UEFA ၏ FFP စည်းမျဉ်းနှင့် ကိုက်ညီမှုရှိစေရန်အတွက် ရီးယဲလ်အသင်းအနေဖြင့် လာမည့်ဇန်နဝါရီတွင် ဘေးလ်နှင့် ဟာမီးရိုဒရီဂွက်ဇ်တို့ကို ရောင်းချဖွယ်ရှိနေ

UEFA ၏ FFP စည်းမျဉ်းနှင့် ကိုက်ညီမှုရှိစေရန်အတွက် ရီးယဲလ်အသင်းအနေဖြင့် လာမည့်ဇန်နဝါရီတွင် ဘေးလ်နှင့် ဟာမီးရိုဒရီဂွက်ဇ်တို့ကို ရောင်းချဖွယ်ရှိနေ
Photos: Getty Images,Daily Mail
Photos: Getty Images,Daily Mail
Published 8 December 2019

UEFA ၏စည်းမျဉ်းများတွင် ကလပ်အသင်းတစ်သင်းအနေဖြင့် အသားတင်အသုံးစရိတ်မှာ အမြင့်ဆုံး ပေါင် သန်း ၁၀၀ အထိသာ ရှိရမည်ဖြစ်ပြီး ယခုလိုငွေ ယူရိုသန်း ၂၀၀ ဖြစ်နေမှုမှာ ရီးယဲလ်အသင်းအတွက် စိုးရိမ်စရာဖြစ်နေပြီး ဘဏ္ဍာရေးနှစ်အတွင်း မဖြေရှင်းနိုင်လျှင် FFP စည်းမျဉ်းများနှင့် အရေးယူခြင်း ခံရနိုင်ဖွယ်ရှိနေသည်။

 

လာလီဂါထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ဘဏ္ဍာရေးထိန်းချုပ်မှု FFP စည်းမျဉ်းနှင့်ကိုက်ညီမှုရှိစေရန် အသင်းမှတန်ဖိုးမြင့် ကစားသမားများဖြစ်သည့် ဂါရတ်ဘေးလ်နှင့် ဟာမီးစ်ရိုဒရီဂွက်ဇ်တို့ကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရောင်းချသွားဖွယ်ရှိကြောင်း စပိန်နေ့စဉ်ထုတ်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်အသင်းသည် ဟာဇက်၊ ယိုဗစ်စသည့်ကစားသမားသစ်များ ခေါ်ယူရာတွင် ယူရို သန်း ၃၅၀ အထိ အသုံးပြုခဲ့ပြီး ကစားသမားရောင်းချမှုမှ ယူရို သန်း ၁၅၀ သာ ပြန်လည်ရရှိသောကြောင့် လိုငွေမှာ ယူရို သန်း ၂၀၀ အထိ ရှိနေခြင်းဖြစ်သည်။ UEFA ၏စည်းမျဉ်းများတွင် ကလပ်အသင်းတစ်သင်းအနေဖြင့် အသားတင်အသုံးစရိတ်မှာ အမြင့်ဆုံး ပေါင် သန်း ၁၀၀ အထိသာ ရှိရမည်ဖြစ်ပြီး ယခုလိုငွေ ယူရိုသန်း ၂၀၀ ဖြစ်နေမှုမှာ ရီးယဲလ်အသင်းအတွက် စိုးရိမ်စရာဖြစ်နေပြီး ဘဏ္ဍာရေးနှစ်အတွင်း မဖြေရှင်းနိုင်လျှင် FFP စည်းမျဉ်းများနှင့် အရေးယူခြင်း ခံရနိုင်ဖွယ်ရှိနေသည်။ ရီးယဲလ် အသင်းသည် ကစားသမားရောင်းချပြီး ဖြေရှင်းဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေမှုအား ငြင်းဆန်ခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။

ဝေးလ်စ်တောင်ပံကစားသမား ဘေးလ်မှာ အသင်းပရိသတ်များနှင့် အဆင်မပြေဖြစ်နေပြီး ကိုလံဘီယာလက်ရွေးစင်အသင်းခေါင်းဆောင် ဟာမီးရိုဒရီဂွက်ဇ်မှာလည်း ယခုရာသီအတွင်း အသင်းအတွက် ကိုးပွဲသာ ကစားရကာ ပွဲကစားချိန် ၄၂၂ မိနစ်သာရှိခဲ့ပြီး အသင်းမှ ထွက်ခွာရန် ပြင်ဆင်နေသူဖြစ်သည်။ ရီးယဲလ်အသင်းသည် ပြီးခဲ့သည့်ရာသီကတည်းက အသင်း၏ ကုန်ကျစရိတ်ကို စီမံကိန်းချဆောင်ရွက်ခဲ့ပြီး ဗင်နီစီယပ်စ်၊ ရိုဒရီဂိုကဲ့သို့ လူငယ်ကြယ်ပွင့်များဖြင့် အသင်း၏ အနာဂတ်ကို တည်ဆောက်ရန်ကြိုးပမ်းခဲ့သည်။ သို့သော် ဖီဖာကလပ် ကမ္ဘာ့ဖလားတစ်လုံးသာ ရရှိခဲ့သောကြောင့် ဟာဇက်ကဲ့သို့ High Profile ကစားသမားမျိုးကို ခေါ်ယူပြီး အသင်းကို ပြင်ဆင်ခဲ့သည်။

ရီးယဲလ်အသင်းနှင့် အနာဂတ် လှုပ်ခတ်နေသူ ဘေးလ်သည် လက်ရှိတွင် တံကောက်ကြောဒဏ်ရာ ရရှိနေပြီး ပြီးခဲ့သည့် အက်စ်ပန်ညိုနှင့် ပွဲအပြင် လာမည့် ကလပ်ဘရုဂေး နှင့် ချန်ပီယံလိဂ်ပွဲကိုပါ လွဲချော်ဖွယ် ရှိနေသည်။ ၂၀၁၃ ခုနှစ်က ရီးယဲလ်အသင်းသို့ ရောက်ရှိခဲ့သည့် ဘေးလ်၏ဒဏ်ရာရရှိမှုမှာ ၂၅ ကြိမ်မြောက် ဖြစ်ပြီး စပါးအသင်းတွင် ခြောက်နှစ်တာကစားခဲ့စဉ်က ရရှိခဲ့သည်ထက် တစ်ကြိမ်ပိုများနေသည်ဟု Injury League ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

ဘေးလ် ဒဏ်ရာရရှိမှုမှာ နှစ်သင်းပေါင်းတွင် ၄၆ ကြိမ်ရှိပြီး တစ်ရာသီလျှင် ပျမ်းမျှ လေးကြိမ်အထိရှိ ကြောင်း သိရသည်။