ဧရာဝတီမြစ်၏ မေခနှင့်မေလိခမြစ်နှင့် ချောင်းလက်တက်များတွင် ငါးသယံဇာတ ရှားပါးပျောက်ကွယ်လာသဖြင့် ကချင်လွှတ်တော်တွင် ဒီဇင်ဘာ ၁၈ ရက်က လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မေးခွန်းမေးမြန်းခဲ့ကြောင်း သိရသည်။
အင်ဂျန်းယန် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးနော်က မေခ၊ မလိခမြစ်နှင့် ချောင်းလက်တက်များတွင် ဗို့အားကြီးကျဉ်စက်များဖြင့် ငါးဖမ်းခြင်း၊ အပြင်းစား အက်စစ်များသွန်း လောင်းခြင်းကို တစ်နှစ်ထက်တစ်နှစ် ဆိုးဆိုးရွားရွား အခြေအနေမျိုးစုံကြောင့် မြစ်နံဘေး ပြည်သူများ ရေချိုးခြင်း၊ သောက်သုံးခြင်းများ အသုံးပြု၍မရတော့ပါသဖြင့် ပြည်နယ်အစိုးရက ပြင်းပြင်းထန်ထန် တားဆီးအရေးယူသွားရန် ကချင်ပြည်နယ် လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးနော်က “ယခင်ကာလများက ငါးဆိုရင် မြစ်ကမ်းကူးရင်း ခုန်ပေါက်တာ။ မြူးတူးတာတွေ့ ရတယ်။ အခု လုံးဝမတွေ့ရတော့ဘူး။ ဒေသခံတွေကလည်း တွေ့တဲ့သူတိုင်း အဲဒါတွေ တင်ပြလာတယ်။ မြစ်အောက်ပိုင်းကနေ စက်လှေတွေနဲ့ ညနေပိုင်းတက်ပြီး မနက်ရောက်မှ မြစ်အောက်ပိုင်းအထိ ကျဉ်စက်ဗို့ အားပြင်တွေနဲ့ ရှော့တိုက်ငါးဖမ်းနေတာရှိတယ်။ မေခမြစ်လက်တက်တွေမှာဆိုရင် သတ္တုတွေတူးဖော်ပြီး အဲဒီက စွန့်ပစ်ရေတွေ က ချောင်းတွေထဲ ကျနေတာတွေရှိနေတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်ကစပြီး ချီဖွေအထက်ကချောင်းဆိုရင် သုံးရက်ကြာ အနီရောင်ပဲစီးတယ်” ဟု ပြောကြားသည်။
ယင်းမေးခွန်းကို ကချင်ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦး ကျော်ကျော်ဝင်းက ငါးလုပ်ငန်းဦးစီးဌာနမှ တရားမဝင်ငါးဖမ်းခြင်း ကာကွယ်ရန်အ တွက် ပြည်သူ့ရဲတပ်ဖွဲ့၊ ငါးလုပ်သားများနှင့်ပူး ပေါင်းကာ ပညာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ဆိုင်းဘုတ်ထူခြင်းများလုပ် ဆောင်နေပြီး ရေချိုငါးလုပ်ငန်းဥပဒေဖြင့် ၃၅ မှု အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ တရားမဝင် ငါးဖမ်းလုပ်ငန်း ပပျောက်စေရေးအတွက် စီမံချက်ရေးဆွဲကာ လုပ်ဆောင်နေကြောင်း ဖြေကြားခဲ့သည်။
၎င်းက“ချောင်းလက်တက်၊ မြစ်လက်တက်တွေ ညစ်ညမ်းတာတွေကတော့ သောက် မရ၊ သုံးမရဖြစ်နေတာကို ဖြေရှင်းဖို့ကျတော့ ကျွန်တော့်ဌာနတစ်ခုတည်း အဖွဲ့အစည်းတစ် ခုတည်းက ဖြေရှင်းလို့မရပါဘူး။ ဒါပေမဲ့ ရေ ချိုငါးလုပ်ငန်းနဲ့တော့ အရေးယူလို့ရတယ်” ဟု ဆိုသည်။
မြစ်ဆုံဒေသတွင် တံငါလုပ်ငန်းကို ၂၀၀၇ ခုနှစ်ရှေ့ပိုင်းတွင် လုပ်ကိုင်ခဲ့သူ ဒေါ်လုရာက “အခုမြစ်ဆုံဒေသမှာ ငါးရှားသွားပြီ။ အရင်က မြစ်ကြီးနားကိုဆင်းပြီး ရောင်းရတယ်။ မလိခမြစ်ရေက နောက်နေပြီး မေခ မြစ်ရေလည်း ကြည်လင်တဲ့အခြေအနေမဟုတ်ဘူး။ ရေကြည်မှာနေတဲ့ ကျောက်ငါး လူး၊ ကျောက်ငါးကြင်းရှားတာပေါ့။ ရေခဲငါးတော့ အရင်ကတည်းက ရှားနေတာ။ အခုက လုံးဝမတွေ့ရတာကြာပြီ။ ကြေးခွံသေးသေးလေးနဲ့ စားလို့အရမ်းကောင်းတယ်” ဟု ပြောကြားသည်။















