ICJ အတွက် အစိုးရ ဘာတွေပြင်ဆင်ထားလဲ

ICJ အတွက် အစိုးရ ဘာတွေပြင်ဆင်ထားလဲ
နိုဝင်ဘာ ၂၃ ရက်က သမ္မတအိမ်တော်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌  မြန်မာနိုင်ငံကို တရားစွဲဆိုခြင်းနှင့်ပတ်သက်၍  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြန်လည်တုံ့ပြန်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြစဉ်
နိုဝင်ဘာ ၂၃ ရက်က သမ္မတအိမ်တော်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာနိုင်ငံကို တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြန်လည်တုံ့ပြန်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြစဉ်
Published 1 December 2019
ဆန်းမိုးထွန်း

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ ARSA အဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက်ပိုင်း ဘင်္ဂါလီတွေအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice - ICJ) မှာ နိုဝင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံကို တရားစွဲခဲ့ပါတယ်။

ဘင်္ဂါလီတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစ္စလာမ္မစ် ၅၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ  The Hague မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice-ICJ) မှာ မြန်မာနိုင်ငံကို တရားစွဲခဲ့တာပါ။

ဂမ်ဘီယာနိုင်ငံဆိုတာ အာဖရိကတိုက် အနောက်ပိုင်းမှာတည်ရှိတဲ့ နိုင်ငံလေးတစ် နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

ဒီလို အမှုဖွင့်ရခြင်းရဲ့ အဓိကစွပ်စွဲချက်ကတော့ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေနဲ့ပတ်သက်လို့ တပ်မတော် ဆောင်ရွက်ချက်တွေဟာ ၁၉၄၈ ကုလသမဂ္ဂ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင် ရာ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံက ဆိုထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂါလီတွေအပေါ် တပ်မတော်ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ ဗြိတိန်အခြေစိုက် ဘင်္ဂါလီ အဖွဲ့အစည်းတွေကလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်နှင့် သမ္မတဟောင်း ဦးထင်ကျော်တို့ကို နိုဝင်ဘာ ၁၃ ရက်က အာဂျင်တီးနားနိုင်ငံမှာ အမှုဖွင့် ထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ဖြတ်ကျော်ပြီး ဘင်္ဂါလီတွေကို မောင်းထုတ်ခဲ့မှုအပေါ် တရားစွဲဆိုနိုင်ဖို့အတွက် စုံစမ်း စစ်ဆေးမှုပြုလုပ်ဖို့ တောင်းဆိုချက်ကိုလည်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က နိုဝင်ဘာ ၁၄ ရက်မှာ အတည်ပြုထားပါတယ်။

ဒါပေမဲ့  Rome Statute  ရဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးထားမှုအပေါ် အခြေခံတဲ့  ICC ကို မြန်မာနိုင်ငံက ထောက်ခံခြင်းမရှိတာကြောင့် လူမျိုးသုဉ်းသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ပတ်သက်လို့  ICC က စုံစမ်းစစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။

ဒီအပေါ်မှာ ICC ဘက်က လက်လျော့ခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့  ICC အဖွဲ့ဝင်မဟုတ်ပေမဲ့  ICC အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တဲ့ ရာဇဝတ်မှုကို စစ်ဆေးဖို့ အရေးပိုင်တယ်လို့  ICC က ပြောကြားထားပါတယ်။

ဒီကာလအတွင်း မြန်မာနိုင်ငံအပေါ်ဘင်္ဂါလီအရေးနဲ့ပတ်သက်လို့ နိုင်ငံတကာ ဖိအားတွေအနေနဲ့  ဗြိတိန်မှာရှိတဲ့ ဘင်္ဂါလီအဖွဲ့အစည်းက မြန်မာအစိုးရနဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးမှာ အမှုဖွင့်ခြင်း၊ ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေကို စုံစမ်းစစ်ဆေးဖို့  ICC က ခွင့်ပြုလိုက်ခြင်းအပြင် ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ  The Hague အခြေစိုက် ICJ မှာ အမှုဖွင့်တာကိုပါ ခံနေရတာဖြစ်ပါ တယ်။

 

