အဘိုးအိုတစ်ယောက်ဟာ တောင်ဝှေးကိုအားပြုရင်း လိုဏ်ဂူကြီးတစ်ခုရဲ့အဝကို ဦးတည်လျှောက်လာခဲ့တယ်။ လိုဏ်ဂူအဝနဲ့ မနီးမဝေးမှာ တည်ရှိနေတဲ့ အုတ်ဂူတစ်ခုကိုလည်း သူ စိုက်ကြည့်နေခဲ့တယ်။ ဒါဟာ သက်ရှိတစ်စုံတစ်ယောက် သေဆုံးသွားခြင်းရဲ့ အမှတ်လက္ခဏာတစ်ခုပဲလို့ သူ ရေရွတ်လိုက်တယ်။ အဘိုးအိုဟာ သူ ရှာဖွေနေတဲ့အရာကို မတွေ့မချင်း ရှာမယ်လို့လည်း ဆုံးဖြတ်ထားခဲ့တယ်။ အဲဒီအရာဟာ ဘာလဲ။ သူတစ်ယောက်တည်းသာ သိနိုင်တဲ့အရာ ဖြစ်နေလိမ့်မယ်လို့ ဆိုလို့ရပါတယ်။ သူ့မှာ နဂါးရုပ်ပုံစံ တောင်ဝှေးတစ်ချောင်း ပါလာခဲ့ခြင်းဟာ အရာရာ ရှေ့ဆက်ဖို့အတွက် အကောင်းဆုံးသော အားအင်တစ်ခုပါပဲ။ ဒီလိုနဲ့ အဘိုးအိုဟာ လျှောက်ရင်း လျှောက်ရင်း လိုဏ်ဂူအဝကို ရောက်လာခဲ့တယ်။ လိုဏ်ဂူအဝရဲ့ တစ်နေရာက ကျောက်တုံးတစ်တုံးပေါ်မှာ ခဏထိုင်ရင်း အနားယူနေလိုက်တယ်။
အဘိုးအိုဟာ အခုလို လူသူတိတ်ဆိတ်တဲ့ လိုဏ်ဂူကြီးထဲကို ဖြတ်သွားဖို့ အားခဲထားခဲ့တာတော့ ကြာပြီ။ အခုလို အသက်အရွယ်ကျမှသာ လိုဏ်ဂူဆီကို အရောက် လာနိုင်ခဲ့တော့တယ်။ နဂါးရုပ်ပုံစံနဲ့ တောင်ဝှေးကို အသေအချာ ကြည့်ရင်း သူ့ယုံကြည်မှုတွေကို အားကောင်းသထက်ကောင်းအောင် တည်ဆောက်နေပုံရတယ်။ တကယ်တော့ အဘိုးအိုရဲ့သွင်ပြင်နဲ့ တောင်ဝှေးနဲ့ လှုပ်ရှားသွားလာနေပုံတွေဟာ သိုင်းဆရာကြီး တစ်ယောက်လိုလို၊ ဂိုဏ်းဆရာကြီး တစ်ယောက်လိုလိုလို့ ထင်မှတ်ရဖွယ်ရာ ရှိပါတယ်။ ဒါပေမဲ့ အဘိုးအိုဟာ အဲဒီလိုတွေ လုံးဝ မဟုတ်ဘဲ တစ်စုံတစ်ရာကို ယုံယုံကြည်ကြည်နဲ့ မတွေ့မချင်း ရှာဖွေမယ်ဆိုတဲ့ စိတ်နဲ့ ထွက်လာခဲ့တာပါပဲ။
လိုဏ်ဂူထဲကို ရောက်တယ်ဆိုရင်ပဲ ခက်ခဲကြမ်းတမ်းမှုတွေက သူ့ကို ကြိုဆိုနေခဲ့ပြီ။ ဒါတွေကို သူကြိုတွေးထားခဲ့ပြီးသားလည်း ဖြစ်မှာပါ။ မညီညာတဲ့ လိုဏ်ဂူကြမ်းပြင်က သူ့ရဲ့ အိုမင်းမစွမ်းမှုကို ပထမဆုံး ဟားတိုက်ရယ်မောနေခဲ့တယ်။ အဘိုးအိုလည်း တောင်ဝှေးကို အားပြုလိုက်၊ လိုဏ်ဂူ ဘေးနံရံတွေကို ကြည့်လိုက်နဲ့ ရှေ့ကိုသာ လျှောက်လှမ်းသွားနေခဲ့တယ်။ တစ်ခါတစ်ရံမှာ သူ့လွယ်အိတ်ထဲမှာပါလာတဲ့ ဓားမြှောင်ကို ထုတ်ရင်း သတိထားပြီးလည်း လျှောက်နေခဲ့ရတယ်။ အလင်းရောင် အနည်းငယ်ရှိနေခြင်းက သူ့အတွက် ကံကောင်းခြင်းတစ်မျိုး ဖြစ်နေခဲ့တယ်။ တစ်ခါတလေ လိုဏ်ဂူဘေးနံရံသားတွေကို တောင်ဝှေးနဲ့ ထောက်ပြီး ကြည့်နေခဲ့သေးတယ်။ တစ်စုံတစ်ရာကို ရှာဖွေနေတဲ့သူ့အတွက် လိုဏ်ဂူထဲက အရာအားလုံးဟာ စိတ်ဝင်စားစရာတွေချည်းပဲ ဖြစ်နေခဲ့တယ်။
