုင်ငံမှ လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် အာဖဂန်နစ္စတန်ပြည်သူ နှစ်သန်းခန့် အသက်ဆုံးရှုံးခဲ့ရသည်။ အာဖဂန်နစ္စတန် ပြည်သူ ခုနစ်သန်းခန့် အိုးမဲ့အိမ်မဲ့ဘဝ ရောက်ခဲ့ကြရသည်။ ကျူးကျော်သူ ဆိုဗီယက်တပ်ဖွဲ့ဝင် ၁၄၀၀၀ ခန့် အသက် သေဆုံးခဲ့ရသည်။

ဆိုဗီယက်တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆင်နွှဲခဲ့ကြခြင်း၏ ရလဒ်မှာ အာဖဂန်ပြည်သူများ၏ ဘဝမှာ များစွာထိခိုက်နစ်နာမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ကျူးကျော်မှုများကြောင့်  အာဖဂန်နစ္စတန်နိုင်ငံသည် ပျက်စီးမှုများ ကြုံရသည်။ ဆူလေမန်သည် တပ်ဖွဲ့ဝင် ၁၂ ဦးပါသော တပ်ဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်သည်။ ကဘူးလ်မြို့ မြောက်ပိုင်းရှိ Panjshir တောင်ကြားတွင် မူဂျာဟီဒင်တပ်ဖွဲ့များသည် ကျူးကျော်သူ ဆိုဗီယက်တပ်များကို ရွပ်ရွပ်ချွံချွံ ခုခံသော အရပ်ဒေသဖြစ်သည်။

ဆယ်စုနှစ်တစ်ခုစာ ကြာမြင့်သော စစ်ပွဲသည် ၁၉၈၉ ခုနှစ်တွင် နိဂုံးချုပ်သွားခဲ့သည်။ စစ်ပွဲပြီးသွားသည့်အချိန်တွင် ဆူလေမန် နည်းတူ အာဖဂန်စစ်ပြန် ဘကီးမားသည်လည်းကောင်း၊ ဆိုဗီယက်တပ်ဖွဲ့တွင် ပါဝင်ခဲ့သော ဆိုဗီယက်ပြန်များသည်လည်းကောင်း၊ အာဖဂန်စစ်ပွဲနှင့် ပတ်သက်၍ ကိုယ်ရောစိတ်ပါ ထိခိုက်မှုများနှင့် ရင်ဆိုင်ကြရသည်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများက ခန္ဓာကိုယ် ဒဏ်ရာများထက် ပို၍ကြီးမားနေကြသည်။ အာဖဂန်စစ်ပွဲတွင် ကျူးကျော်သူ ဆိုဗီယက်များ ရှုံးနိမ့်ခဲ့ကြပြီး အာဖဂန်ပြည်သူများနှင့် မူဂျာဟီဒင်လက်နက်ကိုင် တပ်ဖွဲ့များ အောင်ပွဲခံခဲ့ကြသည်။ အာဖဂန်ပြည်သူများသည် ဆိုဗီယက်တပ်ဖွဲ့များကို အနိုင်တိုက်နိုင်ခဲ့ကြပေမယ့် အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည်ထူထောင်ရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။

နိုင်ငံက ဆင်းရဲနေဆဲဖြစ်သည်။ ပြည်သူလူထု၏ ဘဝကလည်း သိသိသာသာ ပြောင်းလဲမှုမရှိသေး။ ထို့ပြင် လက်နက်ကိုင် တိုက်ပွဲများကလည်း ဆက်လက်ရှိနေဆဲ။ အာဖဂန် နစ္စတန်နိုင်ငံတွင် သွေးထွက်သံယိုမှုများ ဆက်လက်ဖြစ်ပွားနေရခြင်းမှာ တာလီဘန်တို့ကြောင့် ဖြစ်ရကြောင်း ဆူလေမန်ကဲ့သို့သော စစ်ပြန်များက ဝေဖန်ကြသည်။ လက်နက်ကိုင် တိုက်ပွဲများသည် ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များ ပျက်စီးနေဆဲဖြစ်သည်။