ICJ ဆိုတာ ဘာလဲ

ICJ  ကို ကုလသမဂ္ဂပဋိညာဉ်စာတမ်းအရ ၁၉၄၅ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး တရားရုံးကို နယ်သာလန်နိုင်ငံ  The Hague မြို့မှာ ဖွင့်လှစ်ထားပါတယ်။ 

ICJ ရဲ့တာဝန်က တစ်နိုင်ငံနှင့်တစ်နိုင်ငံ တရားစွဲဆိုရာမှာ နိုင်ငံတကာဥပဒေတွေနဲ့ အညီ တရားမျှတမှုရရှိဖို့ ဆောင်ရွက်ပေးရတာပါ။

ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း ပြဿနာတွေကို တရားဥပဒေကြောင်းအရ ဖြေရှင်းပေးဖို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ် နိုင်ငံကတင်ပြလာ တဲ့အခါ လက်ခံပြီး ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်း နဲ့အညီ ဘယ်လို ဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတာကို ဥပဒေကြောင်းအရ အဆုံးအဖြတ်ပေးရတာ ဖြစ်ပါတယ်။

ICJ မှာ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် နိုင်ငံတကာဥပဒေပညာရှင် တရားသူကြီး ၁၅ ဦးကို  ခန့်အပ်တာဝန်ပေးထားပြီး သူတို့ကို ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ကိုးနှစ်တစ်ကြိမ် ရွေးချယ်ခန့်အပ်တာ ဖြစ်ပါတယ်။

 

ICJ နဲ့ မြန်မာ

ICC မှာ အမှုဖွင့်စွပ်စွဲခံရမှုကို မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် ICC ရဲ့ တရားစီရင်ရေးကို လက်မခံဘူးလို့ အမြဲလိုလို ငြင်းဆန်ပယ်ချခဲ့ပေမဲ့  ICJ အမှုကတော့ ဒီလိုမျိုး မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အပြင် ပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးထားတာကြောင့် မဖြစ်မနေ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု ရာဇဝတ်မှု၊ ကာကွယ်ခြင်းနှင့်ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်းကို ၁၉၄၉ ခု နှစ် ဒီဇင်ဘာ ၃၀ ရက်က လက်မှတ်ရေးထိုး ခဲတဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီ ကွန်ဗင်းရှင်းဟာ ၁၉၅၆ ခုနှစ် မတ် ၁၄ ရက် မှာ  Ratificatioin အသက်ဝင်ခဲ့ပြီး အဲဒီနေ့မှာပဲခြွင်းချက်ကြေညာခြင်း (Reservation/Declaration)  နှစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ICJ တရားရုံးမှာ တရားစွဲခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ဥပဒေကြောင်းအရ တုံ့ပြန်ဆောင် ရွက်သွားဖို့ ရှိတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ ဒီစကားကို နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ သူက ပြောကြားခဲ့တာပါ။

ရခိုင်အရေးနဲ့ပတ်သက်လို့  ICJ မှာ တရားစွဲဆိုလာနိုင်ကြောင်းကို မြန်မာအစိုးရ အနေနဲ့ လွန်ခဲ့တဲ့ တစ်နှစ် ကျော်ကတည်းက ကြိုတင်ခန့်မှန်းထားပြီး ဆောင်ရွက်စရာရှိ တဲ့ကိစ္စတွေကို ဆောင်ရွက်နေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“ဒီကိစ္စမှာလည်း နိုင်ငံတကာကွန်ဗင်းရှင်းတွေ မြန်မာနိုင်ငံက လက်မှတ်ထိုးထားတဲ့ ကွန်ဗင်းရှင်းတွေ၊ နောက် ဒီ  ICJ ရဲ့ Mandate ပေါ့။ ပြီးရင် သူ့ရဲ့ Mandate အပြင် သူ့ရဲ့ ဆောင်ရွက်နိုင်တဲ့ လုပ်ထုံးလုပ်နည်းပေါ့။ နိုင်ငံတကာဥပဒေတွေက အများကြီးဆက်စပ်ပါတယ်။ ဆက်စပ်မှုတွေ ရှိနေတယ်။ ရှိနေတော့ မြန်မာနိုင်ငံအနေနဲ့ ဒီကိစ္စကို နိုင်ငံတကာဥပဒေကြောင်းအရ တုံ့ပြန်ဆောင်ရွက် နိုင်ဖို့ပဲ လုပ်သွားမယ်” လို့ သူက ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့  ICJ အမှုမှာ နိုင်ငံတကာ ဥပဒေကြောင်းအရ တုံ့ပြန်သွားမယ်ဆို တဲ့အပေါ် နိုင်ငံရေးလေ့လာသူတွေနဲ့ ဥပဒေပညာရှင်တွေက ထောက်ခံခဲ့ကြပါတယ်။

နိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်ကတော့ ဒါဟာ မှန်ကန်တဲ့ တုံ့ပြန်မှုဖြစ်တယ်လို့ ဆိုပါ တယ်။ သူဟာ နိုင်ငံတကာဥပဒေရေးရာ ကျွမ်းကျင်သူ တစ်ဦးလည်းဖြစ်သလို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျု ရဲ့ ဒါရိုက်တာလည်းဖြစ်ပါတယ်။ 

“မြန်မာနိုင်ငံက UN ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ် တဲ့အတွက်  ICJ ကိစ္စမှာ ဥပဒေအရ တုံ့ပြန် မယ်လို့ပြောတာဆိုတာ အဲဒါ မှန်ကန်တဲ့ တုံ့ ပြန်ချက်ပါ” လို့ ဒေါက်တာဆလိုင်းငွန်ကျုံး လျန်က ပြောပါတယ်။

 

ICJ ရဲ့ Mandate ပေါ့။

ပြီးရင် သူ့ရဲ့ Mandate အပြင်

သူ့ရဲ့ ဆောင်ရွက်နိုင်တဲ့ လုပ်ထုံးလုပ်နည်းပေါ့။ နိုင်ငံတကာ ဥပဒေတွေက

အများကြီး ဆက်စပ်ပါတယ်။ ဆက်စပ်မှုတွေ ရှိနေတယ်။

ရှိနေတော့ မြန်မာနိုင်ငံအနေနဲ့ ဒီကိစ္စကို နိုင်ငံတကာ

ဥပဒေကြောင်းအရ . . .

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကာကွယ်ဖို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးဆောင်ရွက်မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက နိုဝင်ဘာ ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသူတွေကိစ္စနဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို  ICJ မှာ တရားစွဲဆိုခဲ့ကြောင်း၊ ကုလ သမဂ္ဂပဋိညာဉ် စာချုပ်အရ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ အပြည်ပြည် ဆိုင် ရာတရားရုံးရဲ့ အဖွဲ့ဝင်ဖြစ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုချက်ကို တုံ့ပြန်နိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာမှ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင် ရှေ့ နေကြီးတွေကို ငှားရမ်း ထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့အတွက် နယ်သာလန်နိုင်ငံ  The Hague မြို့ဆီ စေလွှတ်မယ့်အဖွဲ့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်နဲ့ ဦးဆောင်သွားရောက်ဖို့ ရှိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ICJ အမှုကိစ္စမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ဖြေရှင်းမယ်ဆိုပေမဲ့ နိုင်ငံရေး လေ့လာသုံး သပ်သူတွေကတော့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရက အေးတိအေးစက်ရှိတယ်လို့ သုံးသပ်မိတဲ့အတွက် စိုးရိမ်မှုတွေ ရှိကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ဆိုပါတယ်။

“အစိုးရနှစ်ခုကြားမှာ ဖြစ်တဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် အစိုးရဘက်က ဖြေရှင်းပုံဖြေရှင်းနည်း ဘယ်လိုလုပ်မလဲဆိုတာကို လောလောဆယ်မှာ ကျွန်တော်တို့က စိုးရိမ်မှုရှိတယ်။ အစိုးရက ဒီကိစ္စနဲ့ပတ်သက်ရင် သိပ်ပြီး အေးတိအေးစက်ရှိတယ်လို့ ကျွန်တော်တို့ သုံးသပ်တာပေါ့”လို့ ဦးသိန်းထွန်းဦး က ပြောပါတယ်။

ဘင်္ဂါလီအရေးနဲ့ပတ်သက်လို့ နိုင်ငံ တကာဖိအားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ အတွက် တစ်ခုခု ဆိုးဆိုး ရွားရွား ဖြစ်လာမှာကို စိုးရိမ်မိတယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောကလည်း ဆိုပါတယ်။

