တရုတ်နှင့် အီးယူ စျေးကွက်ကောင်းမွန်သဖြင့် လက်ရှိတွင် ပြည်တွင်း၌ ပဲတီစိမ်းအညံ့စားပင်လျှင် တစ်တန်လျှင် ကျပ် ၁၁ သိန်းကျော်ရှိပြီး ပြည်ပပို့ကုန် အရည်အသွေးပြည့်မီပါက ကျပ် ၁၄ သိန်းခန့်အထိရှိဟု ဆို

တရုတ်နှင့် အီးယူ စျေးကွက်ကောင်းမွန်သဖြင့် လက်ရှိတွင် ပြည်တွင်း၌ ပဲတီစိမ်းအညံ့စားပင်လျှင် တစ်တန်လျှင် ကျပ် ၁၁ သိန်းကျော်ရှိပြီး ပြည်ပပို့ကုန် အရည်အသွေးပြည့်မီပါက ကျပ် ၁၄ သိန်းခန့်အထိရှိဟု ဆို
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဲစိုက်တောင်သူများ၏ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဲစိုက်တောင်သူများ၏ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 14 December 2019
ဇေယျာငြိမ်း

တရုတ်နှင့် အီးယူ စျေးကွက်ကောင်းမွန်သဖြင့် လက်ရှိပြည်တွင်း၌ ပဲတီစိမ်းအညံ့စားပင်လျှင် ကျပ် ၁၁ သိန်းကျော်ရှိပြီး ပြည်ပပို့ ကုန်အရည်အသွေးပြည့်မီပါက ကျပ် ၁၄ သိန်းခန့်အထိရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သိရသည်။

“ တရုတ်ဘက်က စျေးကောင်းရင် များသောအားဖြင့် ပဲတီစိမ်းစျေးကွက်က စျေးကောင်းတာများတယ်။ ဒါပေမဲ့လည်း အီးယူကလည်း သူ့ဟာသူစျေးကွက်တစ်ခု ရှိတဲ့အခါကျတော့ တရုတ်နဲ့ အီးယူက စျေးကောင်းတယ်ဆိုရင် ကျန်တဲ့နိုင်ငံတွေကလည်း စျေးအထိုက်အလျောက် ပေးဝယ်တာပေါ့နော်။ ပဲတီစိမ်းဆို ဒီနှစ်ဆိုရင် တကယ်တမ်းညံ့တဲ့ အစားတောင် ၁၁ သိန်းကျော်လောက် ပုံမှန်ရှိတယ် ပြည်တွင်းမှာ။ တကယ်ကောင်းတဲ့ အစားဆို ၁၃သိန်းကျော် ၁၄ သိန်းလောက် ရှိတယ်။ ပဲတီစိမ်းစျေးကွက်ကတော့ ပိုခိုင်မာပါတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စသည့်ပဲအမျိုးအစားသုံးခုကို ပြည်ပသို့ အများဆုံးတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအနက် မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံတချို့သို့ အဓိက တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင်မှ ထုတ်ပြန်ချက်များအရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၃  ရက်တွင် FOB စျေးနှုန်းများမှာ ပဲတီစိမ်း FAQ တစ်တန်လျှင် ဒေါ်လာ ၈၀၀ မှ ၈၃၀ အထိ (ကျပ် ၁၂ သိန်းမှ ၁၂ သိန်းခွဲအကြား)၊ ပဲတီစိမ်းရွှေဝါသည် အမျိုးအစားပေါ်မူတည်ကာ တစ်တန်လျှင် ဒေါ်လာ ၈၅၀ မှ ၁၀၅၀ အကြား (ကျပ် ၁၃ သိန်းခန့်မှ ၁၅ သိန်းကျော်) အထိရှိကြောင်း သိရသည်။      

သို့သော်လည်း ပြည်တွင်း၌ မတ်ပဲစျေးနှုန်း ကျပ် ၁၃ သိန်းအထိ ရှိခဲ့သော်လည်း လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ မတ်ပဲစျေးနှုန်း ကျဆင်းနေသည့်အပြင် ဝယ်ယူမှုလျော့ကျလာသဖြင့် ကျပ်  ၉၇၀၀၀၀ ကျော်သာရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

“ လက်ရှိစျေးကွက်အနေအထားကတော့ မတ်ပဲစျေးကတော့ နည်းနည်းလေးပြန်ကျတယ်။ လက်ရှိမှာ ၉၇၅၀၀၀ လောက်ပြန်ဖြစ်တယ်။ အမြင့်ဆုံး ၁၃ သိန်းကျော်လောက် တက်ပြီးမှ အိန္ဒိယဘက်မှာလည်း ပဲစျေးအထိုက်အလျောက် ပြန်ကျတဲ့အခါမှာ တောက်လျှောက်ပြန်ဆင်းလာတဲ့သဘော။ ဒီရက်ပိုင်းမှာ စျေးက ပြန်တော့တက်လာတယ်။ ပြန်တက်လာတယ်ဆိုပေမယ့် အိန္ဒိယဘက်က ဆိပ်ကမ်းမှာ လွယ်လင့်တကူ ထုတ်မပေးတဲ့ ပြဿနာတွေပေါ့နော်။ ဒါကြောင့်လည်း လက်ရှိမှာ အဝယ်က ပြန်ရပ်သွားပြီ။ အဝယ်ရပ်တဲ့ အတွက်ကြောင့် ပြည်တွင်းမှာလည်း ပဲစျေး အထိုက်အလျောက်ပြန်ကျတဲ့ သဘောပေါ့။ မတ်ပဲက ပြည်တွင်းမှာ ၉၇၅၀၀၀ လောက်ပဲ ရှိတယ်” ဟု  အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြာသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၂၀၅၀၀၀ အထိ စျေးနှုန်းမြင့်တက်ခဲ့သော်လည်း ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းတွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၉၆၈၀၀၀ အထိ စျေးကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက် ညနေတွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၁၀၂၀၀၀ အထိ စျေးပြန်တက်လာခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် ယခင်နှစ်ကာတူထက် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၃၀,၀၀၀ ခန့် လျော့ကျခဲ့သော်လည်း ယင်းကာလအတွင်း ပဲစျေးနှုန်းမြင့်တက်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ငါးသန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၂၅ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ရှစ်သောင်းကျော် တင်ပို့ထားပြီး ဝင်ငွေ ဒေါ်လာ ၅၆ သန်းကျော် ရရှိထားသည်။

“ ပဲမျိုးစုံကတော့ လက်ရှိမှာ တန်ချိန် ၈၀၀၀၀ ကျော်ပေါ့။ ဝင်ငွေကတော့ ၅၆ ဒသမ ၂၂၉ သန်းပေါ့။ ကာလတူထက်ယှဉ်ရင် တန်ချိန် နှစ်သောင်းကိုးထောင်လောက်နည်းတဲ့ အနေအထားမှာရှိတယ်။ ဝင်ငွေရတာပေါ့ ပိုနေတယ်။ ဘယ်လောက်လဲဆိုတော့ ဒေါ်လာ ငါးသန်းလောက်ပိုနေတယ်။ တန်ချိန်တော့ နည်းသွားတယ် ဝင်ငွေကတော့ ပိုလာတယ်။ အဓိကတော့ စျေးနှုန်းကြောင့်ပေါ့”  ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။                   

 

Most Read

Most Recent