ငွေကြေးဖောင်းပွမှု တည်ငြိမ်ရန်လိုခြင်း

ငွေကြေးဖောင်းပွမှု တည်ငြိမ်ရန်လိုခြင်း
Published 4 December 2019

အချိန်အတိုင်းအတာတစ်ခု၌ စီးပွားရေးတစ်ရပ်အတွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ အထွေထွေစျေးနှုန်းအဆင့် အဆက်မပြတ် မြင့်တက်နေမှုကို ငွေကြေးဖောင်းပွမှုဟု ခေါ်သည်။ အထွေထွေကုန်စျေးနှုန်း အဆင့်မြင့်တက်လာသည့်အခါ ငွေကြေးယူနစ် အသီးသီးအနေဖြင့် ပိုမိုနည်းပါးသော ကုန်ပစ္စည်းပမာဏနှင့် ဝန်ဆောင်မှုတို့ကိုသာ ဝယ်ယူနိုင်တော့မည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ငွေကြေးဖောင်းပွမှုသည် ဝယ်ယူနိုင်မှု ပါ၀ါ။ငွေကြေးယူနစ်လျော့ကျမှုကို ထင်ဟပ်ပြခြင်းဖြစ်သည်။ ကုန်ဖလှယ်မှုကြားခံ၌ အမှန်တကယ်ရှိသည့် တန်ဖိုးဆုံးရှုံးရခြင်းဖြစ်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်းအား ငွေကြေးဖောင်းပွမှုနှုန်းဟု ခေါ်ပြီး အထွေထွေစျေးနှုန်းအညွှန်းတစ်ရပ်၌ နှစ်စဉ်ရာခိုင်နှုန်း အပြောင်းအလဲကို ဖော်ပြသည်။ ယင်းအညွှန်းသည် စားသုံးသူစျေးနှုန်းအညွှန်း (CPI)  ဖြစ်လေ့ရှိသည်။

ငွေကြေးဖောင်းပွမှုသည် စီးပွားရေးတို့အား အပေါင်းလက္ခဏာဆောင်သော နည်းလမ်း၊ အနုတ်လက္ခဏာဆောင်သော နည်းလမ်းနှစ်ရပ်စလုံးဖြင့် သက်ရောက်မှုအမျိုးမျိုး ရှိနိုင်သည်။ အနုတ်လက္ခဏာဆောင်သော သက်ရောက်မှု၌ ငွေကြေးကို ကိုင်ထားခြင်းနှင့် ပတ်သက်သော အခွင့်အလမ်းအရ ကုန်ကျမှုမြင့်တက်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ငွေကြေးစုဆောင်းခြင်းများကို ကျဆင်းစေနိုင်သော အနာဂတ်နှင့်ပတ်သက်သည့် မရေရာမှုကို ဖြစ်စေခြင်း၊ (ငွေကြေးဖောင်းပွမှုသည် မြန်ဆန်ပါက) အနာဂတ်တွင် စျေးထပ်တက်မည်စိုးသောကြောင့် စားသုံးသူများက ကုန်ပစ္စည်းများကို စတင်၍ လှောင်လာကြသောကြောင့် ကုန်ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်ခြင်း အစရှိသည်တို့ ပါဝင်သည်။ အပေါင်းလက္ခဏာဆောင်သော သက်ရောက်မှုများ၌ အမည်ခံလုပ်ခ မြင့်မားခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်မှုကို လျှော့ချနိုင်ခြေရှိခြင်း၊ ငွေကြေးဆိုင်ရာမူဝါဒကို အကောင်အထည်ဖော်ရန် ဗဟိုဘဏ်အတွက် လူးသာလွန့်သာ အနေအထားဖြစ်စေခြင်း၊ ငွေကြေးကိုင်ထားခြင်းထက် ရင်းနှီးမြှုပ်နှံရန်နှင့် ငွေထုတ်ချေးရန် အားပေးမှုကိုဖြစ်စေခြင်း အစရှိသည်တို့ ပါဝင်သည်။

 ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၁ လဆက်တိုက် ခြောက်ရာခိုင်နှုန်းကျော်မှ ရှစ်ရာခိုင်နှုန်းကျော်အထိ ဖြစ်နေသည်။ ယင်းသည် ခန့်မှန်းနှုန်းထား ၄ ဒသမ ၈၁ ရာခိုင်နှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၇၂ ရာခိုင်နှုန်း မြင့်တက်နေခြင်းဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းများအရ ကြည့်လျှင် တွေ့ရပေလိမ့်မည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အစပိုင်းလများဖြစ်သော အောက်တိုဘာတွင် ၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၆ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၆ ဒသမ ၉၄ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ မတ်တွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၇ ဒသမ ၅၁ ရာခိုင်နှုန်း၊ မေတွင် ၇ ဒသမ ၈၂ ရာခိုင်နှုန်း၊ ဇွန်တွင် ၈ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ သြဂုတ်တွင် ၈ ဒသမ ၅၃ ရာခိုင်နှုန်းအထိရှိနေကာ ၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် သြဂုတ်အထိ ၁၇ လဆက်တိုက် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခဲ့သည်။တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် သြဂုတ်လအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၅၃ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁၀ ဒသမ ၃၇ ရာခိုင်နှုန်း ရှိနေသည်။  ယင်းသည် ငွေကြေးစျေးကွက်အတွင်း သတိပြုစရာ ကိန်းဂဏန်းများ ဖြစ်နေသည်။

၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် အာဆီယံနိုင်ငံများတွင် အမြင့်ဆုံးဖြစ်မည်ဟုလည်း အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားသည်။  လက်ရှိအချိန်တွင် ငွေကြေးဖောင်းပွမှုနှုန်းနှင့် စားသုံးသူစျေးဆနှုန်းကိန်းတို့သည် လျင်မြန်သောနှုန်းဖြင့် မြင့်တက်နေခြင်းမှာ ကြောက်စရာကောင်းလှသည်။ ငွေကြေးတန်ဖိုးလျော့ကျနေပြီး အသုံးစရိတ်ပိုမိုမြင့်မားလာသော်လည်း တစ်ဖက်တွင်လည်း အာဆီယံဒေသတွင်း၌ လုပ်ခလစာနှုန်း နည်းပါးမှုကို ယှဉ်ကြည့်ပါက တိုင်းပြည်၏အခြေအနေကို တွက်ဆနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်း အပြောင်းအလဲ မြန်ဆန်ခြင်းကဲ့သို့သော ငွေကြေးမတည်ငြိမ်မှုများသည် နိုင်ငံ၏ စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေနိုင်သဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကို နိမ့်ပါးစွာနှင့် တည်ငြိမ်စွာ ထိန်းထားနိုင်ရေးသည် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ (ဒီဇင်ဘာ ၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

 

Most Read

Most Recent