 

အစိုးရအစီအစဉ် 

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြန်လည်တုံ့ပြန်ဖို့ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့က သမ္မတအိမ်တော်မှာ နိုဝင်ဘာ ၂၃ ရက်က ရှင်းလင်းခဲ့ပါတယ်။

ဒီရှင်းလင်းပွဲကို သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင် ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာ ရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနဲ့ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေ တက်ရောက်ခဲ့တာပါ။

ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ရှင်းလင်းရာမှာ မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာတဲ့ လူမျိုးစုအပေါ် ဖိနှိပ်ဆက်ဆံမှုတွေကို ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ခြင်း၊ ဒီလူမျိုး စုရဲ့တရားဝင်ရပိုင်ခွင့်တွေကိုပေးဖို့ ငြင်းဆန်ခဲ့ခြင်း၊ သူတို့အပေါ် ဆန့်ကျင်တဲ့ အမုန်းတရားတွေကို ၀ါဒဖြန့် ခြင်း၊ ဒီလူမျိုးစုတွေကို အစုအဖွဲ့ တစ်ခုအဖြစ် ပစ်မှတ်ထားပြီး အစုလိုက်အပြုံလိုက် လူမျိုး သုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်နေခြင်း၊ နယ် မြေရှင်းလင်းတဲ့့ စစ်ဆင်ရေးတွေကို ၂၀၁၇ ခုနှစ် သြဂုတ်၂၅ ရက်က ပြန်လည် စတင်ခဲ့ ခြင်း၊ ယင်းလူမျိုးစုအပေါ်မှာ လူမျိုးသုဉ်းသတ် ဖြတ်မှုနဲ့ ခြိမ်းခြောက်မှုတွေ ဆက်လက်ဖြစ်ပွားနေခြင်း စတဲ့အကြောင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

 ဒါကြောင့် ဂမ်ဘီယာနိုင်ငံရဲ့တောင်းဆိုချက်တွေမှာ မြန်မာနိုင်ငံဟာ လူမျိုးသုဉ်း သတ်ဖြတ်မှု ရာဇဝတ်မှု၊ ကာကွယ်ခြင်းနဲ့ ပြစ်ဒဏ်ချမှတ်ခြင်း ဆိုင်ရာကွန်ဗင်းရှင်း (လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာကွန်ဗင်းရှင်း ၁၉၄၈) ရဲ့ ပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅ နဲ့ ၆ အရ လိုက် နာဆောင်ရွက်ရမယ့် စည်းမျဉ်းတွေကို ချိုး ဖောက်ခဲ့ခြင်းအတွက် တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး တာဝန်ရှိတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဂမ်ဘီယာနိုင်ငံရဲ့ လျှောက် ထားချက်ထဲမှာ  မြန်မာနိုင်ငံဟာ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(က)အရ လူမျိုးသုဉ်းသတ်ဖြတ်မှုကျူး လွန်ခြင်း၊ ပုဒ်မ (၃)၊ အပိုဒ်ခွဲ(ခ)အရ လူမျိုး သုဉ်းသတ်ဖြတ်မှု ကျူးလွန်ဖို့လျှို့ဝှက်ကြံ စည်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ဂ) အရ လူမျိုး သုဉ်းသတ်ဖြတ် မှုကျူးလွန်ဖို့ လှုံ့ဆော်ခြင်းနှင့် စီမံညွှန်ကြားခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ဃ) အရ လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ဖို့ ကြံ စည်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(င)ကို ချိုး ဖောက်ပြီး လူမျိုးသုဉ်း သတ်ဖြတ်မှုမှာ ပါဝင် ကျူးလွန်ခြင်း၊ ပုဒ်မ(၁)အရ လူမျိုးသုဉ်း သတ်ဖြတ်မှုကို တားမြစ်ဖို့ ပျက်ကွက်ခြင်း၊ ပုဒ်မ(၁)၊ ပုဒ်မ(၄)နဲ့ ပုဒ်မ(၆)အရ လူမျိုးသုဉ်း သတ်ဖြတ်မှုအပေါ်အပြစ်ပေး ဖို့ပျက်ကွက် ခြင်း၊ ပုဒ်မ(၅)အရ လူမျိုးသုဉ်းသတ် ဖြတ်မှု ကျူးလွန်သူတွေ (ဒါမှမဟုတ်) ပုဒ်မ (၃)မှာ ပြဋ္ဌာန်းထားတဲ့ ပြစ်မှုတွေကို ကျူးလွန် သူတွေကို ထိရောက် တဲ့့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ လိုအပ်တဲ့ ပြဋ္ဌာန်းထားမှုမရှိခြင်းတို့ကို ကျူး လွန်ခဲ့တယ်လို့ စွပ်စွဲထားကြောင်း ပြည် ထောင်စုဝန်ကြီးက ပြောကြားပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကလည်း  ICJ မှာ အမှုကို ဖြေ ရှင်းတဲ့အခါ အချိန် ကာလကြာမြင့်တာကြောင့် ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) ကို ရက်တိုအတွင်း ချမှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ICJ ရဲ့ စာချုပ် အပိုဒ် ၅၃(၁)အရ တစ်ဖက်အမှုသည်နိုင်ငံက တရားရုံးဆီ သွားရောက် အမှုရင်ဆိုင်ခြင်းမရှိတဲ့အခါ ဒါမှမဟုတ် အမှုကို ကာကွယ်ချေပခြင်း မရှိပါက တခြားတစ်ဖက်အမှုသည်နိုင်ငံက သူတို့ကို အနိုင်ပေးဖို့ တရားရုံးထံ တောင်းဆိုနိုင်မှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ရှင်းပြပါတယ်။ 

ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုထားမှုနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံတို့က နှုတ်နဲ့ လျှောက်လဲချက်တင်သွင်းဖို့ အပြည်ပြည်ဆိုင်ရာတရားရုံးက အချိန်ဇယားသတ် မှတ်ထားပါတယ်။

ဒီဇင်ဘာ ၁၀ ရက်မှာ ဂမ်ဘီယာနိုင်ငံက ပထမအကြိမ်ထွက်ဆိုခြင်း၊ ၁၁ ရက်မှာ မြန်မာနိုင်ငံက ပထမ အကြိမ်ထွက်ဆိုခြင်းနဲ့ ၁၂ ရက်နေ့မှာတော့ ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံတို့က ဒုတိယအကြိမ် ပြန်လည်ထွက်ဆိုခြင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒီအမှုကို ရင်ဆိုင်ဖြေရှင်းသွားဖို့အတွက် ကျွမ်းကျင်တဲ့ရှေ့နေတွေ၊ ဥပဒေအကြံပေးတွေ ငှားရမ်းထားပြီး  ICJ မှာ တရားစွဲဆိုခံထားရတဲ့ အရေးကိစ္စအားလုံးကို ထိထိ ရောက်ရောက်ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစု ကြည်ကို မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသလို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကိုလည်း ပူးတွဲကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတရုံးအနေနဲ့ နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာကိစ္စများကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေထံ ဥပဒေအ ကြောင်းအရ အကြံပြုနိုင်ဖို့အတွက် နိုင်ငံ တကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ (Special Unit on International Criminal Justice) ကို ဖွဲ့စည်းပြီးဖြစ်တယ်လို့ နိုဝင်ဘာ ၂၆ ရက်က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ နိုင်ငံတကာ ရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဦးဆောင်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့က ဥပဒေပညာရှင်တွေနဲ့ ဖွဲ့စည်းထားပါတယ်။

ICJ မှာ ကိုယ့်ဘက်က ဖြေရှင်းတဲ့ပုံစံနည်းနည်းလေးများ မှားယွင်းသွားခဲ့မယ်ဆိုရင် အနည်းဆုံးတော့ မြန်မာနိုင်ငံဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု လုပ်ထားပါတယ်ဆိုပြီးတော့ တံဆိပ်တပ်ခံရတဲ့ အနေအထားမျိုး ရောက်သွားနိုင်တယ်။ နောက်တစ်ချက်က ICC ကို အရင်တုန်းက လက်မခံဘူး။ ဒါပေမဲ့  ICC နဲ့ ပူးပေါင်းဆောင်ရွက်ပါဆိုတဲ့ ဖိအားပေးမှုတွေလည်း . . .

