ယင်းအခြေအနေမှာ အာဆင်နယ်အသင်းပရိသတ် များတွင် စိုးရိမ်စရာဖြစ်လာသော်လည်း လာမည့်ဘဏ္ဍာရေးနှစ်တွင် Adidas နှင့်ချုပ်ဆိုထားသည့် တစ်နှစ် ပေါင် သန်း ၆၀ တန်စာချုပ်မှ ဝင်ငွေများတိုးလာမည်ဖြစ်သောကြောင့် ဘဏ္ဍာရေးပိုင်း အခြေအနေ ပြန်ကောင်းလာမည်ဟု သတင်းများက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်အထိ ၂၀၁၈-၁၉ ရာသီ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းတွင် အာဆင်နယ်အသင်းသည် အခွန်မဆောင်မီ ပေါင် ၂၃ ဒသမ ၅ သန်း အရှုံးပြခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။
လွန်ခဲ့သည့် ၁၂ လက အခွန်မဆောင်မီအမြတ်ငွေ ပေါင် ၉၇ ဒသမ ၄ သန်းနှင့်နှိုင်းယှဉ်လျှင်မူများစွာ ကျဆင်းသွားခဲ့သည်။ ကစားသမား ရောင်းချမှုမှ ဝင်ငွေမှာလည်း ပေါင် ၁၂၂ ဒသမ ၃ သန်းမှ ၁၆ ဒသမ ၈ သန်းသို့ ကျဆင်းခဲ့ရခြင်းဖြစ်သည်။ ၂၀၁၉-၂၀ ရာသီအပါအဝင် ပြီးခဲ့သည့်ငါးရာသီအတွင်း ကစားသမားရောင်းချမှုမှ ပျမ်းမျှအမြတ်ငွေသည် တစ်နှစ်လျှင် ပေါင် ၃၄ သန်းရှိသည် ဟု ကလပ်အသင်းမှ ပြောကြားထားသည်။ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆက်တိုက်လွဲချော်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်ကစားနေရခြင်းမှာ လည်း ကလပ်အသင်း၏ဝင်ငွေတွင် သက်ရောက်မှုကြီးမားခဲ့သည်။
အာဆင်နယ်အသင်း၏ဝင်ငွေစုစုပေါင်းမှာ ယမန်နှစ် ပေါင် ၃၈၈ ဒသမ ၆ သန်းမှ ပေါင် ၃၆၇ ဒသမ ၅ သန်းသို့ ကျဆင်းခဲ့ပြီး ကစားသမားများအတွက် လစာငွေပေးချေရမှုမှာ ပေါင် ၂၀၄ ဒသမ ၉ သန်းမှ ပေါင် ၂၀၀ ဒသမ ၈ သန်းသို့ အနည်းငယ်သာကျဆင်းခဲ့သည်။ အာဆင်နယ်အသင်း၏ကွင်းဝင်ကြေးဝင်ငွေအတိအကျကို တရားဝင်ထုတ်ပြန်သည့်အချိန်မှသာ သိရမည်ဖြစ်ကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။ သို့ သော် Mirror သတင်းစာမှ ဖော်ပြမှုတွင်မူ ကွင်းဝင်ကြေးဝင်ငွေရရှိမှုမှာ ပေါင် သန်း ၃၀ လျော့ကျခဲ့ရပြီး ပေါင် ၆၉ သန်းသာရရှိခဲ့ကြောင်း သိရသည်။
အမှတ်တရပစ္စည်းများ ရောင်းချခြင်းအပါအဝင် စီးပွားရေး လုပ်ငန်းများမှ ပေါင် ၁၀၇ သန်းရရှိ ခဲ့ပြီး ယင်းမှာ Visit Rwanda နှင့် စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ခြင်းများ အပါအဝင် ပြီးခဲ့သည့်နှစ်ကထက် ပေါင် လေးသန်းဝန်းကျင် ပိုမိုရရှိ ခဲ့သည်။ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် တစ်ရာသီစာလက်မှတ် ကိုင်ဆောင်ထားသူများအပေါ် လက်မှတ်ရောင်းချခြင်း နှောင့်နှေးခြင်းသည်မှာလည်း အသင်း၏ဝင်ငွေရရှိမှုအပေါ် ထိ ခိုက်စေခဲ့သည်။
ယင်းအခြေအနေမှာ အာဆင်နယ်အသင်းပရိသတ် များတွင် စိုးရိမ်စရာဖြစ်လာသော်လည်း လာမည့်ဘဏ္ဍာရေးနှစ်တွင် Adidas နှင့်ချုပ်ဆိုထားသည့် တစ်နှစ် ပေါင် သန်း ၆၀ တန်စာချုပ်မှ ဝင်ငွေများတိုးလာမည်ဖြစ်သောကြောင့် ဘဏ္ဍာရေးပိုင်း အခြေအနေ ပြန်ကောင်းလာမည်ဟု သတင်းများက ဖော်ပြခဲ့သည်။ ထို့ပြင် ဒါရိုက်တာဖြစ်သူ ဂါဇီဒစ် အသင်းနှင့်လမ်း ခွဲခဲ့သောကြောင့် တစ်နှစ်လစာငွေ ပေါင် ၂ ဒသမ ၇ သန်းကုန်ကျနေရာ မှ ပေါင် ၈၄၆၀၀၀ သို့ လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် လက်ရှိတွင် ကိုးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုနှင့် ရင်ဆိုင်နေရပြီး ၁၉၇၇ နောက်ပိုင်း အသင်းသမိုင်းတွင် အဆိုးရွားဆုံးမှတ်တမ်းနှင့် ကြုံတွေ့ရလျက်ရှိသည်။ နည်းပြ အူနိုင်းအမ်မရီကို ရာထူးမှထုတ်ပယ်ပြီးကတည်းက နည်းပြသစ်ခန့်အပ်နိုင်ခြင်းမရှိသေးဘဲ ယွန်းဘတ်က ယာယီတာဝန်ယူထားပြီး စပါးနည်းပြဟောင်း ပိုချက်တီနိုကို ခန့်အပ်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။