ရုရှားနိုင်ငံတွင်လည်း ယခင်က ဆိုဗီယက်စစ်ပြန်များသည် ပြည်သူလူထု၏ ဝေဖန်ပြစ်တင်မှုများ ခံနေရသည်။ ဆိုဗီယက်တပ်ဖွဲ့များအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံကို ဝင်ရောက်ကျူးကျော် တိုက်ခိုက်မှုမှာ မှားယွင်းကြောင်း ဆိုဗီယက်တပ်များ ကျူးကျော်မှုကြောင့် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲမှုသည် နှောင့်နှေးခဲ့ရကြောင်းဆိုသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ သို့သော် ကျူးကျော်စစ်ပွဲတွင် ပါဝင်ခဲ့သော ဆိုဗီယက် တပ်ဖွဲ့ဝင်ဟောင်းများကတော့ ကျူးကျော် စစ်ပွဲဆင်နွှဲခဲ့သည်ဆိုသော အချက်ကို ဝန်မခံကြသေး။

“ ကျွန်တော်တို့ဟာ နိုင်ငံတောင်ပိုင်းရှိ နယ်စပ်တွေကို ကာကွယ်စောင့်ရှောက်ခဲ့ကြတာ ဖြစ်တယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ ဆိုဗီယက်တပ်ဖွဲ့တွေ ရှိနေခဲ့တာဟာ အရေးပါတယ်” ဟု အသက် ၅၂ နှစ်အရွယ်ရှိ အာဖဂန် စစ်ပြန်ဆိုဗီယက်တပ်သား အီလီယော့စ်ဒါတူဒီက ပြောကြားခဲ့သည်။ သူက ဆိုဗီယက် ထောက်လှမ်းရေးဟောင်းတစ်ဦး ဖြစ်သည်။ အာဖဂန်နစ္စတန်တောင်ပိုင်း အီရက်မြို့တွင် မိုင်းထိမှန်ပြီး ခြေတစ်ဖက်ပြတ်ခဲ့သူ ဖြစ်သည်။ နိုင်ငံကြီးတစ်နိုင်ငံဖြစ်သော ရုရှားနိုင်ငံအနေဖြင့် အိမ်နီးချင်းဒေသများတွင် ဖြစ်ပျက်နေသည့် ကိစ္စများ ဝင်ရောက်ထိန်းချုပ်ရန် တာဝန်ရှိကြောင်း အီလီယော့စ်က ပြောကြားလိုက်သည်။ သူက ဆိုဗီယက်ပြည်ထောင်စုခေတ်က အတွေးအခေါ်တွေကို ဆက်လက်ကျင့်သုံးရန် လိုလားနေသည့်ပုံစံ ဖြစ်သည်။

၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ဆိုဗီယက်ခေါင်းဆောင်များက ဆိုဗီယက်လိုလားသော အာဖဂန်နစ္စတန်အစိုးရကို ထောက်ပံ့ဖို့အတွက် ဆိုဗီယက်စစ်တပ် စေလွှတ်ရန် အမိန့်ပေးလိုက်သည်။ အာဖဂန်နစ္စတန်အစိုးရကို အမျိုးသားရေးဝါဒီ အစ္စလာမ္မစ်လက်နက်ကိုင်တပ်ဖွဲ့များက လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲပြီး ကွန်မြူနစ် အယူအဆထောက်ခံသော အာဖဂန်နစ္စတန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ ဆိုဗီယက် အစိုးရက အာဖဂန်နစ္စတန်နိုင်ငံတွင်းသို့ ဆိုဗီယက်တပ်ဖွဲ့ဝင် ခြောက်သိန်းခန့်စေလွှတ်ခဲ့သည်။ စစ်အေးခေတ်ကာလတိုက်ပွဲ ပြင်းထန်နေချိန်တွင် ဆိုဗီယက်တို့က မိမိတို့၏ သြဇာအာဏာချဲ့ထွင်ရေးအတွက် အာဖဂန် နစ္စတန်နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်လိုက်သည်။ အမေရိကန်ပြည်ထောင်စုက အာဖဂန်နစ္စတန်အစိုးရကို လက်နက်ကိုင် တိုက်ပွဲဆင်နွှဲနေကြသော အစ္စလာမ္မစ်မူဂျာ ဟီဒင်တပ်ဖွဲ့များနှင့် ဘင်လာဒင်တပ်ဖွဲ့များကို လက်နက်များ အထောက်အပံ့ပေးလျက် ရှိသည်။