တပ်မတော် သဘောထား

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားရင်ဆိုင်ရတဲ့အခါ အစိုးရရဲ့ ဦးဆောင်မှု အောက်မှာ လိုက်နာဆောင်ရွက်သွားမယ်လို့ တပ်မတော် ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင်က ပြောကြားထားပါတယ်။

နေပြည်တော်က တပ်မတော်စစ်သမိုင်း ပြတိုက်မှာ နိုဝင်ဘာ ၂၄ ရက်က လစဉ်ပုံမှန် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောကြားခဲ့တာပါ။

“ကျွန်တော်တို့ကတော့ ဒီအစိုးရရဲ့ အခု ဆိုလို့ရှိရင်  ICJ ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပေါ့နော်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ICJ မှာ သွားရောက်ရင်ဆိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော် အနေနဲ့ကတော့ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ လိုက်နာပြီးတော့မှ ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်။ နိုင်ငံတော်အစိုးရက လိုအပ်လို့ရှိရင် ကျွန်တော်တို့ဆီမှာရှိတဲ့ သက်သေခံအထောက် အထားတွေ၊ စာရွက်စာတမ်းတွေ အထောက် အထားတွေနဲ့ လိုက်ပြီးတော့မှ ဆောင်ရွက် ပေး သွားမှာဖြစ် ကြောင်းဖြေကြားလိုပါတယ်” လို့  ဗိုလ်ချုပ်သောင်းနိုင်က ဆိုပါတယ်။

အခုလို တရားရင်ဆိုင်ရတဲ့ကိစ္စဟာ တပ်မတော်ရော၊ အစိုးရနဲ့ပါ သက်ဆိုင်တဲ့ကိစ္စ ဖြစ်တယ်လို့လည်း စစ်ဥပဒေချုပ်က ပြောပါ တယ်။

“မနေ့ကလည်း ဒီ ICJ နဲ့ပတ်သက်ပြီး တော့မှ နိုင်ငံတော်အစိုးရအကြီးအကဲတွေ နောက် တပ်မတော်က အကြီးအကဲတွေ တွေ့ဆုံပြီးတော့မှ ဒီကိစ္စကို ရင်ဆိုင်ဖြေရှင်း ဖို့ဆိုပြီးတော့မှ ဆွေးနွေး ပွဲတွေ လုပ်ခဲ့ပါတယ်။ ICJ ကတော့  State ကို ကိုယ်စားပြုပြီးတော့မှ စွဲတာဖြစ်တဲ့အတွက် ဒါနဲ့ပတ်သက်ပြီးတော့မှ အစိုးရရော၊ တပ်မတော်ရော အားလုံးနဲ့ သက်ဆိုင်ပါတယ်”လို့ သူက ဆိုပါတယ်။

လက်ရှိမှာ ရခိုင်အရေးနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ နိုင်ငံတကာက စိတ်ချယုံ ကြည်ထိုက်တဲ့ ပုဂ္ဂိုလ် တွေပါဝင်တဲ့ စုံစမ်းစစ် ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို တပ်မတော်ကလည်း စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဒီလိုစုံစမ်းစစ်ဆေးမှုတွေကနေ ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်မှာ ချိုးဖောက်မှုတွေရှိလာရင် အရေး ယူမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး အဲဒီအချက်က အစိုးရမူဝါဒဖြစ်တယ် လို့ ဦးဇော်ဌေးက ပြောကြားထားပါတယ်။ 

 

အလားအလာ

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂါလီ အရေးကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ဖိအားတွေ ရင်ဆိုင်နေရချိန် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ  နိုင်ငံ့ခေါင်းဆောင်တွေ အမှုဖွင့်ခံရခြင်းက ဖိအား တွေ ထပ်မံတိုးမြှင့်လာတဲ့ အနေအထားဖြစ် တယ်လို့ နိုင်ငံတကာ အရေး လေ့လာသုံးသပ် သူတွေက ယူဆနေကြပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို  ICJ တရားရုံးမှာ တရားစွဲဆိုတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ သားအားလုံးကို တရားစွဲဆိုလိုက် တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အင်စတီကျု ဒါရိုက်တာ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ပြောပါတယ်။

