တာမွေ (ယာယီ) စျေးသစ်တည်ဆောက်ရေး အမြန်လုပ်ဆောင်ရန် ထောက်ခံကြောင်း စျေးသူစျေးသားအချို့ သတင်းစာရှင်းလင်း

တာမွေ (ယာယီ) စျေးသစ်တည်ဆောက်ရေး အမြန်လုပ်ဆောင်ရန် ထောက်ခံကြောင်း စျေးသူစျေးသားအချို့ သတင်းစာရှင်းလင်း
Published 18 December 2019
မျိုးထွန်း

တာမွေ (ယာယီ) စျေးသစ်တည်ဆောက်ရေး အမြန်လုပ်ဆောင်ရန် ထောက်ခံကြောင်း စျေးသူစျေးသားအချို့က ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီး ဘုရားလမ်းရှိ ကာလကတ္တားကျောင်းတိုက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို တာမွေ (ယာယီ) စျေးအတွင်းရှိ စျေးသူစျေးသားအချို့က လာရောက်ရှင်းလင်းခြင်းဖြစ်ကာ ဦးဆောင်ကျင်းပသည့် ဦးကြီးမြင့်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းအကြောင်းကို ပြောကြားသည်။

“ ကျွန်တော်တို့ ဒီနေ့စျေးတည်ဆောက်ရေးကို ထောက်ခံတဲ့ရှင်းလင်းပွဲကို ဘာကြောင့် လုပ်ရလဲဆိုတဲ့အခါကျတော့ ကျွန်တော်တို့စျေးမှာက ဆောက်ချင်တဲ့သူတွေလည်း ရှိတယ်။ တချို့ကလည်း စောစောက ပြောသလို ဆောက်ချင်ပါတယ်ပြောပြီးတော့ မဆောက်ဖြစ်အောင်နည်းမျိုးစုံနဲ့ လိုက်ပြီး ဖျက်ဆီးနေတဲ့သူတွေလည်း ရှိတယ်။ ဒီစျေးသစ်ကို မဆောက်ဖြစ်အောင်လို့ နည်းမျိုးစုံနဲ့ မလိုလားအပ်တဲ့ဟာတွေ၊ မဖြစ်နိုင်တဲ့ဟာတွေကို တောင်းဆိုမှုတွေနဲ့သူတို့က ကန့်လန့်လိုက်တိုက် နေတာတွေလည်း ရှိတယ်ပေါ့။ ဒါကြောင့်မိုလို့ ကျွန်တော်တို့ စျေးသူစျေးသားတွေက ဆောက်ချင်တဲ့လူတွေ ရှိပါတယ်။ နောက်တစ်ခုက ယနေ့ဒီစျေးသစ်ကြီးကို ဒီလိုဖြစ်လာဖို့အတွက် ကျွန်တော်တို့ ခုနစ်နှစ်တိုင်တိုင် ရှိပါပြီ။ ဒီလိုတာမွေစျေးကြီးကို အဆင့်မြှင့်တင်ပြီးတော့ ဆောက်မယ်ဆိုတာ အဲဒီလိုလုပ်လာတာ ခုနစ်နှစ်တိုင်တိုင်ရှိလာပြီ။ ဘယ်လိုမှမအောင်မြင်ခဲ့ဘူး။ ယနေ့မှာတော့ လူကြီးတွေရဲ့ ဦးဆောင်ကြိုးစားမှုတွေ၊ ကုမ္ပဏီတော်တော်များများဟာ ယိုင်လဲနေတဲ့ အချိန်အခါမှာ ခုရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ ခိုင်မာတဲ့ကုမ္ပဏီကို တင်ဒါခေါ်ပြီး သေသေချာချာစိစစ်ပြီးတော့ ဆောက်တဲ့အခါမှာ စျေးသစ်ကြီးကို ကျွန်တော်တို့ မြန်မြန်ဆန်ဆန် ဆောက်စေချင်တယ်။ ဘာလို့ဆောက်စေချင်လဲဆိုတော့ သဘာဝဘေးအန္တရာယ်တွေဟာ အရမ်းကြောက်ရတယ်။ စျေးက ထင်းပုံကြီးလိုဖြစ်နေတယ်။ နောက်တစ်ခုကပစ္စည်းများထားသိုမှု တော်တော်လေးကို စည်းကမ်းပျက်ပြယ်နေတယ်။ လမ်းသွားရင်းနဲ့ဆေးလိပ်သောက်လို့ ပစ်လိုက်လို့ရှိရင် လောင်စာတွေပေါ့။ အဲဒီလို အနေအထားတွေ ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့က စျေးသစ်ကို အမြန်ဆောက်စေချင်တယ်” ဟု ဦးဆောင်ကျင်းပသည့် ဦးကြီးမြင့်က ပြောကြားသည်။