အဲဒီလို လိုဏ်ဂူအပေါက်ကြီးအတိုင်း လျှောက်လာရင်းနဲ့ ရေစီးနေတဲ့အသံကို သူကြားလိုက်ရတယ်။ သူ့တောင်ဝှေးနဲ့ လိုဏ်ဂူ အစပ်နားဖြစ်ဟန်တူတဲ့နေရာကို လိုက်ပြီး စမ်းထောက်ကြည့်တယ်။ ဟုတ်ပါတယ်၊ လိုဏ်ဂူရဲ့ အနီးအနားက စမ်းချောင်းတွေနဲ့ ဆက်စပ်နေတဲ့ စမ်းချောင်းလေးတစ်ခု ဖြစ်နေတာပါပဲ။ တောင်ဝှေးကို ပုံမှန်ပြန်ထောက်ရင်း လျှောက်မြဲအတိုင်း ရှေ့ကိုသာ သူဆက် လျှောက်လာခဲ့တယ်။ ဂူဘေးနံရံသားတွေနဲ့ နီးတဲ့အခါ တောင်ဝှေးနဲ့ လိုဏ်ဂူနံရံကို ထောက်ထောက်ကြည့်နေခဲ့ပြန်တယ်။ ပြီးမှ ဆက်လျှောက်တယ်။ အဲဒီလို လျှောက်ရင်း လျှောက်ရင်းနဲ့ အဘိုးအိုဟာ ခြေချော်ပြီး ခြေပစ်လက်ပစ် လဲကျသွားတော့တယ်။ လိုဏ်ဂူရဲ့အပေါ်က ကျောက်စက်ရည်တွေ ကျပြီး ရေအနည်းငယ် အိုင်နေတဲ့ နေရာကို သတိ မမူမိတာကြောင့် ခြေချော်ပြီး လဲကျသွားခဲ့တာပါ။ တော်သေးတာတစ်ခုက သူ့ဦးခေါင်းနဲ့ လိုဏ်ဂူကြမ်းပြင်က ကျောက်သားတွေနဲ့ မဆောင့်မိလို့သာ သက်သာရာရသွားခဲ့တာ ဖြစ်တယ်။ အဘိုးအိုဟာ လဲကျနေရာက အားယူပြီး ပြန်ထရင်း တောင်ဝှေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်တယ်။ သူ့အတွက်ကတော့ သူ ရှာဖွေနေတဲ့အရာကို တွေ့ရှိဖို့ ရှေ့ကိုပဲ ဆက်သွားနေရမှာ ဖြစ်တယ်။တစ်ခါတစ်ရံတော့ သူ ဝင်လာခဲ့ရာ ဂူပေါက်ဝကို လှမ်းမျှော်ပြီး ကြည့်မိတတ်တယ်။ ကွေ့ကောက်နေတဲ့ လိုဏ်ဂူရဲ့ သဘာဝအတိုင်း ဂူဝကို သူ မမြင်ရတော့ပါ။ ခရီးကလည်း အတော်တွင်လာခဲ့ပြီ ဖြစ်တယ်။
အဘိုးအိုဟာ လိုဏ်ဂူအတိုင်း အတော်ကြာအောင် လျှောက်လာခဲ့မိတော့ သူ့ကိုယ်သူ တစ်စုံတစ်ရာကို သတိပြုမိသွားခဲ့တယ်။ သတိပြုမိရုံတင်မကဘူး၊ အံ့သြလည်း အံ့သြသွားမိတယ်။ဘာ့ကြောင့်လဲဆိုတော့ သူ့အသက်အရွယ်ဟာ လူလတ်ပိုင်းအရွယ် ဖြစ်သွားလို့ပါပဲ။ သူ့ခန္ဓာကိုယ်က အသားအရေတွေ၊ အရေးအကြောင်းတွေ၊ ဆံပင်တွေ အားလုံးဟာ လူလတ်ပိုင်းအရွယ်လို နုပျိုသွားခဲ့တာပါပဲ။ နောက်ပြီး သူ့ရဲ့အားအင်တွေဟာလည်း စောစောကထက် ပိုမိုပြည့်ဖြိုး