2019 Presidents ဂေါ့ဖ်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ် ဦးဆောင်သည့် အမေရိကန်အသင်းက နိုင်ငံတကာအသင်းကို (၁၆-၁၄)မှတ်ဖြင့်အနိုင်ရ

2019 Presidents ဂေါ့ဖ်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ် ဦးဆောင်သည့် အမေရိကန်အသင်းက နိုင်ငံတကာအသင်းကို (၁၆-၁၄)မှတ်ဖြင့်အနိုင်ရ
Photos : AFP
Photos : AFP
Published 17 December 2019

 

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရှိ Royal Melbourne ဂေါ့ဖ်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့သည့် 2019 Presidents ဂေါ့ဖ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံအမေရိကန်အသင်းက နိုင်ငံတကာအသင်းကို (၁၆-၁၄) မှတ်ဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတကာအသင်းတွင် ဥရောပမပါဝင်ဘဲ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကစားသမားများပါဝင်ခဲ့ပြီး အမေရိကန်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် တိုက်ဂါးဝုဒ်နှင့်အတူ ဖရက်ကာပယ်လ်၊ ဇက်ဂျွန်ဆင်၊ စတိဗ်စထရစ်ကာ၊ ဂျက်စတင်းသောမတ်စ်၊ ဒက်စတင်းဂျွန်ဆင်၊ ဇန်ဒါရှက်ဖဲလ်၊ ဝက်ဘ်ဆမ်ပဆင်၊ မတ်ကူချာ၊ တိုနီဖီနူ၊ ရစ်ကီဖောင်လာ စသည့် နာမည်ကျော်ကစားသမားများနှင့် အခြားကစားသမားများလည်းပါဝင်ခဲ့သည်။ 

ပြိုင်ပွဲကို ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိကျင်းပခဲ့ခြင်းဖြစ်ပြီး ကြာသပတေးနေ့တွင် Fourball ပွဲစဉ်များ၊ သောကြာနေ့တွင် Foursome ပွဲစဉ်များ၊ စနေနေ့တွင် မ နက်ပိုင်း၌ Fourball နှင့် ညနေပိုင်း၌ Foursome ပွဲစဉ်များကို ကစားခဲ့ပြီး၊ နောက်ဆုံးနေ့ဖြစ်သည့် တနင်္ဂနွေနေ့တွင် တစ်ဦးချင်းပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတကာအသင်းသည် ပထမနေ့တွင် (၄-၁)မှတ်ဖြင့် အပြတ်အသတ်ဦးဆောင်နိုင်ခဲ့ပြီး၊ ဒုတိယနေ့တွင်မူ တစ်ဖက်လျှင် (၂)မှတ်ခွဲစီရရှိခဲ့သဖြင့် စုစုပေါင်း (၆)မှတ်ခွဲ- (၃)မှတ်ခွဲဖြင့် ဦးဆောင်ခဲ့သည်။

စနေနေ့မနက်ပိုင်းပွဲစဉ်များအပြီးတွင် (၉-၅)မှတ်ဖြင့် (၄)မှတ်ကွာအနေအထားအထိ ရောက်ရှိသွားခဲ့ပြီး ညနေပိုင်းတွင်မူ အမေရိကန်အသင်းက (၁-၃)မှတ်ဖြင့် ပြန်လည်ဦးဆောင်ခဲ့သဖြင့် စုစုပေါင်း (၁၀-၈)မှတ်အထိရှိလာခဲ့သည်။



နောက်ဆုံးနေ့အဖြစ် ကစားခဲ့သည့် တစ်ဦးချင်းပွဲစဉ်  (၁၂)ပွဲတွင်မူ နိုင်ငံတကာအသင်းဘက်မှ ဆောင်ဂျေးအင်နှင့် ကင်မရွန်စမစ်တို့သာ အနိုင်ရခဲ့ပြီး အမေရိကန်အသင်းဘက်မှ တိုက်ဂါးဝုဒ်၊ ပက်ထရစ်ရိဒ်၊ ဒက်စတင်းဂျွန်ဆင်၊ ပက်ထရစ်ကန်တလေ၊ ဇန်ဒါရှက်ဖဲလ်၊ ဝက်ဘ်ဆမ်ပဆင်တို့က အနိုင်ရခဲ့သဖြင့် စုစုပေါင်း (၁၆-၁၄)မှတ်ဖြင့် ပြန်လည်ကျော်ဖြတ်ကာအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။