အမေရိကန်နှင့် ဆိုဗီယက်တို့ ပါဝင်လာခြင်းကြောင့် အာဖဂန်နစ္စတန်စစ်ပွဲမှာ ပို၍ ပြင်းထန်လာသည်။ ဆိုဗီယက်တို့က အာဖဂန် နစ္စတန်ကို ဝင်ရောက်ကျူးကျော်ခြင်းမှာ အာဖဂန်နစ္စတန်တွင် အစ္စလာမ္မစ်ဝါဒ ခေါင်းထောင်ထလာမှုကို တားဆီးရန်ဖြစ်သည်။ ထို့ပြင် ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံအများစုကလည်း အစ္စလာမ္မစ်ဘာသာဝင်တွေ အမြောက်အမြားရှိနေရာ ယင်းနိုင်ငံများတွင် အစ္စလာမ္မစ်ဝါဒ ခေါင်းထောင်လာမည်ကို စိုးရိမ်ပြီး အာဖဂန်နစ္စတန်ကို ဝင်ရောက်ကျူးကျော်လိုက်ခြင်း ဖြစ်သည်။

ကျူးကျော်ခံရသော အာဖဂန်နစ္စတန် ပြည်သူ ဆူလေမန်ကတော့ မိမိတို့ ဆင်နွှဲသော စစ်ပွဲသည် ကျူးကျော်မှုကို ခုခံသော စစ်ပွဲ တရားသောစစ်ပွဲဟု ခံယူထားသည်။ ကျူးကျော်သူ ဆိုဗီယက် စစ်သားတစ်ဦးဖြစ်သူ အသက် ၅၈ နှစ်အရွယ်ရှိ ဗလာဒီမာဖီရှဗစ်ဘက်ကတော့ ကျူးကျော်စစ်ပွဲသည် မှန်ကန်ကြောင်း ပြောကြားသည်။ သူက ထောက်လှမ်းရေးတာဝန်ဖြင့် အာဖဂန်နစ္စတန်တွင် ဆယ့်ခြောက်လကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

“ စစ်ပွဲဟာ ကျွန်တော်တို့အတွက် အကောင်းဆုံး စာသင်ကျောင်းပဲ ဖြစ်တယ်။ အမြန်ဆုံး ဆုံးဖြတ်ချက်တွေချပြီး အကောင်းဆုံး ဖြေရှင်းမှုတွေ ပြနိုင်တယ်” ဟု ဗလာဒီမာက ပြောကြားသည်။ ၁၉၈၇ ခုနှစ်တွင် ခို့စ် ခရိုင်၌ ဗုံးကျည်ထိမှန်ပြီး သူ့မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံတွင်းသို့ ဆိုဗီယက်တပ်ဖွဲ့ဝင်များ ဝင်ရောက်ခြင်းကို ၁၉၈၉ ခုနှစ် နောက်ပိုင်းတွင် ပြစ်တင်ရှုတ်ချမှုများ ပြုလုပ်ခဲ့ပေမယ့် ခေတ်ကောင်းကို တွယ်ဖက်ထားသော ရုရှားပါလီမန် ကာကွယ်ရေးကော်မတီအား ဖိအားပေးခဲ့ခြင်းကြောင့် ဆိုဗီယက်တပ်ဖွဲ့များ အာဖဂန် နစ္စတန်နိုင်ငံထဲ ကျူးကျော်ခဲ့မှုအစား၊ အကြမ်းဖက်သမားများနှင့် အစွန်းရောက်အဖွဲ့များ၏ အန္တရာယ်ကာကွယ်ရန်အတွက် စေလွှတ်ရခြင်းဖြစ်ကြောင်း ပါလီမန်တွင် အဆိုပြုချက်တစ်ရပ် တင်သွင်းခဲ့သည်။ အာဖဂန်နစ္စတန်၏ အခြေအနေသည် ဆိုဗီယက်ပြည်ထောင်စု၏ လုံခြုံမှုကို ခြိမ်းခြောက်နေသဖြင့် ဆိုဗီယက်စစ်တပ်များ စေလွှတ်ရခြင်းဖြစ်ကြောင်း ဆိုဗီယက်အာဏာပိုင်တွေက အကြောင်းပြခဲ့ကြသည်။