တာမွေ (ယာယီ) စျေးတွင် စျေးသစ်တည်ဆောက်လိုသည့် စျေးသူစျေးသားများလည်းရှိကြောင်း၊ စျေးထဲတွင် တောင်းဆိုထားသည့် အချက်များကို ဆိုင်များ၌ကပ်ထားကြောင်း၊ ထိုသို့ကပ်ထားသည့် ဆိုင်အချို့သည်  စျေးသူစျေးသားအချင်းချင်း မနက်မိုးလင်းသည်နှင့် မြင်နေရသည့်အတွက် အားနာမှုများဖြင့် မိမိတို့ဆိုင်ရှေ့တွင် ကပ်ထားခြင်းဖြစ်ကြောင်း ဦးကြီးမြင့်က ပြောကြားသည်။

ထို့နောက်စျေးသစ်တည်ဆောက်သည့် နေရာတွင် စျေးသူစျေးသားများကို ဥပဒေအကာအကွယ်ဖြင့် စျေးသစ်ကြီးကို အမြန်ဆုံး တည်ဆောက်ပေးရန် ဝန်ကြီးချုပ်ကို တောင်းဆိုချင်ကြောင်း၊ မိမိတို့သည် တိုင်းအစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း၊ တောင်းဆိုလျှင်လည်း ဖြစ်နိုင်သည့်အရာများကို တောင်းဆိုရမည်ဖြစ်ကာ မြေအောက်ခန်းတွင်လည်း ကုန်ချင်း မတူသည့်ပစ္စည်းများကို ရောင်းသည့်အတွက် လက်ခံရမည်ဖြစ်ကြောင်း ဦးကြီးမြင့်က ဆက်လက်ပြောကြားသည်။

ဆက်လက်၍ စျေးသစ်တည်ဆောက်ခြင်းကို ထောက်ခံသည့်စျေးသည်တစ်ဦးက စျေးသည်အရမ်းပျက်စီးနေသည့်အတွက် ဆောက်ချင်ကြောင်း၊ မြေအောက်ခန်းပါဝင်ခြင်းကိုလည်း စျေးအခြေအနေကြည့်ကာ လက်ခံရမည်ဖြစ်ကြောင်း ဆိုသည်။

ထိုကဲ့သို့ တာမွေစျေးသစ်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ တောင်းဆိုချက်များ တင်ပြထားသည့် စျေးသူစျေးသားများက မိမိတို့လည်း စျေးသစ်ကို ဆောက်ချင်ကြောင်း၊ ယနေ့ သဘောတူညီချက်ရလျှင် မနက်ဖြန် ဆောက်လိုက်ချင်ကြောင်း၊ မိမိတို့ကစျေးသစ် တည်ဆောက်ခြင်းကို ကန့်ကွက်နေခြင်း မဟုတ်ကြောင်း ပြောကြားသည်။

“ ဆောက်ချင်တာတော့ ကျွန်တော်တို့လည်း ဆောက်ချင်တာပဲ။ မြန်မြန်လည်း ပြီးချင်တာပဲ။ ဒါပေမဲ့ စောစောကပြောသလို တကယ်စျေးရောင်းချတဲ့အခါမှာ အခက်အခဲတွေရှိလာနိုင်တာကို ကျွန်တော်တို့က ကြိုတွေးပြီးတော့ စျေးသူစျေးသားတွေ တကယ်လိုအပ်တဲ့အချက်တွေကို ညှိနှိုင်းပြီးတော့ တောင်းဆိုနေတာပေါ့လေ။ ဒီရှစ်ချက်မှာ ကျွန်တော်တို့က စောစောကပြောသလို ညှိနှိုင်းပါ။ အကုန်လုံးရမှ မဟုတ်ဘူး။ ခုဆိုပြန်လျှော့ထားတာတွေလည်းရှိတယ်။ ခုသူတို့က မညှိနှိုင်းတော့ ကျွန်တော်တို့က ပြောလို့မရဘူးလေ။ ကျွန်တော်တို့က တောင်းဆိုချက်ရှစ်ချက်မှာ ဘယ်နှချက်ရနိုင်မလဲဆိုတာကို ညှိပြီးတော့ သဘောတူလို့ရှိရင် ဒီနေ့သဘောတူရင် မနက်ဖြန်ဖျက်ဆောက်ဒါပဲ။ အမြဲတမ်း အဲဒီလိုပြောထားပါတယ်။ ကျွန်တော်တို့က စျေးသစ်တည်ဆောက်တာကို ကန့်ကွက်နေတာမဟုတ်ဘူး”  ဟု တောင်းဆိုချက်များ တင်ပြထားသည့် စျေးသည်တစ်ဦးဖြစ်သူကို ဇော်ဝင်းထွန်းက ဆိုသည်။               

 

Most Read

Most Recent