မြန်မာနိုင်ငံအခြေစိုက် တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန၏ မြန်မာပိုင်းဌာနမှ အယ်ဒီတာချုပ် အပါအဝင် ခြောက်ဦးအား အလုပ်မှထုတ်ပယ်

မြန်မာနိုင်ငံအခြေစိုက် တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန၏ မြန်မာပိုင်းဌာနမှ အယ်ဒီတာချုပ် အပါအဝင် ခြောက်ဦးအား အလုပ်မှထုတ်ပယ်
အွန်လိုင်းတွင် လွှင့်တင်ထားသည့် ဆင်ဟွာမြန်မာသတင်းဌာန၏ စာမျက်နှာကို တွေ့ရစဉ်
အွန်လိုင်းတွင် လွှင့်တင်ထားသည့် ဆင်ဟွာမြန်မာသတင်းဌာန၏ စာမျက်နှာကို တွေ့ရစဉ်
Published 4 December 2019
ဇော်မင်းနိုင်

မြန်မာနိုင်ငံအခြေစိုက် တရုတ်အစိုးရ ပိုင်ဆင်ဟွာသတင်းဌာန၏  မြန်မာပိုင်းဌာနမှ အယ်ဒီတာချုပ်အပါအဝင် ခြောက်ဦးအား အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

ဒီဇင်ဘာ ၃ ရက်တွင် အစည်းအဝေး ခေါ်ယူကာ အလုပ်မှထုတ်ပယ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆင်ဟွာသတင်းဌာန၏ မြန်မာဘာသာဌာနမှ အယ်ဒီတာချုပ် ဦးထွန်းထွန်းဦးအပါအဝင် မီဒီယာသမား ခြောက်ဦးအား အလုပ်မှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

“ သူတို့ပြောတာကတော့ ဘတ်ဂျက်ကြောင့် လူလျှော့တာလို့ ပြောပါတယ်။ အလုပ်ကထုတ်တဲ့အတွက်ကြောင့် ခံစားခွင့်ကတော့ အလုပ်သမားဥပဒေအတိုင်းလို့ ပြောတယ်” ဟု အလုပ်မှထုတ်ပယ်ခံရသူတစ်ဦးက ပြောကြားသည်။

ဆင်ဟွာသတင်းဌာနတွင် အလုပ်မှ ထုတ်ပယ်မည်ဆိုပါက တစ်လကြိုတင် ပြောကြားရခြင်းဖြစ်ပြီး ယင်းသတ်မှတ်ချက်ကြောင့် အလုပ်မှ ထုတ်ပယ်ခံရသူများမှာ ဒီဇင်ဘာ တစ်လလုပ်ကိုင်ရမည် ဖြစ်သည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး ဆင်ဟွာသတင်းဌာန မြန်မာပိုင်းမှ အမှုဆောင်အရာရှိချုပ် ဒေါ်စုမြတ်မွန်အား ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ အင်တာဗျူးဖြေခွင့် မရှိပါဘူး။ ပြန်ဆက်သွယ်ပေးပါ့မယ်” ဟု ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ပြန်လည်ဖြေကြားသည်။

တရုတ်အစိုးရက ထောက်ပံ့လျက်ရှိသည့် ဆင်ဟွာသတင်းဌာနအနေဖြင့် မြန်မာနိုင်ငံတွင် အခြေစိုက်ကာ မြန်မာဘာသာဖြင့် အွန်လိုင်းတွင် သတင်းတင်ဆက်မှုကို ၂၀၁၅ ခုနှစ် မေ ၈ ရက်တွင် စတင်လုပ်ဆောင်ခဲ့သည်။

ဆင်ဟွာသတင်းဌာနမှာ နိုင်ငံတိုင်းတွင် သတင်းဌာနများ တည်ထောင်ထားပြီး ယင်းနိုင်ငံ၏ ရုံးသုံးဘာသာစကားဖြင့် အွန်လိုင်းတွင် သတင်းများထုတ်လွှင့်လျက် ရှိသည်။                                

 

 

 

Most Read

Most Recent