နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုပေးရန်နှင့် ပြန်လည်ကုစားရေးဥပဒေ ပြဋ္ဌာန်းပေးရန် နိုင်/ကျဉ်းဟောင်းများ တောင်းဆို

နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုပေးရန်နှင့် ပြန်လည်ကုစားရေးဥပဒေ ပြဋ္ဌာန်းပေးရန် နိုင်/ကျဉ်းဟောင်းများ တောင်းဆို
Published 26 December 2019
ဉာဏ်လင်းထွန်း

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရှိရေးတို့အတွက် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်သတ်မှတ်ဖွင့်ဆိုပေးရန်နှင့် ပြန်လည်ကုစားရေး ဥပဒေပြဋ္ဌာန်း၍ လူ့အခွင့် အရေးချိုးဖောက်ခံခဲ့ရသူများအား ကုစားပေးရန် နိုင်ငံရေးအကျဉ်းသားဟောင်းများက တောင်းဆိုသည်။

ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ၀ိမုတ္တိအမျိုးသမီးအဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် “ကျွန်တော်တို့အတွက် တရားမျှတမှုက ဘယ်မှာလဲ” ခေါင်းစဉ်ဖြင့် စကားဝိုင်းတွင် ဦးဆောင်စီစဉ်သူများနှင့် ပါဝင်ဆွေးနွေးသူများက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

အာဏာရှင်အစိုးရအဆက်ဆက် မတရားကျူးလွန်ခံခဲ့ရသည့် ပြည်သူများနှင့် နိုင်ငံ ရေးအကျဉ်းသားဟောင်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် တောင်းပန်ခြင်း၊ ထိုက်သင့်သည့် လျော်ကြေးများ ပေးအပ်ခြင်းတို့ အပါအဝင် ပြန်လည်ကုစားရေး၊ ပြန်လည်ထူထောင်ရေးတို့ကို ဥပဒေတစ်ရပ် ပြဋ္ဌာန်း ဆောင်ရွက်ပေးရန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က စကားဝိုင်း ဆွေးနွေးပွဲတွင် တောင်းဆိုသည်။

“စကားချပ်အနေနဲ့ အခုချိန်အထိ အသစ်သစ်သော နစ်နာသူတွေ မြောက်မြား စွာ ရှိနေတယ်ဆိုတာကို အထူးသတိချပ်စေ ချင်ပါတယ်” ၎င်းက ပြောကြားသည်။

စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများက ၎င်းတို့၏ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ဖမ်းဆီး ထိန်းသိမ်းခံရစဉ် ညှင်းပန်းခံရမှုများ၊ ထောင်တွင်းနေထိုင်မှု အတွေ့အကြုံများကို ပြန်လည် ပြောကြားခဲ့ကြသည်။

ထိုကဲ့သို့ ဖြစ်ရပ်ဆိုးများ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ထပ်မံမဖြစ်ပွားစေရန် တားဆီးကာကွယ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် စကားဝိုင်းဆွေနွေးပွဲ ကျင်းပခြင်းဖြစ်သည်ဟု ဦးဆောင်စီစဉ်သူများက ဆိုသည်။

ယခုကဲ့သို့ အသွင်ကူးပြောင်းရေးကာလ တွင် စစ်မှန်သည့် အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော်လိုပါက နိုင်ငံရေး အကျဉ်းသားအဓိပ္ပာယ်နှင့် ပြန်လည်ကုစားရေးဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းပေးရန် လိုအပ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးမျိုးမြင့်က ပြောကြားသည်။

“ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အစိုးရ အဖွဲ့ဝင်တွေကိုယ်တိုင်က ကိုယ်တွေနဲ့တစ်ချိန် က အတူလုပ်ခဲ့တဲ့သူတွေ သူတို့တောင် အသိ အမှတ်မပြုရင် ကျူးလွန်တဲ့သူက မတောင်း ပန်တာ သိပ်ပြီးတော့ ဆန်းကြယ်တဲ့ကိစ္စ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

နိုင်ငံအတွင်း လက်ရှိကျင့်သုံးနေသည့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၃ အရ နစ်နာသူများကို ပြန်လည်ကုစားနိုင်ရေးသည် လွန်စွာခက်ခဲပြီး ပုဒ်မ ၄၀၁ အရ နိုင်ငံတော် သမ္မတမှ ပြစ်ဒဏ်လွတ်ငြိမ်းပေးခြင်း၊ ပြစ် ဒဏ်အမျိုးအစား ပြောင်းလဲခြင်းနည်းလမ်းမှ အပ အခြားကုစားခြင်းနည်းလမ်း မရှိကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးအောင်ဝင်းက ပြောကြားသည်။

တရားမကြောင်းအရ လျော်ကြေး၊ နစ် နာကြေးများ ပြန်လည်လျှောက်ထားခွင့်ရှိ သော်လည်း ယင်းသည် မလျော်ကန်သော စိတ်ထားဖြင့် တရားစွဲဆိုခဲ့သည့်ကိစ္စမှသာ လျှောက်ထားခွင့်ရှိပြီး ပြန်လည်လုပ်ဆောင် ရန်လည်း ခက်ခဲသည်ဟု ၎င်းင်းက ဆိုသည်။

“စီမံခန့်ခွဲတဲ့နည်းနဲ့လုပ်တာ လွယ် လည်း လွယ်တယ်။ ဖြတ်လမ်းနည်းလည်းဖြစ် ပါတယ်။ ဘယ်လိုလွယ်လဲဆိုတော့ နိုင်ငံတော် က ဥပဒေပြဋ္ဌာန်းတဲ့နည်း ဖြစ်ပါတယ်။ ဥပဒေ သစ်ပြဋ္ဌာန်းရပါမယ်။ ပြဋ္ဌာန်းဖို့လည်း လွယ်ပါ တယ်” ဟု ဦးအောင်ဝင်းက ပြောကြားသည်။

လက်ရှိ အစိုးရအနေဖြင့် လွတ်ငြိမ်းသက်သာများပေးရာတွင် နိုင်ငံရေး အကျဉ်းသားစာရင်း တောင်းခံမှုရှိသော်လည်း တရားဝင်အသိအမှတ်ပြုခြင်း မရှိသေးကြောင်း နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်သည့် အဖွဲ့အစည်းများက ပြောကြားသည်။

 

 

Most Read

Most Recent