ကျော်ကိုကို၏ အနာဂတ်နှင့်ပတ်သက်၍ ရန်ကုန်ယူနိုက်တက်အသင်း သတင်းထုတ်ပြန်မှုမရှိသေး

ကျော်ကိုကို၏ အနာဂတ်နှင့်ပတ်သက်၍ ရန်ကုန်ယူနိုက်တက်အသင်း သတင်းထုတ်ပြန်မှုမရှိသေး
Photos : Myoungoh Jung, YGN Utd, Sukhothai Facebook
Photos : Myoungoh Jung, YGN Utd, Sukhothai Facebook
Published 17 December 2019

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကို၏ အနာဂတ်နှင့်ပတ်သက်၍ လက်ရှိအချိန် အထိ သတင်းထုတ်ပြန်မှုမရှိသေးကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကျော်ကိုကိုတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်း မှာ ယခုဒီဇင်ဘာလအကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

သို့သော် ရန်ကုန်ယူနိုက်တက်အသင်းသည် ကျော်ကိုကိုအား သက်တမ်းတိုးစာချုပ်ချုပ်ဆိုမည့်ကိစ္စနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ ဆုံးဖြတ်ရသေးခြင်းမရှိကြောင်း သိရသည်။

ကျော်ကိုကိုသည် လက်ရှိအချိန်တွင် ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်း၌ ခြေစွမ်းပိုင်းသွားရောက် စမ်းသပ်ခံနေပြီး လေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်။

ကျော်ကိုကိုသည် ယာဘက်ဒူးဒဏ်ရာကြောင့် မြန်မာ့လက်ရွေးစင် အသင်းယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၂ ကမ္ဘာ့ ဖလားခြေစစ်ပွဲ ပွဲစဉ်အချို့ကိုလည်း လွဲချော်ခဲ့သူဖြစ်သည်။

ကျော်ကိုကိုသည် ၂၀၁၃ ရာသီတွင် ဇေယျာရွှေမြေအသင်း (လက်ရှိ ဖျက်သိမ်းထား) မှ ရန်ကုန်ယူနိုက်တက်အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး ၂၀၁၈ ရာသီတွင် ထိုင်းလိဂ်- ၁ ကလပ် ချင်းရိုင်ယူ နိုက်တက်အသင်းသို့ တစ်ရာသီ အငှားစာချုပ် ဖြင့် သွားရောက်ကစားခဲ့သည်။

ထို့နောက် ကျော်ကိုကိုသည် ပြီးခဲ့သည့် ၂၀၁၉ ရာသီက ထိုင်းလိဂ်-၁ ကလပ်အသင်းပင်ဖြစ်သည့် ဆာမတ်ပရာခန်အသင်းသို့ ပြောင်းရွှေ့ကာ တစ်ရာသီအငှားစာချုပ်ဖြင့် ဆက်လက် ကစားခဲ့ကြောင်း သိရသည်။

ဆူခိုထိုင်းအသင်းသည် ထိုင်းလိဂ်-၁ အမှတ်ပေးပြိုင်ပွဲသို့ ၂၀၁၆ ရာသီက တန်းတက်ခွင့်ရရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၉ ရာသီတွင် အဆင့် ၁၂ နေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ဆူခိုထိုင်းအသင်းသည် လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင်နောက်ခံလူ ဇော်မင်းထွန်းကိုလည်း တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူထားသည်။

ထို့ပြင် ဆူခိုထိုင်းအသင်းသည် ဘရာဇီးလ်တိုက်စစ်မှူး ပေါ်လစ္စတာ၊ ကမ္ဘောဒီးယားလက်ရွေးစင်ကွင်းလယ်လူ သီယာရီဘင်တို့ကိုလည်း  လာမည့်ရာသီအတွက် ခေါ်ယူထားကြောင်း သိရသည်။