စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်း ဒေါ်လာ ၁ ဒသမ ၄ သန်းကျော်အပါအဝင် ကျပ်သန်း ၃၈၀၀ ကျော်  ရင်းနှီးမြှုပ်နှံပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါး စိုက်ပျိုးကြိတ်ခွဲထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်မည်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်း ဒေါ်လာ ၁ ဒသမ ၄ သန်းကျော်အပါအဝင် ကျပ်သန်း ၃၈၀၀ ကျော်  ရင်းနှီးမြှုပ်နှံပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါး စိုက်ပျိုးကြိတ်ခွဲထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်မည်
 မြန်မာနိုင်ငံအထက်ပိုင်း ဆန်စက်လုပ်ငန်းတစ်ခုအတွင်း ဆန်အိတ်များကို တွေ့ရစဉ်
မြန်မာနိုင်ငံအထက်ပိုင်း ဆန်စက်လုပ်ငန်းတစ်ခုအတွင်း ဆန်အိတ်များကို တွေ့ရစဉ်
Published 24 November 2019
  နီလာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စု၊ ဦးပိုင်အမှတ် (၃၀) တစ်ပိုင်း၊ ကွင်းအမှတ် ၂၈၁၁၊ တပ်မြို့မြောက်ကွင်းတွင် ဆန်စပါးစိုက်ပျိုးကြိတ်ခွဲ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၄၁၀၂ သန်း အပါအဝင် ကျပ်သန်း  ၃၈၀၂ ဒသမ ၇၁၅ သန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် အဆိုပါဆန်စပါးစိုက်ပျိုးကြိတ် ခွဲထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းကို အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး ရွှေဘိုတက်လမ်းကုမ္ပဏီလီမိတက်က လုပ်ကိုင်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများ၌ ဝင်ရောက်လုပ်ကိုင်လိုသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသား အနည်းဆုံးရာခိုင်နှုန်း ၂၀ အချိုးဖြင့် ပါဝင်ရန် သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၇ အရ စိုက်ပျိုးရေးနှင့် ပတ်သက်သည့်လုပ်ငန်းများအနက် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကို နိုင်ငံခြားသားပိုင်ဆိုင်မှု ရာခိုင်နှုန်း ၁၀၀ ဖြင့် ဆောင်ရွက်နိုင်ပြီး ကောက်ပဲသီးနှံများကို ဖော်ထုတ်ပြီး စိုက်ပျိုးမြေတွင် စိုက်ပျိုးထုတ်လုပ်ကာ ပြည်တွင်းစျေးကွက်၌ ဖြန့်ဖြူးခြင်း၊ ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းမှအပ ကျန်စိုက်ပျိုးရေးလုပ်ငန်းများကို နိုင်ငံခြားသားပိုင်ဆိုင်မှု ရာခိုင်နှုန်း ၁၀၀ ဖြင့် ဆောင်ရွက်နိုင်သည်ဟု သိရသည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရာ၌ ဝန်ကြီးဌာနအနေဖြင့် အဓိကကူညီပံ့ပိုးသူအဖြစ် ရပ်တည်ကာ နည်းပညာများ ကူညီပေးမည်ဖြစ်ပြီး ထုတ်လုပ်မှု တိုးတက်ရေးနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချနိုင်ရေး စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားခဲ့သည်။

“စိုက်ပျိုးမွေးမြူရေးလုပ်ငန်း မှာ လုပ်ငန်းအကျိုးတူပူးပေါင်း ဆောင်ရွက်တဲ့ လုပ်ငန်းမှာဝန်ကြီး ဌာနရဲ့နောက်ပိုင်း ရပ်တည်ပေးမယ့် အချက်တွေကတော့ ကျွန်တော်တို့က Facilitator အနေနဲ့ ရပ်တည်ပေးသွားမယ်။ အဓိကကူညီပံ့ပိုးတဲ့သူ၊ နည်းပညာကို အဓိကကူညီပံ့ပိုးပါမယ်။ ပထမဦးဆုံး ထုတ်လုပ်မှုကို တိုးတက်အောင်နဲ့ နည်းပညာပေးတဲ့နေရာမှာ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်အောင် အရင်စလုပ်ပါမယ်” ဟု ဒေါက်တာအောင်သူက ပြောကြားသည်။

ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အချက်အချာကျသော နေရာများ၌ အခြောက်ခံစက်နှင့် အသေးစား သိုလှောင်ရုံတည်ထောင်ရန် စိတ်ဝင်စားမှုရှိပါက တင်ပြအဆိုပြုနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထပ်မံဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စပါးသီးနှံ၏ ရိတ်သိမ်းပြီးနောက်ပိုင်း အရည်အသွေးမကျဆင်းစေရန်နှင့် ဆုံးရှုံးလျော့ နည်းမှုသက်သာစေရန်ကိုလည်းကောင်း၊ စပါးများ စုပြုံပေါ်ချိန်တွင် အစိုဓာတ်မြင့်မားလေ့ရှိသော စပါးများကို  စနစ်တကျဝယ်ယူအခြောက်ခံ သိုလှောင်ခြင်းဖြင့် ဝယ်လိုအားမြှင့် တင်နိုင်ကာ စပါးပေါ်ချိန်စျေးကျဆင်းမှု ထိန်းသိမ်းနိုင်ရန်အတွက် လည်းကောင်း၊ စျေးကွက်တည်ငြိမ်စေရန်အတွက် ကွင်းဆင်းဝယ်ယူရေးဆောင်ရွက်သည့်အခါ စနစ်တကျ အခြောက်ခံ၊ သိုလှောင်၊ ဝယ်ယူနိုင်ရေး အတွက်လည်းကောင်း၊ ကျေးလက်ဒေသတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်သည့် အသေးစား၊ အလတ်စား လုပ်ငန်းများကို အားပေးနိုင်ရန်အတွက်လည်းကောင်း၊ အဓိကရည်ရွယ်၍ အခြောက်ခံစက်နှင့် အသေးစားသိုလှောင်ရုံ ပူးတွဲပါဝင်သည့် ရပ်ရွာအခြေပြု Drying & Storage Project (DSP) ကို အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းကို ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု အချက်အချာကျသော မိုးစပါး၊ နွေစပါးစိုက်ပျိုးမှုရှိသည့် ကျေးရွာ၊ ရပ်ကွက်များတွင် ဦးစားပေးအကောင်အထည်ဖော်မည်ဖြစ်ပြီး ဒေသခံတောင်သူများ၊ ဒေသခံ အသေးစားလုပ်ငန်းရှင်များ၏ စုပေါင်းပါဝင်ထည့်ဝင်မှုဖြင့် ဆောင်ရွက်ရန်  စီစဉ်လျက်ရှှိသည်။ ခန့်မှန်းတွက်ချက်မှုအရ စီမံကိန်းတစ်ခု၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကျပ်သိန်း ၁၇၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်၏ အနည်းဆုံး သုံးပုံတစ်ပုံကို ဒေသခံများ၏ ထည့်ဝင်ရန်နှင့် ကျန်လိုအပ်မှုကို သက်သာသောအတိုးနှုန်းဖြင့် ချေးငွေရရှိစေရန်ကိုလည်းကောင်း၊ နိုင်ငံတော်အစိုးရအပါအဝင် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများထံမှ အထောက်အပံ့ရရှိစေရန်ကိုလည်းကောင်း အသင်းချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။           

 

 

Most Read

Most Recent