အထူးကုဆရာဝန်များပါဝင်သည့် အရေးပေါ်ဆေးကုသဌာနများကို ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်၊ လှိုင်သာယာ၊ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးများတွင် ယခုနှစ်အတွင်း တည်ထောင်ထားပြီး ဆက်လက်၍ ပုသိမ်ပြည်သူ့ဆေးရုံကြီး၊ လားရှိုးပြည်သူ့ဆေးရုံ၊ တောင်ကြီးပြည်သူ့ဆေရုံကြီးနှင့် ပဲခူးပြည်သူ့ဆေးရုံကြီးတို့တွင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
“အရေးပေါ်ဆေးကုသမှုအဖွဲ့တွေကို မြန်မာနိုင်ငံမှာလက်ခံကျင်းပခဲ့တဲ့ ၂၀၁၃ခု နှစ်အရှေ့တောင်အာရှနိုင်ငံများ အားကစားပြိုင်ပွဲကြီးကာလမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ရန်ကုန်ဆေးရုံကြီး၊ မန္တလေးဆေးရုံကြီးနဲ့ နေပြည်တော်ခုတင် ၁၀၀၀ ဆံ့ ဆေးရုံကြီးတွေမှာ အရေးပေါ်ကုသမှု ဆေးပညာအထူးကု ဆရာဝန်များ ပါဝင်တဲ့ အရေးပေါ်ဆေးကုသမှုဌာနတွေကို ၂၀၁၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီး ဝန်ကြီးဌာနအနေနဲ့ အထူးကုဆရာဝန်တွေ ပါဝင်တဲ့ အရေးပေါ်ဆေးကုသမှုဌာနတွေကို သန်လျင်နဲ့ လှိုင်သာယာဆေးရုံတွေမှာ ယခု ၂၀၁၉ ခုနှစ်အတွင်းမှာ ဖွင့်လှစ်ထားတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ်ဆိုရင် သင်္ဃန်းကျွန်း၊ ပုသိမ်၊ လားရှိုး၊ တောင်ကြီးနဲ့ ပဲခူးပြည်သူ့ဆေးရုံကြီးတွေမှာလည်း ဆက်လက်ဖွင့်လှစ်သွားဖို့ ပြင်နေပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဆေးပညာဘာသာရပ် အသီးသီးမှ အထူးကုဆရာဝန်များကို ၂၀၁၂ ခုနှစ်တွင် Australian Collage of Emergency Medicine and Royal Australasian Collage of Surgeons Faculty နှင့် ပူးပေါင်း၍ အရေးပေါ်ကုသမှု ဆေးပညာ လေ့ကျင့်သင်ကြားရာမှ အရေးပေါ်ကုသမှု ဆေးပညာရပ်ကို မြန်မာနိုင်ငံတွင် စတင်လေ့ကျင့်သင်ကြားခဲ့ကြောင်း၊ လက်ရှိတွင် ဝန်ထမ်းဆရာဝန်များအား ဘွဲ့လွန်အရေးပေါ် ကုသမှုဆေးပညာဒီပလိုမာသင်တန်းနှင့် မဟာဘွဲ့သင်တန်းများကိုလည်းကောင်း ပုဂ္ဂလိကဆရာဝန်များအား ဘွဲ့လွန်အရေးပေါ်ကုသမှု ဆေးပညာဒီပလိုမာ သင်တန်းကိုလည်းကောင်း ပြည်တွင်း၌ သင်ကြားပေးလျက်ရှိကြောင်းနှင့် သူနာပြုများအတွက် ဘွဲ့လွန်အရေးပေါ်သူနာပြုစုမှုပညာ ဒီပလိုမာသင်တန်းကိုလည်း ၂၀၁၅ ခုနှစ်မှစတင်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိ အရေးပေါ်ကုသမှုဆေးပညာ အထူးကုဆရာဝန်များကို ရန်ကုန်ဆေးရုံကြီး၊ မန္တလေးဆေးရုံကြီး၊ နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံကြီးများတွင် တာဝန်ချထားပြီး ယင်းဆေးရုံကြီးများတွင် အရေးပေါ်ကုသမှုဌာနများကိုလည်း တည်ထောင်လုပ်ဆောင်ပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများထံမှ သိရသည်။
အရေးပေါ်လူနာတင်ယာဉ်စနစ်ကို ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲကာလမှစ၍ တည်ထောင်ခဲ့ပြီး ရန်ကုန်- မန္တလေး အမြန်လမ်းတစ်လျှောက်တွင် တာဝန်ချထားကာ Emergency Call Center မှတစ်ဆင့် ချိတ်ဆက်၍ အရေးပေါ်လူနာသယ်ယူ ပို့ဆောင်လွှဲပြောင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်များတွင်လည်း တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ အကူအညီဖြင့် အရေးပေါ်လူနာတင်ယာဉ်စနစ်များ တည်ထောင်ရန် စီစဉ်နေပြီး နိုင်ငံတစ်ခုလုံး၏ အရေးပေါ်လူနာတင်ယာဉ်ကွန်ရက် လွှမ်းခြုံမှုရရှိစေရန် အဆင့်ဆင့် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အိသဥ္ဇာကျော်















