၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို Philippine Arena၌ ယနေ့ကျင်းပမည်

၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို Philippine Arena၌ ယနေ့ကျင်းပမည်
Photos : SEA Games Twitter
Photos : SEA Games Twitter
Published 30 November 2019

 

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၉ ခုနှစ် အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းတွင် Philippine Arena၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဖွင့်ပွဲအခမ်းအနားကျင်းပမည့် Philippine Arena သည် ဘူလာကန်မြို့၌ တည်ရှိပြီး မနီလာမြို့မှ တစ်နာရီဝန်းကျင် သွားရောက်ရမည်ဖြစ်သည်။ 

ဖိလစ်ပိုင်ပြိုင်ပွဲကျင်းပရေးကော်မတီသည် ဖွင့်ပွဲအခမ်းအနားကို မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် စတင်ကျင်းပရန် စီစဉ်ထားပြီး မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ မှစတင်ကာ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စတင်ကျင်းပမည်ဖြစ်သည်။ 

ဖွင့်ပွဲအခမ်းအနားတွင် ဖိလစ်ပိုင်နိုင်ငံ၏ နာမည်ကြီး ကစားသမားများလည်း တက်ရောက်မည်ဖြစ်ပြီး နာမည်ကျော်လက်ဝှေ့သမား ပက်ကီယောင်းလည်း ပါဝင်နေကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လေးကြိမ်မြောက်လက်ခံကျင်းပ ခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲကို မြို့ပေါင်းများစွာတွင် ကျင်းပရန်စီစဉ်ထားခြင်းဖြစ်သည်။ 

အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပမည့် Philippine Arena မှာ ပရိသတ် ၅၅၀၀၀ ဝင်ဆံ့ကြောင်း သိရသည်။ 

ဖိလစ်ပိုင်အိုလံပစ်ကော်မတီသည် ဖွင့်ပွဲအခမ်းအနားကို အခြားနိုင်ငံများကဲ့သို့ ဘောလုံးကွင်းတွင် ကျင်းပခြင်းမရှိဘဲ အားကစားရုံ၌ ကျင်းပခြင်းဖြစ်သည်။ 

Philippine Arena ကို ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး အားကစားပြိုင်ပွဲများ၊ ဖျော်ဖြေရေး ပွဲများ ကျင်းပလျက်ရှိသည်။

အကြိမ် ၃၀ မြောက် ဖိလစ်ပိုင်ဆီးဂိမ်းစ် ပြိုင်ပွဲတွင် အားကစားနည်း ၅၆ မျိုး ထည့် သွင်းကျင်းပမည်ဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲသက်တမ်းတစ်လျှောက် အားကစားနည်းအများဆုံး ထည့်သွင်းကျင်းပသည့် ပြိုင်ပွဲလည်းဖြစ် သည်။  

ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှ ၁၁ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်ချုပ်/နည်းပြ၊ ဒိုင်လူကြီး၊ ကစားသမား နှင့် အဖွဲ့ဝင်စုစုပေါင်း အင်အား ၁၀၀၀၀ ကျော် ပါဝင်မည်ဖြစ်သည်။ 

မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၃၁ မျိုးတွင် အားကစား သမား ၃၆၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကိုမူ မနီလာမြို့တွင် ရောက်ရှိနေသည့် အုပ်ချုပ်မှုအဖွဲ့ တာဝန်ရှိ သူများနှင့် အားကစားသမားများသာ တက်ရောက်မည်ဖြစ်သည်။ 

ဆီးဂိမ်းစ်ပြိုင်ပွဲကို မြို့ ပေါင်းများစွာတွင် ကျင်းပနေသောကြောင့် ဆူဘစ်နှင့် ကလာ့ခ်မြို့တွင် ရောက်ရှိနေသည့် အားကစားအဖွဲ့ဝင်များ တက်ရောက်နိုင်မည်မဟုတ်ကြောင်း သိရသည်။

ဖိလစ်ပိုင်အိုလံပစ်ကော်မတီသည် ပိတ်ပွဲ အခမ်းအနားကို ကလာ့ခ်မြို့၌ ကျင်းပမည် ဖြစ်သည်။ 

 

Most Read

Most Recent