YBS ကားများတွင်တပ်ဆင်မည့် YPS ကတ်စနစ်အား ယာဉ်အစီးရေ  ၅၄၀ ကျော်တွင် တပ်ဆင်ပြီးဖြစ်၍ အစီးရေ ၁၅၀၀ အတွက် ဒီဇင်ဘာ ၂၇ ရက်အတွင်း အပြီးတပ်ဆင်မည်

YBS ကားများတွင်တပ်ဆင်မည့် YPS ကတ်စနစ်အား ယာဉ်အစီးရေ  ၅၄၀ ကျော်တွင် တပ်ဆင်ပြီးဖြစ်၍ အစီးရေ ၁၅၀၀ အတွက် ဒီဇင်ဘာ ၂၇ ရက်အတွင်း အပြီးတပ်ဆင်မည်
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ယာဉ်အချို့ကို တွေ့ရစဉ်
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ယာဉ်အချို့ကို တွေ့ရစဉ်
Published 19 December 2019
ဆန်းထူးအောင်၊ ပြည့်ဖြိုးအောင်

YBS ကားများတွင် တပ်ဆင်မည့် YPS ကတ်စနစ်အား ယာဉ်စီးရေ ၅၄၀ ကျော်တွင် တပ်ဆင်ပြီးဖြစ်ကာ အစီးရေ ၁၅၀၀ အတွက် ဒီဇင်ဘာ ၂၇ ရက်အတွင်း အပြီးတပ်ဆင်မည် ဖြစ်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဒီဇင်ဘာ ၁၈ ရက်တွင် YRTA ရုံးချုပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ ဒီဇင်ဘာ ၆ ရက်ကနေ စပြီးတော့ ကျွန်တော်တို့ ဒီဇင်ဘာ ၁၇ ရက်အထိ ယာဉ်စီးရေပေါင်း ၅၄၄ စီး တပ်ဆင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုကျွန်တော်တို့လုပ်နေတဲ့စနစ်က တပ်ဆင်မယ်၊ QC အဖွဲ့တွေက လိုက်ပါ စစ်ဆေးမယ်။ Pass ဖြစ်တဲ့ဟာကို Pass ပေးမယ်။ မဖြစ်တဲ့ဟာကို ပြန်လည် ပြင်ဆင်မယ် ဆိုတဲ့စနစ်နဲ့ သွားနေပါတယ်။ အဲဒီလိုလုပ် တဲ့ဟာကိုလည်း YRTA ၊ သက်ဆိုင်ရာ ကုမ္ပဏီ၊ Asia Starmar သုံးဖွဲ့လုံး ပေါင်းစပ်ပြီးတော့ စက်တွေရဲ့ မှန်ကန်မှု၊ စနစ်တကျရှိမှု၊ လွှဲပြောင်းနိုင်မှုအတွက် ကျွန်တော်တို့ သဘောတူညီချက်မှာ ပါတဲ့အတိုင်း လုပ်ပေးနေပါတယ်။ ဒီလ ၂၇ ရက်မှာ ပြီးဆုံးနိုင်ရေးအတွက် လျာထားပြီးတော့ ဆောင်ရွက်ပေးနေပါတယ်”  ဟု ဦးလှအောင်က ပြောကြားသည်။

ထို့ပြင် စက်များတပ်ဆင်မှုသည် ကားအမျိုးအစားကွဲပြားမှုကြောင့် အချိန်များပေးရကြောင်း၊ ပြည်သူလူထုသွားလာမှု မပျက်စေရန် စက်တပ်ဆင်မှုအား ညပိုင်းတွင်ပြုလုပ်ကြောင်း၊ ရည်မှန်းချက်အတိုင်း အစီး ၁၅၀၀ တွင် တပ်ဆင်ပြီးအောင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဦးလှအောင်က ပြောကြားသည်။

“ ဒုတိယအဆင့် Forton ၁၀၃၉ စီး၊ Scania အပါအဝင်ပေါ့။ ဒါတွေအတွက်လည်း စက်တွေ ရောက်ရှိပြီးဖြစ်ပါတယ်။ အခုစက် တပ်ဆင်တဲ့အဖွဲ့ နောက်ကျွန်တော်တို့ YRTA ၊ ကုမ္ပဏီ၊ ပြည်သူလူထု၊ ဒီအပိုင်း လေးပိုင်းလုံးကို တွက်ချက်ရမှာဖြစ်ပါတယ်။ ကတ်ပြားတွေကို အသုံးပြုပြီးတော့ သုံးလိုက်တဲ့ငွေကြေးတွေက မှန်ကန်ဖို့လိုတယ်။ အချိန်နဲ့တစ်ပြေးညီ အသုံးပြုနိုင်ဖို့လိုတယ်။ အခု တပ်ဆင်ထားတဲ့ Software က တကယ် အလုပ်လုပ်သလား၊ ဘဏ်တွေနဲ့ တကယ်အလုပ်လုပ်ပြီးလား၊ အဲဒါတွေအားလုံး ပြည့်စုံပြီဆိုရင် အောင်မြင်တယ်ဆိုရင် အဲဒီအချိန်ရောက်ရင် သုံးစွဲမှုအဆင့်ကို တဖြည်းဖြည်းသွားရမယ်”  ဟု ဦးလှအောင်က ပြောကြားသည်။

YPS စက်များအား YUPT မှ ကား အစီးရေ ၅၀၀၊ YBPC မှကားအစီးရေ  ၅၀၀၊ ဗန္ဓုလကုမ္ပဏီမှ ကားအစီးရေ ၃၀၀ နှင့် ရွှေတောင်ပိုင်းကုမ္ပဏီမှ ကားအစီးရေ ၈၀ တို့တွင် စတင်တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်း နောက်ဆက်တွဲ ၁ ပါ တိုင်းဒေသကြီး၏ ရည်းမှန်းချက် ၁၁ ချက်အနက်၊ အပိုဒ်ခွဲ (ည) တွင် ပါရှိသည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ကို ထူထောင်ခဲ့ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းစနစ် (YBS နှင့် YPS) စနစ်ကို ဆက်လက်ဆောင်ရွက်ရေးနှင့် အပိုဒ်ခွဲ (ဋ)တွင် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စနစ်တကျ တွန်းအားပေး ဆောင်ရွက်ရေးဟု ဖော်ပြထားသည်။

မထသစနစ်မှ YBS စနစ် ပြောင်းလဲပြီးနောက် လက်ရှိတွင် ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၁၀၀ ရှိပြီး ၂၀၁၉ ခုနှစ်ဇွန်လစာရင်းအရ YRTA တွင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေပေါင်း ၆၆၃၅ စီးရှိကာ နေ့စဉ် ယာဉ်အစီးရေ ၄၅၀၀ ကျော်ဖြင့် ပြည်သူ ၁ ဒသမ ၈ သန်းခန့်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent