ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရန်အတွက် CNG အရောင်းဆိုင်နေရာသစ်များ ထပ်မံဖွင့်လှစ်နိုင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ညှိနှိုင်းနေ

ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရန်အတွက် CNG အရောင်းဆိုင်နေရာသစ်များ ထပ်မံဖွင့်လှစ်နိုင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ညှိနှိုင်းနေ
Published 25 December 2019
ဇော်မင်းနိုင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရန်အတွက် CNG အရောင်းဆိုင်နေရာသစ်များ ထပ်မံဖွင့်လှစ်နိုင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ညှိနှိုင်းနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း CNG အရောင်းဆိုင် ၄၁ ဆိုင်ရှိနေပြီး ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ CNG အရောင်းဆိုင်များကို ဒီဇင်ဘာ ၂၄ ရက်က ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် ဒုတိယဝန်ကြီးက လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသော Standard Operating Procedure (SOP) များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ သဘာဝဓာတ်ငွေ့အရောင်းဆိုင်ရှိ ဝန်ထမ်းများမှ ပြည်သူသို့ဓာတ်ငွေ့များ ဖြန့်ဖြူးရောင်းချရာတွင် ဆက်ဆံရေးပြေပြစ်စွာဖြင့် ပြောဆိုဆက်ဆံကြရန်နှင့် ၂၄ နာရီ ပိတ်ရက်မရှိ ရောင်းချနေရသည်ဖြစ်၍ ညအချိန်တွင် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

CNG အရောင်းဆိုင်များတွင် နည်း ပညာမြင့် CNG Compressor စက်သစ်များ အစားထိုးတပ်ဆင်ထားသဖြင့် ဓာတ်ငွေ့ဖြည့်တင်းမှု ပိုမိုမြန်ဆန်ကာ အရောင်းဆိုင် ပြင်ပလမ်းမပေါ်တွင် ယာဉ်တန်းစီမှု လျော့နည်းလျက်ရှိသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သဘာဝဓာတ်ငွေ့ကို ၁၉၈၆ ခုနှစ်တွင် အရောင်းဆိုင်သုံးဆိုင်ဖြင့် စတင်ဖြန့်ဖြူးရောင်းချခဲ့ရာမှ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ ၄၁ ဆိုင်၊ မန္တလေးတိုင်းဒေသကြီး၌ အရောင်းဆိုင်နှစ်ဆိုင်နှင့် မကွေးတိုင်းဒေသကြီးတွင် အရောင်းဆိုင်သုံးဆိုင် စုစုပေါင်း ၄၆ ဆိုင်အထိ ဖွင့်လှစ်ထားကြောင်း အချက်အလက်များအရ သိရသည်။

ထို့ပြင် သဘာဝဓာတ်ငွေ့သုံး (Natural Gas Vehicle- NGV) မော်တော်ယာဉ် ၂၈၂၉၉ စီးအား နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗပေ ၂၃ သန်းခန့် အသုံးပြု၍ 1 Kg လျှင် ၂၇၃ ကျပ်နှုန်းဖြင့် နေ့စဉ်စုစုပေါင်း Kg ၅၁၀၀၀၀ ကျော် ရောင်းချပေးလျက်ရှိသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရောင်းချနေသည့် CNG စျေးနှုန်းသည် တစ်ဂါလန်လျှင် ကျပ် ၁၀၀၀ နှုန်းနှင့် ညီမျှရာ ဒီဇယ်၊ ဓာတ်ဆီတို့၏ စျေးနှုန်းထက် သုံးဆခန့်သက်သာကြောင်း သိရသည်။

 

 

Most Read

Most Recent