ကမ္ဘာ့ရေနံစျေး အမြင့်ပိုင်းတွင်ရှိသော်လည်း ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ အတက်အကျ နည်းပါးလျက်ရှိပြီး တစ်လအတွင်း တစ်လီတာ ငါးကျပ်မှ ၁၅ ကျပ်အထိသာ မြင့်တက်

ကမ္ဘာ့ရေနံစျေး အမြင့်ပိုင်းတွင်ရှိသော်လည်း ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ အတက်အကျ နည်းပါးလျက်ရှိပြီး တစ်လအတွင်း တစ်လီတာ ငါးကျပ်မှ ၁၅ ကျပ်အထိသာ မြင့်တက်
Published 15 December 2019
စည်သူအောင်

ကမ္ဘာ့ရေနံစျေး ၅၉ ဒေါ်လာ ဝန်းကျင်ဖြင့် အမြင့်ပိုင်းတွင်ရှိသော်လည်း ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ အတက်အကျနည်းပါးလျက်ရှိပြီး တစ်လအတွင်း တစ်လီတာ ငါးကျပ်မှ ၁၅ ကျပ်အထိသာ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများအရသိရသည်။

ကမ္ဘာ့ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက် တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အထက် ပြန်ရောက်ကာ သြဂုတ် ၇ ရက် တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင်ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၆၂ ဒေါ် လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နိုဝင်ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာ၊ ဒီဇင်ဘာ ၁၀ ရက်တွင် ၅၉ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ် တစ်လီတာ ၉၅၅ ကျပ် (တစ်ဂါလန် ၄၃၄၁ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၉၆၅ ကျပ် (တစ်ဂါလန် ၄၃၈၆ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၈၈၅ ကျပ် (တစ်ဂါလန် ၄၀၂၃ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ  ၉၇၅ ကျပ် (တစ်ဂါလန် ၄၄၃၂ ကျပ်) ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်တွင် ဖြစ်ပေါ်ခဲ့သောစျေးနှင့် နှိုင်းယှဉ်ပါက စက်သုံးဆီစျေးနှုန်းများ တစ်လီတာ ငါးကျပ်မှ ၁၅ ကျပ်အထိသာ မြင့်တက်ခဲ့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်မှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်း စက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင် စျေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့်ဆုံးစျေးနှုန်းအဖြစ် ဒီဇယ် တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၆၇၀ (တစ်ဂါလန် ၃၀၄၁ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၇၃၀ (တစ်ဂါလန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီစျေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ် ၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျနည်းပါးကာ ဇွန် (၂၁ ရက်အထိ) တွင် ကျပ် ၁၁၀ မှ ကျပ် ၁၃၀ အထိ ပြန်လည် ကျဆင်းခဲ့သည်။ ထို့နောက် ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အတွင်း တစ်လီတာ ၃၅ ကျပ်ပြန်လည်မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အထိ တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ သြဂုတ် ၁၅ ရက်မှ စက်တင် ဘာ ၂၅ ရက်အတွင်း တစ်လီတာ ကျပ် ၇၀ အထိပြန်တက်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၄ ရက်အထိ တစ်လီတာ ကျပ် ၄၀ ပြန်လည်ကျဆင်းခဲ့သည်။ အောက်တိုဘာ ၉ ရက် မှ ၂၅ ရက်အထိ တစ်လီတာ ကျပ် ၄၀ မှ ၄၅ ကျပ်အထိ ပြန်တက်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ တစ်လီတာ ၁၀ ကျပ်မှ ၁၅ ကျပ်အထိ ပြန်ကျခဲ့သည်။ နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အထိ တစ်လီတာ ၁၀ ကျပ်မှ ၃၅ ကျပ်အထိ၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။

ပြည်တွင်းစျေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ် တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်)၊ အောက်တိန်း 95 Ron  တစ်လီတာ ကျပ် ၆၅၀ (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်စျေးနှုန်း နှိုင်းယှဉ်ပါက လပေါင်း ၃၀ ကျော်အတွင်း ဒီဇယ် ၁၁၉ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၀၅ ရာခိုင်နှုန်း၊ 92 Ron ၉၄ ရာခိုင်နှုန်း၊ 95 Ron ၇၂ ရာခိုင်နှုန်း စျေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။                          

 

 

Most Read

Most Recent