လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသောင်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၄၀ ရရှိထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန်လေးထောင်ခန့် လျော့ကျခဲ့သဖြင့် ဝင်ငွေဒေါ်လာ ငါးသန်းလျော့ကျဟု ဆို

လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသောင်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၄၀ ရရှိထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန်လေးထောင်ခန့် လျော့ကျခဲ့သဖြင့် ဝင်ငွေဒေါ်လာ ငါးသန်းလျော့ကျဟု ဆို
  ဖိနပ်စက်ရုံများတွင် အသုံးပြုရန် ထုတ်လုပ်ထားသည့် မွန်ပြည်နယ် မုဒုံမြို့မှ ဖိနပ်ရော်ဘာများအား နိုဝင်ဘာအတွင်းက တွေ့ရစဉ်
ဖိနပ်စက်ရုံများတွင် အသုံးပြုရန် ထုတ်လုပ်ထားသည့် မွန်ပြည်နယ် မုဒုံမြို့မှ ဖိနပ်ရော်ဘာများအား နိုဝင်ဘာအတွင်းက တွေ့ရစဉ်
Published 16 December 2019
 ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင်  ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသောင်းကျော် တင်ပို့မှုမှ ဒေါ်လာသန်း ၄၀ ရရှိထားပြီး ယခင်နှစ်ကာလတူထက် ရော်ဘာတင်ပို့မှုတန်ချိန် လေးထောင်ခန့် လျော့ကျခဲ့သဖြင့် ဝင်ငွေဒေါ်လာ ငါးသန်းလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ပြည်ပသို့ ရော်ဘာတန်ချိန် ၃၂၈၃၅ တန် တင်ပို့မှုမှ ဒေါ်လာသန်း ၄၀ ရရှိထားသည်။ ယခင်နှစ် ကာလတူတွင် ပြည်ပသို့ ရော်ဘာတန်ချိန် ၃၆၈၀၅ တန်ကျော်အထိ တင်ပို့ထားပြီး ဒေါ်လာ ၄၅ သန်းရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ ရော်ဘာတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၃၉၇၀ ကျော်လျော့ကျခဲ့ပြီး ဝင်ငွေဒေါ်လာ ငါးသန်းလျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရော်ဘာကတော့ လက်ရှိကာလမှာ ဒေါ်လာသန်း ၄၀ ပေါ့၊ တန်ချိန်က ၃၂၈၃၅ တန်ရှိတယ်။ ကာလတူကတော့ တန်ဖိုးက ဒေါ်လာ ၄၅ သန်း၊ တန်ချိန်က ၃၆၈၀၅ တန်ပေါ့။ တန်ချိန်ကလည်း သုံးထောင်ကျော်လောက် နည်းတယ်။ တန်ဖိုးကလည်း ငါးသန်းလောက် နည်းတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးသည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းများတွင်လည်း စိုက်ပျိုးကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ငါးသိန်းနီးပါးရှိပြီး ကရင်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ၂၇၀၀၀၀ နီးပါးရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးမှုမှာ ၁၆ သိန်းခန့်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန်ချိန် စုစုပေါင်းနှစ်သိန်းခန့်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့ တင်ပို့နေခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိပြီး အဓိက တင်ပို့နေသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း မြန်မာနိုင်ငံရာဘာစိုက်ပျိုး၊ ထုတ်လုပ်သူများအသင်းမှ သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကို တရုတ်နိုင်ငံအပြင် ဒေသတွင်းနိုင်ငံများဖြစ်သည့် မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယစသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်တွင်သာမက ရော်ဘာစိုက်ဧကနှင့် ရော်ဘာအထွက်များသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ကြမ်းနှင့် ကုန်ချောထုတ်လုပ်နိုင်ရန် ရော်ဘာအထူးဇုန်များ ဖော်ဆောင်ပေးရန် မတ် ၇ ရက်က ပြုလုပ်သည့် ဒုတိယသမ္မတ (၁)ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၁၅) ကြိမ်မြောက်အခမ်းအနားတွင် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး၊ ထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က တင်ပြခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံခြားသို့ တင်ပို့နေသော RSS မှိုင်းခံရော်ဘာများ၊ ရော်ဘာခြံများ(အထူးသဖြင့် ခြံငယ်များ)များမှ ထုတ်လုပ်ရာတွင် စက်ပစ္စည်း၊ အစေးခဲကန်၊ မှိုင်းခံများ မရှိသဖြင့် ရော်ဘာအစိုပြားများ အထူးပြားများသာ ထုတ်လုပ်နေရပြီး ရောင်းချရာတွင်လည်း စျေးမရကြသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

 

 

Most Read

Most Recent