ဘာကြောင့်လဲဆိုတော့ နိုင်ငံ့ခေါင်း ဆောင်တွေကို တရားစွဲဆိုတာ မှန်ပေမဲ့ ကမ္ဘာ မှာ ပြည်သူမရှိတဲ့ နိုင်ငံမရှိတဲ့အတွက် နိုင်ငံ သားအားလုံးကို တရားစွဲလိုက်တာနဲ့အတူတူပဲ လို့ သူက ရှင်းပြပါတယ်။

“နိုင်ငံတစ်ခုကို တရားစွဲတယ်။ အဲဒီနိုင်ငံမှာ ခေါင်းဆောင်တွေရှိတာပေါ့။ ခေါင်းဆောင်တွေကို သူတို့ က တရားစွဲတယ်။ ဆိုတော့ နိုင်ငံတစ်ခု ဆိုတာက ခေါင်းဆောင်တွေ ပဲရှိပြီး နောက်လိုက်ငယ်သား ပြည်သူမရှိတဲ့ နိုင်ငံဆိုတာ ကမ္ဘာမှာမရှိဘူး။ အဲဒီတော့ နိုင်ငံတစ်ခုကို တရားစွဲ တယ်ဆိုတာ တစ်နိုင်ငံ လုံးကို စွဲပစ်လိုက်တာ။ မြန်မာနိုင်ငံသား အားလုံးကို သူတို့က တရားစွဲချပစ်လိုက်တယ်။ ဘာလို့လဲဆိုတော့ အစိုးရလုပ်တဲ့ ကောင်းခြင်း မကောင်းခြင်းကိစ္စမှာ နိုင်ငံသားနဲ့ ဆိုင်တယ်”လို့ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ဆိုပါ တယ်။

နောက်တစ်ခုကတော့ ICJ မှာ ဂမ်ဘီယာနိုင်ငံ တရားစွဲဆိုထားမှုကို မြန်မာနိုင်ငံဘက် ကောင်းမွန်စွာ မတုံ့ပြန်နိုင်ခဲ့ဘူးဆိုရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေကို အမျိုးမျိုး သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ICJ အနေနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကာကွယ်တားဆီးမှုနဲ့ အရေးယူဆောင်ရွက်မှု မရှိခြင်း တို့အတွက် နိုင်ငံတော် (State) ကို အရေးယူမှု ပြုလုပ်လာနိုင်တယ်လို့ နိုဝင်ဘာ ၂၃ ရက်က သမ္မတအိမ်တော်ရှင်းလင်းပွဲမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးရဲ့ ပြောစကားအရဆိုရင် ဒီအမှုရှုံးခဲ့ပါက မြန်မာနိုင်ငံကို နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ လုပ်သွားမယ့် သဘောပါ။ ဒီလိုအဖြစ်မျိုးက တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့တဲ့ကာလတစ် လျှောက်လုံးမှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုသာဆို မြန်မာနိုင်ငံအတွက် မလွယ်ကူနိုင်ပါ ဘူး။

ဒီမိုကရေစီစနစ်ကို စတင်ကူးပြောင်းတဲ့ နိုင်ငံ၊ ဖွံ့ဖြိုးစဖြစ်တဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံတကာကသာ ပိတ်ဆို့အရေးယူလိုက်မယ်ဆိုရင် မြန်မာ့အရေးက ရတက်မအေးစရာ ဖြစ်လာပါလိမ့်မယ်။ ဒီနေ့ခေတ်က တပ်မတော်အစိုးရလက်ထက်ကလို စီးပွားရေး ပိတ်ဆို့လည်း တို့မမှုပါဆိုပြီး လုပ်လို့ရတဲ့ ခေတ် မဟုတ်တော့ပါဘူး။ အရာရာ အောက်ကျနောက်ကျဖြစ်ခဲ့ရပြီး အခုမှ စရုန်းထရမယ့် မြန်မာနိုင်ငံအတွက်  ICJ တရားရုံးမှာ အမှုမရှုံး ရေးဟာ အသက်တစ်မျှ အရေးပါနေပါတယ်။ 

“နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေပေါ့။အခုလည်းရှိတော့ ရှိနေတာပဲ။ ဒါပေမဲ့ ပိုပြီးတော့ ပြင်းထန် လာနိုင်တယ်။ နောက်ပြီးတော့မှ အစိုးရရော၊ တပ်ဘက်က ခေါင်းဆောင်တွေ ရောကို သူတို့ဘက်က ပြစ်ဒဏ်ချတာမျိုး လုပ် လာကောင်း လုပ်လာနိုင်တယ်”လို့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့တည်ထောင်သူ ဒေါက်တာနိုင်ဆွေဦးက သုံးသပ်ပါတယ်။

ဒါ့အပြင် ဒီထက်ဆိုးလာနိုင်တာက  ICJ မှာ အစိုးရ ဖြေရှင်းပုံ ဖြေရှင်းနည်း မှားယွင်းသွားခဲ့ပါက ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု လုပ်ထားပါတယ်ဆိုတဲ့ တံဆိပ်မျိုး အကပ် ခံရနိုင်တယ်လို့ သုံးသပ်မှု တွေလည်း ရှိနေပါတယ်။ 

“ICJ မှာ ကိုယ့်ဘက်က ဖြေရှင်းတဲ့ပုံစံ နည်းနည်းလေးများ မှားယွင်းသွားခဲ့မယ်ဆိုရင် အနည်းဆုံးတော့ မြန်မာနိုင်ငံဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု လုပ်ထားပါတယ်ဆိုပြီးတော့ တံဆိပ်တပ်ခံရတဲ့ အနေအထားမျိုး ရောက် သွားနိုင်တယ်။ နောက်တစ်ချက်က  ICC ကို အရင်တုန်းက လက်မခံဘူး။ ဒါပေမဲ့  ICC နဲ့ ပူးပေါင်းဆောင်ရွက်ပါဆိုတဲ့ ဖိအားပေးမှုတွေလည်း ဖြစ်လာနိုင်စရာရှိတယ်။ ပိုဆိုးသွားတာက မြန်မာနိုင်ငံရဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး ပြင်ဆင်ရေးတို့ ဘာတို့ကို အတင်းအကျပ်ဖိအားပေး လာနိုင်တဲ့အနေအထားမျိုးတွေ ရှိတယ်။ အခု သူတို့ တင်လိုက်တဲ့ အချိန်မှာ အစိုးရခေါင်း ဆောင်တွေပါ ပါတဲ့အတွက် သူတို့ဘယ်လို စဉ်းစားဆုံးဖြတ်ပြီးတော့ ဘယ်လို တုံ့ပြန် မလဲ။ အခု အနေအထားအရတော့ သူတို့ တရားစွဲဆိုမှုက ဖြေရှင်းနိုင်လောက်တဲ့ အနေ အထားမျိုးရှိတယ်လို့ ကျွန်တော်တို့ကတော့ အကြမ်းဖျင်းသုံး သပ်ထားတယ်” လို့ သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်မှာ နိုင်ငံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက် တစ် စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ် ပြန်ချက်ထဲမှာ မြန်မာအစိုးရအနေနဲ့  ICJ တရားရုံးမှာ အမှုရင် ဆိုင်တဲ့အခါ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကိုဖြစ်စေ၊ ဘယ်ဘာသာ၊ ဘယ်လူ့ အဖွဲ့အစည်းကိုဖြစ်စေ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်၍ ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက် ခြင်းမပြဘဲ ပကတိအရှိတရားနဲ့ သန္နိဋ္ဌာန်ကို ကမ္ဘာကသိရှိနားလည်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာအစိုးရအနေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာထက် ဘယ်လိုအနိုင်ရအောင် လုပ်မလဲဆိုတာက ပိုအရေးကြီးနေပါတယ်။

“ဂမ်ဘီယာက OIC ကိုယ်စား မြန်မာနိုင်ငံကို  ICJ တင်တယ်။ နောက်ဘက်မှာ OIC ရဲ့ ထောက်ပံ့မှုတွေ ပါနေတဲ့အတွက်ကြောင့် သေချာတာကတော့ နိုင်ငံရေးအရ ဖိအားတွေ အတော်များလာလိမ့်မယ်” လို့ ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။         

Most Read

Most Recent