တောင့်တင်းလာပြီး ပိုမိုကြံ့ခိုင်လာသလို ခံစားနေရတယ်။ အဘိုးအိုဟာ အခုအဖြစ်အပျက်ကို ချက်ချင်းတော့ လက်ခံပေးလို့ မရခဲ့ဘူး။ ဒါပေမဲ့ သူ လက်ခံပေးလိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ရှေ့ကို ခရီးဆက်စရာတွေ အများကြီး ကျန်နေသေးတယ်လေ။ ဒါကြောင့် လက်ရှိအဖြစ်အပျက်ကို ချက်ချင်းလက်ခံပြီး လိုဏ်ဂူအတိုင်း ဆက်လျှောက်လာခဲ့တယ်။ လူလတ်ပိုင်းအရွယ်လို သူ့ရဲ့သက်လုံတွေ အားအင်တွေဟာ ပိုမို ကောင်းမွန်လာခဲ့တော့ သူ့ရဲ့ခရီးဟာ ပိုတွင်လာခဲ့တယ်။ သူ အခုလို လိုဏ်ဂူကြီးထဲမှာ ဘယ်လိုအဖြစ်အပျက်မျိုးကြုံကြုံ သူရှာဖွေ နေတဲ့ ရည်မှန်းချက်ကတော့ မရောက်ရှိသေးပါဘူး။ ဒါကြောင့်မို့လည်း ရှေ့ကို ရှေ့ကိုသာ ဆက်လျှောက်လာခဲ့တယ်။
သူ ဆက်လျှောက်လာရင်းနဲ့ အတွေးတစ်ခု ဝင်လာခဲ့တယ်။ အဲဒီအတွေးဟာ သူငယ်ငယ်က တွေးခဲ့မိတဲ့ အတွေးတစ်ခုပါပဲ။ အဲဒီအချိန်ကလည်း အဲဒီအတွေးဟာ အိပ်မက်တစ်ခုလိုသာ သူ့ဘဝအစိတ်အပိုင်းထဲမှာ တင်ကျန်နေခဲ့တယ်။ အကောင်အထည်လည်း သူ မဖော်ဖြစ်ခဲ့ဘူး။ စနစ်တကျလည်း တည်ဆောက်ပြီး မယူငင်ခဲ့ဘူး။ လူတစ်ယောက်ဟာ ဘယ်နေ့ ဘယ်အချိန်မှာ ဘာ တစ်ခုခုဖြစ်ရမယ်ဆိုတဲ့ အတွေးပါပဲ။ သူ တချို့တလေ အသေးအမွှားလေးတွေကိုတော့ စိတ်ပိုင်းဖြတ်ပြီး လုပ်ကိုင်ကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ ဘာရယ်လို့ ရေရေရာရာ အကောင်အထည် မပေါ်ခဲ့ပါဘူး။ အခု လိုဏ်ဂူထဲမှာလည်း အဲဒီအတွေးက သူ့ကို သတိပေးသလို လုပ်လာခဲ့ပြန်တယ်။ ဒီအချိန်မှာလည်း သူ ဘာကို စနစ်တကျနဲ့ တည်ဆောက် ယူငင်လို့ ရနိုင်မှာလဲလို့ စဉ်းစားမိတယ်။ သူ အခု ရှာဖွေနေတဲ့အရာဟာ အဲဒီလို အရာမျိုးတွေ မဟုတ်ပါဘူး။ မတွေ့တွေ့အောင်တော့ ရှာမယ်။ ဒါပေမဲ့ အချိန်တွေ၊ စနစ်တကျ တည်ဆောက်ထားတာတွေတော့ ဘာမှမရှိဘူး။ အဲဒီလိုစဉ်းစားလာရင်းနဲ့ လျှောက်လာခဲ့တာ လိုဏ်ဂူထဲမှာ သူ ခရီးမနည်းတွင်နေခဲ့ပြီ။ ဘာကိုမှလည်း သိပ်သတိမမူဘဲ လျှောက်လာခဲ့တာ လိုဏ်ဂူအလယ်က ကျောက်တုံးတစ်တုံးနဲ့ တိုက်မိတော့မှ သူ့အတွေးတွေဟာ ပြောင်းလဲသွားတော့တယ်။ ကျောက်တုံးနဲ့ တိုက်တဲ့ အရှိန်က ပြင်းတော့ သူ ခဏ ထိုင်နားနေခဲ့ရတယ်။ ဒဏ်ရာက မကြီးပေမဲ့ ခြေထောက်မှာ အနည်းငယ် ဖူးရောင်သွားခဲ့တယ်။
