ICJ တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခြင်းအား ရင်ဆိုင်ဖြေရှင်းခြင်းသည် အမှန်တရားနှင့် တရားမျှတမှုကို ဖော်ထုတ်ခြင်းဖြစ်ဟု NCA- SEAO ထုတ်ပြန်

ICJ တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခြင်းအား ရင်ဆိုင်ဖြေရှင်းခြင်းသည် အမှန်တရားနှင့် တရားမျှတမှုကို ဖော်ထုတ်ခြင်းဖြစ်ဟု NCA- SEAO ထုတ်ပြန်
Published 4 December 2019

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခြင်းအား ရင်ဆိုင်ဖြေရှင်းခြင်းသည် အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသခြင်းဖြစ်ပြီး အမှန်တရားနှင့် တရားမျှတမှုကို ဖော်ထုတ်ခြင်းဖြစ်ကြောင်း NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA- SEAO) ၏ အစည်းအဝေးက ဒီဇင်ဘာ ၄ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ဒီဇင်ဘာ ၂ ရက်မှ ၄ ရက်အထိ ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၏ သတင်းထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ထည့်သွင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးထားသော နိုင်ငံတကာ ပဋိညာဉ် စာချုပ်စာတမ်းများ၊ ကတိကဝတ်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်ခြင်းဖြင့်လည်းကောင်း နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တိုင်းပြည်၏ပုံရိပ် မြင့်မားလာမည်ဖြစ်သည်ဟု ယခုအစည်းအဝေး၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ယခုအစည်းအဝေးတွင် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ လုပ်ငန်းလမ်းညွှန်ကို ပြင်ဆင်ဖြည့်စွက်ခြင်းနှင့်အတူ အတည်ပြုခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် NCA- SEAO ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၏ ခရီးသွားလာခွင့်၊ လွတ်လပ်စွာ စည်းရုံးပြောဆိုခွင့်များအပေါ် အကန့်အသတ်များ၊ အတားအဆီးများ နှင့်ပတ်သက်ပြီး NCA စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့် ကွဲလွဲမှုရှိနေခြင်း၊ နှစ်ဖက် ယုံကြည်မှုတည်ဆောက်ရေးအပေါ် သက်ရောက်မှုများ ရှိလာနိုင်ခြင်းတို့ကြောင့် PPST အစည်းအဝေးက ကန့်ကွက်သည်။

ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကို အမြန်ဆုံး ရပ်ဆိုင်းနိုင်ရေးအတွက် သက်ဆိုင်ရာနှစ်ဖက်စလုံးက တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာကြရန်နှင့် ဖြစ်ပွားလျက်ရှိသည့် ပြည်တွင်းပဋိပက္ခများအား တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာသွားကြရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အစည်းအဝေးက တိုက်တွန်းခဲ့သည်။

 

 

Most Read

Most Recent