လာမည့် ပညာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်များ လျှောက်ထားနိုင်ကြောင်း ရန်ကုန်တိုင်း ပညာရေးမှူးရုံးက ကြေညာထားသည်။
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေပုဒ်မ ၁၇၊ ပြဋ္ဌာန်းချက်ပါ သတ်မှတ်ချက်နှင့် ကိုက်ညီသူများ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ် (Green Card) အတွက် လျှောက်ထားနိုင်ကြောင်းနှင့် သတ်မှတ်ချက်နှင့် ကိုက်ညီသူများ အမည်စာရင်းပေးပို့ရန် ကြေညာထားသည်။
ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေပုဒ်မ ၁၇ တွင် ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ပါရဂူဘွဲ့ သို့မဟုတ် ပညာရေးဘွဲ့ရရှိသူ၊ ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာ သို့မဟုတ် လက်မှတ်ရရှိသူ၊ ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သော ဆရာအတတ်ပညာ ရက်တိုသင်တန်းဆင်းလက်မှတ် ရရှိသူသည် ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လျှောက်ထားနိုင်သည်ဟု ဖော်ပြထားသည်။
ထို့ပြင် ပညာရေးဘွဲ့၊ ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာလက်မှတ် သို့မဟုတ် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သော ဆရာအတတ်ပညာ ရက်တိုသင်တန်းဆင်း လက်မှတ်မရရှိစေကာမူ ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် အခြေခံပညာကျောင်းတွင် ဆရာအဖြစ် ဖြစ်စေ၊ နိုင်ငံတော်မှ ခွင့်ပြုထားသည့် ဘာသာပြဆရာအဖြစ်ဖြစ်စေ ဆောင်ရွက်ခဲ့ပြီး ဘာသာရပ်ဆိုင်ရာ သင်ကြားမှု အတွေ့အကြုံ အနည်းဆုံး ငါးနှစ်ရှိသူသည် ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လျှောက်ထားခွင့်ရှိသည်ဟု ပါရှိသည်။
ကိုယ်ပိုင်ကျောင်းကျောင်းဆရာ မှတ်ပုံတင်လက်မှတ် (Green Card) များကို ဒီဇင်ဘာ ၉ ရက်တွင် စတင်လျှေက်ထားနိုင်ပြီး ဒီဇင်ဘာ ၂၄ ရက် နောက်ဆုံးထား၍ တိုင်းဒေသကြီး ပညာရေးမှူးရုံးတွင် လျှောက်ထားရမည်ဖြစ်သည်။
သတ်မှတ်ရက် ကျော်လွန်၍ လျှောက်လွှာတင်သွင်းသူများကို လက်ခံဆောင်ရွက်မည်မဟုတ်ဟု ကြေညာထားသည်။
ကိုယ်ပိုင်ကျောင်းဆရာ လျှောက်ထားသူများကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ပညာရေးမှူးများရုံးတွင် လူတွေ့စစ်ဆေးမည်ဖြစ်သည်။ လူတွေ့စစ်ဆေး အောင်မြင်သူများကိုသာ လက်မှတ်ထုတ်ပေးမည်ဖြစ်သည်။
ကိုယ်ပိုင်ကျောင်းကျောင်းဆရာ မှတ်ပုံတင်လက်မှတ် (Green Card) ထုတ်ယူရာတွင် မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေးပေးသွင်းရမည် ဖြစ်သည်။
ဆရာအတတ်ပညာ လက်မှတ်မရှိသေးသည့် ကိုယ်ပိုင်ကျောင်းမှ ဆရာများအား ဆရာအတတ်ပညာ သင်တန်းများပေးရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရသည်။
ကိုယ်ပိုင်ကျောင်းများ တည်ထောင်ခွင့်ပြုရန် ၂၀၁၁ ဒီဇင်ဘာတွင်၂၀၁၁ ခုနှစ် ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် (၁၄) ဖြင့် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအရ ၂၀၁၂ ခုနှစ် ဧပြီ ၃၀ ရက်တွင် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်နည်းဥပဒေကို ထုတ်ပြန်ခဲ့သည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ကိုယ်ပိုင်ကျောင်း ၇၃၀ ကျော် ဖွင့်လှစ်ထားပြီး ရန်ကုန်တိုင်းအတွင်း ကိုယ်ပိုင်ကျောင်း ၁၉၉ ကျောင်းရှိသည်။















