ဦးရဲသိန်း သေဆုံးမှုသည် တရားဥပဒေ စိုးမိုးရေး၊ ပြည်သ ူလုံခြုံရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မလိုလားသည့် အဖွဲ့အစည်းများ ရှိနေကြောင်း ထင်ရှားစေသည်ဟု NLD ပါတီ ထုတ်ပြန်

ဦးရဲသိန်း သေဆုံးမှုသည် တရားဥပဒေ စိုးမိုးရေး၊ ပြည်သ ူလုံခြုံရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မလိုလားသည့် အဖွဲ့အစည်းများ ရှိနေကြောင်း ထင်ရှားစေသည်ဟု NLD ပါတီ ထုတ်ပြန်
Published 28 December 2019
ဉာဏ်လင်းထွန်း

AA လက်နက်ကိုင် အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးကြောင်း ကြားသိရသဖြင့် မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်းနှင့် အပြစ်မဲ့ပြည်သူများအား လက် နက်အားကိုးဖြင့် အကြမ်းဖက်သည့် လုပ်ရပ်မှန်သမျှအား ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ဦးရဲသိန်း သေဆုံးမှုသည် နိုင်ငံရေး ပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့်ဖြေရှင်း၍မရကြောင်း သက်သေပြနေသည့်အပြင် တရားဥပဒေစိုးမိုးရေး၊ ပြည်သူလုံခြုံရေးနှင့် အမျိုးသားလုံခြုံရေးကို မလိုလားသည့် အဖွဲ့ အစည်းများရှိနေကြောင်း ထင်ရှားစေသည်ဟု NLD ပါတီကြေညာချက်တွင် ဖော်ပြထားသည်။

“ဦးရဲသိန်း သေဆုံးမှုဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အနှောင့်အယှက်ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ ရှုမြင်ပါတယ်”ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

အကြမ်းဖက်နည်းလမ်းဖြင့် နိုင်ငံရေး ပြဿနာကို ဖြေရှင်းသည့်အစဉ်အလာ မြန်မာ့ နိုင်ငံရေးလောကတွင် ပျောက်ကွယ်သွားရန် တိုင်းရင်းသားပြည်သူများနှင့် အစွမ်းကုန် လက်တွဲကြိုးပမ်းမည်ဟုလည်း ပါတီထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်တွင် ကျင်းပသည့် NLD ပါတီ ဗဟိုအ လုပ်အမှုဆောင်အစည်းအဝေးအပြီး ပါတီပြောရေးဆိုရှိခွင့်သူ ဒေါက်တာမျိုးညွန့်က ဦးရဲသိန်း သေဆုံးမှုအပေါ် အတည်ပြုနိုင်ရေး ဆောင်ရွက်နေပြီး သေဆုံးကြောင်း မှန်ကန်ပါက ပါတီ၏သဘောထားကို ထုတ်ပြန်ကြေ ညာသွားမည်ဟု ပြောကြားခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခြင်းဖြစ် သည်။

ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းသည် ICJ တရားရုံးတွင် တရားရင် ဆိုင်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲကို မြို့နယ်အတွင်းပြုလုပ်ရန် ဦးဆောင်စီစဉ်နေစဉ် ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် စတင်ပျောက်ဆုံးခဲ့သည်။

ဦးရဲသိန်း ပျောက်ဆုံးမှုအပြီး တစ်ရက်အကြာ ဒီဇင်ဘာ ၁၃ ရက်တွင် AA အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ခံပွဲပြုလုပ်မည်ကို နှစ်သက်ခြင်းမရှိ၍ ဦးရဲသိန်းကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

ဦးရဲသိန်း ဖမ်းဆီးခံရပြီး ၁၅ ရက်အကြာ  ဒီဇင်ဘာ ၂၅ ရက်တွင် AA အဖွဲ့က ဦးရဲသိန်း သည် တပ်မတော်မှ ပစ်ခတ်သည့် လက်နက် ကြီးကျည် ထိမှန်မှုကြောင့် သေဆုံးသွား ကြောင်း ထုတ်ပြန်သည်။

AA အဖွဲ့က ဒီဇင်ဘာ ၂၅ ရက် နံနက်တွင် တပ်မတော်သည် ဘူးသီးတောင်မြို့နယ် အုတ်တောင်ရွာ အရှေ့ဘက် သုံးကီလိုမီတာ ခန့်အကွာရှိ ပွိုင့် ၄၂၈ တောင်ကုန်းသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ဖမ်းဆီးထိန်းသိမ်းထားသူအချို့ သေဆုံး၊ ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် ဦးရဲသိန်း ပါဝင်ခဲ့ပြီး တပ်ဖွဲ့ဝင် အချို့ ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဦးရဲသိန်း သေဆုံးမှုသည် တပ်မတော်၏ လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် မဟုတ် ဘဲ AA အဖွဲ့ စတင်ဖမ်းဆီးစဉ်ကတည်းက နှိပ်စက်သတ်ဖြတ်ခံရပြီးဖြစ်သည်ဟု ဒေသခံများထံမှ သိရှိထားသည်ဟု ပြန်လည်တုံ့ပြန်သည်။

AA အဖွဲ့ ဖမ်းဆီး ထိန်းသိမ်းထားသူများတွင် NLD ပါတီဝင်နှစ်ဦးရှိပြီး တစ်ဦးမှာ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဖြစ်ပြီး တစ်ဦးမှာ ယခု သေဆုံးကြောင်း ထုတ်ပြန်သည့် ဘူးသီးတောင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးရဲသိန်းဖြစ်သည်။

         

 

Most Read

Most Recent