လွယ်အိတ်ထဲက ပါလာတဲ့ လိမ်းဆေး အဆီနဲ့ နာကျင်ဖူးရောင်နေတာကို လိမ်းပြီး သက်သာလာတဲ့အထိ ထိုင်နားနေလိုက်တယ်။ အတော်အတန် သက်သာလာမှ လျှောက်မြဲအတိုင်း ဆက်လျှောက်နေခဲ့တယ်။ သူ့စိတ်ထဲမှာ သူရှာဖွေနေတဲ့အရာကို သိပ်မကြာခင်မှာပဲ တွေ့ရှိတော့မယ်လို့ ယုံကြည်စိတ်ဝင်လာခဲ့တယ်။ ဒီလိုဏ်ဂူထဲမှာ သူ့အတွက် နေ့တွေ၊ ညတွေ အချိန်တွေဆိုတာ ဘာမှမရှိပါဘူး။ တွေ့ရြှိခင်းနဲ့ မတွေ့ရြှိခင်း ဆိုတာပဲ ရှိတယ်။ ရှေ့ဆက်ခြင်းနဲ့ နောက်ဆုတ်ခြင်းဆိုတာပဲ ရှိတယ်။ သူ ယုံကြည်တာကတော့ ရှေ့ဆက်ခြင်းနဲ့ တွေ့ရှိခြင်းပါပဲ။ ဒါကြောင့် သူလျှောက်မြဲသာ ဆက်လျှောက်နေခဲ့တယ်။ အခုဆိုရင် တောင်ဝှေးကိုတောင် သူသိပ်အသုံးမပြုတော့ပါဘူး။ လက်က ကိုင်ရင်းသာ ဘေးဘီကို သတိထားရင်း လျှောက်နေခဲ့တယ်။ အဲဒီလိုလျှောက်လာရင်းနဲ့ လိုဏ်ဂူထဲက အလင်း စဟာ အင်အားကြီးသထက် ကြီးလာတာကို သူ သတိပြုလိုက်မိတယ်။ ကြာကြာလျှောက်လာလေလေ အလင်းရောင်အားက ပိုကောင်းလာလေလေ ဖြစ်လာခဲ့တယ်။ သူ့ စိတ်ထဲမှာ ဝမ်းသာရမလို ဝမ်းနည်းရမလိုနဲ့ ခံစားလာရတယ်။ သူ ရှာဖွေနေတဲ့အရာကို တော့ အခုထိ သူ အစတောင်ရှာလို့ မရခဲ့သေးဘူး။ ဒါပေမဲ့ တွေ့မယ်လို့တော့ သူ ယုံကြည်နေခဲ့တယ်။
သိပ်မကြာခင်မှာပဲ သူဟာ အပြောင်း အလဲမဟုတ်တဲ့ အပြောင်းအလဲတစ်ခုကို ကြုံတွေ့လိုက်ရတော့တယ်။ ဘာ့ကြောင့်လဲဆိုတော့ လိုဏ်ဂူဟာ ထွက်ပေါက်ရှိတဲ့ လိုဏ်ဂူဖြစ်နေခဲ့တာပါပဲ။ လိုဏ်ဂူထွက်ပေါက်ရဲ့ အပြင်ဘက်ကို ရောက်တယ်ဆိုရင်ပဲ သူ့ကိုယ့်သူ အံ့သြရတဲ့ အဖြစ်အပျက်တစ်ခုကို ထပ်ကြုံလိုက်ရတာပါပဲ။ သူ့ခန္ဓာကိုယ်ရဲ့ အရေပြားတွေ၊ အရေးအကြောင်းတွေ၊ အသားအရေတွေဟာ လူငယ်တစ်ယောက်လို ဖြစ်သွားခဲ့တာပါပဲ။ အားအင်တွေကလည်း စောစောကထက် အများကြီး အားကောင်းလာပြီး သန်မာတောင့်တင်းတဲ့ ခံစားမှုအရသာကို သူ ကြုံတွေ့လိုက်ရတယ်။ ပထမတစ်ကြိမ် အခုလိုကြုံခဲ့ဖူးတော့ သိပ်ပြီး ထူးထူးခြားခြားတော့ သူ မအံ့သြမိတော့ပါဘူး။ သူ လိုဏ်ဂူထွက်ပေါက်အပြင်ကနေ သူ့ မြင်ကွင်းတစ်ဆုံးကို လှည့်ပတ်ငေးမောပြီး ကြည့်နေလိုက်မိတယ်။ နောက်ပြီးတော့ သူ စဉ်းစားတယ်။ သူ ရှာဖွေနေခဲ့တာဟာ ဘာလဲ။ အဲဒီအရာကို သူ အခုတွေ့ရှိပြီလား။ ဒါမှမဟုတ် မတွေ့ရှိဘူးလား။










