သြစတြီးယား၊ ချက်၊ ဟန်ဂေရီ၊ လူဇင်ဘတ်နှင့် နယူးဇီလန် စသည့် ပြည်ပငါးနိုင်ငံကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ခွင့်ပြုမည်

သြစတြီးယား၊ ချက်၊ ဟန်ဂေရီ၊ လူဇင်ဘတ်နှင့် နယူးဇီလန် စသည့် ပြည်ပငါးနိုင်ငံကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ခွင့်ပြုမည်
မြန်မာနိုင်ငံသို့လာရောက်သည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များကို တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)
မြန်မာနိုင်ငံသို့လာရောက်သည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များကို တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)
Published 19 December 2019
သိင်္ဂီဝင်းတင်

 

သြစတြီးယား၊ ချက်၊ ဟန်ဂေရီ၊ လူဇင်ဘတ်၊ နယူးဇီလန်စသည့် ပြည်ပနိုင်ငံငါးနိုင်ငံကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါနိုင်ငံငါးနိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ထိ စမ်းသပ်ကာလ သုံးနှစ်ဖြင့် မြန်မာနိုင်ငံသို့ ဝင်ခွင့်ပြုမည်ဖြစ်ပြီး ဗီဇာကြေး ဒေါ်လာ ၅၀ ကောက်ခံမည်ဖြစ်ကြောင်းနှင့် နေထိုင်ခွင့် ရက် ၃၀ သတ်မှတ်ထားသည်ဟု သိရသည်။

အဆိုပါခရီးသွားများကို မြန်မာနိုင်ငံသို့ အလည်အပတ်ဖြင့်သာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး နေထိုင်ခွင့် သက်တမ်းတိုးလျှောက်ခြင်း ခွင့်ပြုမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာအထိ နယူးဇီလန် ခရီးသွားဝင်ရောက်မှုသည် ၂၉၅၈ ဦးသာရှိပြီး ယခင်နှစ်ကာလတူ ဝင်ရောက်မှုထက် ၂၇၇ ဦး လျော့ကျသွားကြောင်း၊ သြစတြီးယားခရီးသွားဝင်ရောက်မှုသည်  ၂၆၁၀ ဦးရှိပြီး ယခင်နှစ်ထက် ၁၇၃ ဦး တိုးတက်လာပြီး ကျန်နိုင်ငံသုံးနိုင်ငံသည် မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုနည်းသည်ဟု သိရသည်။

၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်တွင်းပဋိပက္ခကြောင့် ၂၀၁၈ခုနှစ်တွင် အနောက်နိုင်ငံခရီးသွားဦးရေ ရာခိုင်နှုန်း ၄၀ ကျဆင်းခဲ့ခြင်းကြောင့် ခရီးသွားပြန်လည်မြင့်တက်စေရန် ဗီဇာဖြေလျှော့ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်မစ္စတာ ငုယင်စွမ်းဖု သုံးရက်တာလာရောက်သည့် ခရီးစဉ်အတွင်း မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်မှုကိုယခင် ၁၄ ရက် ပေးထားရာမှ ရက်  ၃၀ ထိ တိုးမြင့်ခဲ့သည်။

ခရီးသွားတိုးတက်အောင် လုပ်ဆောင်သည့်အနေဖြင့် အရှေ့မျှော်ဝါဒီ အဖြစ် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ခုနှစ် စက်တင်ဘာ ၃၀ ထိ ဂျပန်၊ တောင်ကိုးရီးယား ခရီးသည်များ၊ တရုတ်နိုင်ငံ၏ ဟောင်ကောင်နှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်နှင့် တရုတ်နိုင်ငံသားများအနက်  လေကြောင်း ဖြင့်လာရောက်သည့်ခရီးသည်များကို ဆိုက်ရောက်ဗီဇာဖြင့် မြန်မာနိုင်ငံတွင်းသို့ စမ်းသပ်ကာလအဖြစ် နှစ်နှစ်ဝင်ရောက်ခွင့်ပြုခဲ့သည်။

ထိုသို့ဝင်ရောက်ခွင့်ပြုခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာအထိ တရုတ်ခရီးသွားဝင်ရောက်မှု ခြောက်သိန်းခွဲကျော်၊ ကိုရီးယားခရီးသွား လေးသောင်းနီးပါးနှင့် ဂျပန်ခရီးသွား နှစ်သောင်းနီးပါးဖြင့် ၂၀၁၈ခုနှစ် အဆိုပါကာလတူတွင် ခရီးသွားဝင်ရောက်မှုထက် တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုနောက် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ ဂျာမနီ၊ ရှရှား၊ စပိန်၊ အီတလီ၊ ဆွစ်ဇာလန်၊ သြစတြေးလျ စသည့်နိုင်ငံမှ လာရောက်သည့် ခရီးသွားများကို စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်ကာ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခွင့်ရန် ဖြေလျော့မှုများ ပြုလုပ်ခဲ့သည်။ ထိုဖြေလျှော့မှုပြုလုပ်ပြီးနောက် စပိန်၊ အီတလီနိုင်ငံမှ လာရောက်သည့် ခရီးသွားများ အနည်းငယ်တိုးတက်လာသည် ဟု သိရသည်။

၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီလမှ အောက်တိုဘာလအထိ လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ဝင်ပေါက်များမှ ပြည်ပခရီးသွား ဝင်ရောက်သူဦးရေသည် ၂၈၄၄၅၀၈ ဦးရေရှိကြောင်း၊ ၂၀၁၉ ခုနှစ် ကာလတူတွင် ခရီးသွားဦးရေ ၃၅၂၃၇၈၄  ဦးရေ ဝင်ရောက်ခဲ့ရာ ကာလတူနှိုင်းယှဉ်ချက်များအရ ၆၇၉၂၇၆ ဦးရေ တိုးတက်လာပြီး နယ်စပ်ဝင်ပေါက်မှာ ပြည်ပခရီးသွားဝင်ရောက်မှုသည် အများဆုံးဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

Most Read

Most Recent