ICJ ၌ နိုင်ငံတော်ကိုယ်စားဦးဆောင်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်တရားရင်ဆိုင်မည့် ကိစ္စသည် ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သဖြင့် အရောင်အသွေးမခွဲခြားဘဲ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း

ICJ ၌ နိုင်ငံတော်ကိုယ်စားဦးဆောင်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်တရားရင်ဆိုင်မည့် ကိစ္စသည် ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သဖြင့် အရောင်အသွေးမခွဲခြားဘဲ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း
Published 7 December 2019
စည်သာ (တောင်ကြီး)

ICJ ၌ နိုင်ငံတော်ကိုယ်စားဦးဆောင်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက် တရားရင်ဆိုင်မည့် ကိစ္စသည် ပြည်သူလူထုတစ်ရပ်လုံးနှင့် သက်ဆိုင်သဖြင့် အရောင်အသွေးမခွဲခြားဘဲ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပါကြောင်း တောင်ကြီးမြို့တွင် ကျင်းပမည့် ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးအောင်ကျော်နိုင်က ပြောကြားသည်။

ထိုသို့ ဆောင်ရွက်ခြင်းသည် ပါတီအရေးမဲဆွယ်ခြင်း မဟုတ်သဖြင့် နားမယောင်ကြရန်၊ အိမ်တွင်းရေးပြဿနာ (ရခိုင်ပြည်နယ်အရေး)သည် ရှမ်းပြည်နယ်နှင့်လည်း သက်ဆိုင်ပြီး ရှေ့ဆက်သွားရမည့် နိုင်ငံ့အနာဂတ်အတွက် နိုင်ငံတကာပုံရိပ်လှပစေရန် ထိုကိစ္စသည် အရေးကြီးကြောင်း၊ နိုင်ငံတကာ စင်မြင့်ထက်တွင် မြန်မာနိုင်ငံသည် သတင်းဆိုးများဖြင့်သာ ဖြန့်ဝေနေသဖြင့် အတိဒုက္ခရောက်နေသော နိုင်ငံအဖြစ်သာ မြင်နိုင်စရာ အကြောင်းရှိပါကြောင်း၊ ပြည်သူပြည်သားအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းလက်တွဲ ဖြေရှင်းလျှင် ဖြေရှင်း၍ရပါကြောင်း၊ ယခုကိစ္စသည် လွန်စွာအရေးကြီးသောကိစ္စဖြစ်သောကြောင့် အရောင်အသွေးမခွဲခြားဘဲ အားလုံးအတူတကွ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပါကြောင်း ဦးအောင်ကျော်နိုင်က ပြောကြားသည်။

“လာမယ့် ၁၀ ရက်နေ့မှာ ICJ မှာ နိုင်ငံတော်ကို တရားစွဲဆိုထားတဲ့အမှုကို ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားသွားရောက် ဖြေရှင်းမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကလည်း အိမ်တွင်းရေးကိစ္စသည် နိုင်ငံရဲ့အကျိုးစီးပွားအတွက် အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက် နိုင်ငံရဲ့ခေါင်းဆောင်၊ အိမ်ထောင်ဦးစီးလို့လည်း ပြောလို့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ဖြေရှင်းမှာဖြစ်တဲ့အတွက် အိမ်သူအိမ်သားတွေက သူ့ဘက်ကနေ တစ်သွေးတည်း တစ်သားတည်း ရပ်တည်နေတာပြဖို့ ရည်ရွယ်ပြီးဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးအောင်ကျော်နိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၁၀ ရက်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးများနေ့လည်းဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မြောင်းမြ၊ ဖျာပုံစသော မြို့ကြီးငါးမြို့တွင် တစ်ပြိုင်နက်တည်း ထောက်ခံပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ပြုလုပ်မည့် ထောက်ခံပွဲကို နိုဝင်ဘာ ၂၄ ရက်ကတည်းက စတင်စီစဉ်ခဲ့ပြီး ငြိမ်းစုစီတင်ထားရာတွင် လူဦးရေ ၃၀၀၀ ကျော် ပါဝင်လာနိုင်လိမ့်မည်ဟုခန့်မှန်းကြောင်း၊ လမ်းကြောင်းမှာ တောင်ကြီးမြို့အလယ် မြကန်သာအဝိုင်းပတ် စုရပ်ဘက်မှ စတင်ထွက်ခွာပြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးအတိုင်း ချီတက်လာကာ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံတွင် အလေးပြုခြင်းဖြင့် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ခံပွဲကိုတောင်ကြီးမြို့အပြင် ဟိုပုန်း၊ နမ့်စန်၊ ညောင်ရွှေ၊ ကလော၊ ဖယ်ခုံ၊ ရပ်စောက်မြို့ကြီးများကပါ ပူးပေါင်းလာကြမည်ဖြစ်ကာ နံနက်ပိုင်း ၉ နာရီခွဲ စတင်ထွက်ခွာ၍ ရှေ့ဆုံးတွင် အထက (၄) ဘင်ခရာအဖွဲ့ပါဝင်မည်ဖြစ်ပြီး နောက်ပိတ်တွင် ကယန်းတူရိယာအဖွဲ့ပါမည်ဖြစ်ပြီး ဆိုင်းဘုတ်များမှာ နိုင်ငံတော်အလံနှင့် ဒေါ်အောင်ဆန်းစုကြည် ပုံပါဝင်သော ဆိုင်းဘုတ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

                             

 

 

Most Read

Most Recent