ကဘူးလ်မြို့တွင်းသို့ ဆိုဗီယက်တပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ဆီဒစ်ရာဆူလ်ဇိုင်လ်မှာ ဆယ်ကျော်သက်မျှသာ ရှိသေးသည်။ ဆိုဗီယက်စစ်သားတွေ ဘာကြောင့် ရောက်လာသလဲဆိုတာ သူနားမလည်ပေ။

“ စစ်ပွဲဖြစ်နေပြီဆိုတာ ကျွန်တော် မသိဘူး။ ပါလက်စတိုင်းမှာ ဖြစ်သလိုမျိုး ဖြစ်နေတာလို့ ကျွန်တော့်မိဘတွေက ပြောပြတယ်။ ကျွန်တော်တို့ဆီမှာ ပါလက်စတိုင်းမှာ ဖြစ်သလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကြာက ဖြစ်တဲ့ ဖြစ်ရပ်တွေပါပဲ” ဟု ဆီဒစ်က ပြောပြသည်။

ဆိုဗီယက်တပ်တွေ ဝင်ရောက်လာပြီးသည့်နောက် လမ်းတွေကောင်းလာသည်။ လျှပ်စစ်ကား ပြေးဆွဲလာသည်။

“ ကျွန်တော် ကွန်မြူနစ်တွေကို သဘောကျတယ်။ သူတို့က ပညာတတ်တွေ၊ မူဂျာဟီဒင်တွေ မဟုတ်ဘူး” ဟု ဆီဒစ်က ပြောသည်။

ယနေ့တွင်မူ ဆိုဗီယက်-အာဖဂန် နစ္စတန်တို့၏ စစ်ပွဲလက်ကျန် တင့်ကားပျက်တွေ၊ ရဟတ်ယာဉ်ပျက်တွေကို တွေ့မြင်နိုင်သေးသည်။ ထို့ပြင် ကဘူးလ်နှင့် မာဇာ-အိုင်- ရှာရစ်ဖ်မြို့တွင် ဆိုဗီယက်တို့ ဆောက်လုပ်ခဲ့သော အဆောက်အအုံကြီးတွေ တွေ့မြင်နိုင်သည်။

၁၉၈၉ ခုနှစ် ဖေဖော်ဝါရီတွင် ဆိုဗီယက်တပ်တွေ အာဖဂန်နစ္စတန်မှ ထွက်ခွာသွားသည်။ အာဖဂန် နစ္စတန်အစိုးရသည် တိုင်းပြည်တည်ငြိမ်အောင် မစွမ်းဆောင်နိုင်။ ၁၉၉၀ နှစ်လယ်တွင် တာလီဘန်တွေ ခေါင်းထောင်လာသည်။ ဆီဒစ်လည်း ၂၀၁၅ ခုနှစ် တွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည်။ သူက ဒေလီမြို့သစ်တွင် ဆိုင်လေးတစ်ဆိုင် ဖွင့်ထားသည်။ သူက အာဖဂန် နစ္စတန်နိုင်ငံကို သံယောဇဉ်မကုန်သေး။ တိုင်းပြည်အေးချမ်းမှုမရှိဘဲ ပြည်တွင်းစစ်ဖြစ်သွားမှာကို စိုးရိမ်လျက်ရှိသည်။ အိန္ဒိယတွင် နေထိုင်ရသည်မှာ ဘဝလုံခြုံမှုရှိပေမယ့် စားသောက်ရေးမှာ အဆင်မပြေကြောင်း ညည်းထွားလျက်ရှိသည်။

 

Most Read

Most Recent