၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ဝင်ရောက်ယှဉ်ပြိုင်မည်
Published 23 November 2019

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ကိုယ်စားပြုအဖြစ် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်တိုင် ဦးဆောင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ၏ ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေး ဒုတိယတာဝန်ခံ ဒေါ်စုစုလှိုင်က ပြောကြားသည်။

“ သူက အဓိကဦးဆောင်နေတယ်ဆိုတော့ သူကိုယ်တိုင်ဝင်မှာပေါ့။ ရွေးကောက်ပွဲကို”  ဟု ၎င်းက ပြောကြားသည်။

နိုဝင်ဘာ ၂၃ ရက်က House of Orchid ၌ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီက ဦးစီးပြုလုပ်သည့်  SMEs အဖွဲ့ ဆွေးနွေးပွဲတွင် The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြန်လည်ဖြေကြားဖြစ်သည်။

မည်သည့် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကို အတိအကျ မသိရှိသေးသော်လည်း ပါတီဥက္ကဋ္ဌ၏ မွေးရပ်ဒေသရှိ မဲဆန္ဒရှင် ပြည်သူများက ရွေးကောက်ပွဲ လာရောက်ယှဉ်ပြိုင်ရန် ဆန္ဒပြုမှုများရှိကြောင်း ဒေါ်စုစုလှိုင်က ဆက်လက်ပြောကြားသည်။

“ နီးစပ်တဲ့အသိုင်းအဝိုင်းတွေပေ့ါ။  ဥက္ကဋ္ဌကြီး ကျင်လည်ခဲ့တဲ့ အသိုင်းအဝိုင်းတွေက Invitation လုပ်တာများပါတယ်။ သူတို့ ဒေသမှာ လာပြိုင်ဖို့ ဆိုတာမျိုးတွေ ကျွန်မတို့ ကြားရတယ်” ဟု ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၏ ဗဟိုအမျိုးသမီးရေးရာ အဖွဲ့ဝင်လည်းဖြစ်သူ ၎င်းက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းဇာတိဖြစ်သည့် သူရဦးရွှေမန်းသည် အထွေထွေးရွေးကောက်ပွဲ နှစ်ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံရှိပြီး ဗိုလ်ချုပ်ကြီး (ငြိမ်း) နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်းဖြစ်သလို ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်ဥက္ကဋ္ဌဟောင်းလည်း ဖြစ်သည်။ 

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို သူရဦးရွှေမန်း အပါအဝင် တည်ထောင်သူ ၁၉ ဦးဖြင့် ၂၀၁၉ ဖေဖော်ဝါရီ ၅ ရက်တွင် စတင်တည်ထောင်ခဲ့သည်။

ပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ ဧပြီ ၄ ရက်တွင် ရရှိပြီး တရားဝင်ပါတီ မှတ်ပုံတင်ကို ဧပြီ ၂၅ ရက်တွင် ရရှိခဲ့သည်။

အသက် ၇၁ နှစ်ဖြစ်၍ အသက်အရွယ် ကြီးရင့်နေသော်လည်း လက်ရှိနိုင်ငံ့အခြေအနေက ပါတီတစ်ရပ် တည်ထောင်ဆောင်ရွက်ရန် တောင်းဆိုနေကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ ဒီနေ့ အခြေအနေကို ကြည့်လိုက်တဲ့အခါမှာ ကျွန်တော်တို့ကိုယ်တိုင် ဝင်ပြီးတော့ လုပ်မှပဲ ပိုပြီးတော့ ထိရောက်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြောပါတယ်။ မင်းမှာ အတွေ့အကြုံတွေ ရှိနေတယ်။ မင်းအလုပ်တွေ လုပ်နိုင်သေးတယ်။ ပြည်သူကို မင်းစေတနာရှိရင် အလုပ်အကျွေး ပြုနိုင်သေးတယ်ဆိုပြီးတော့ ဖြစ်ပါတယ်။ ဒီလိုနဲ့ ပါတီတစ်ရပ်ကို ကျွန်တော် ခေါင်းဆောင်ပြီးတော့ တည်ထောင်တာ ဖြစ်ပါတယ်”  ဟု သူရဦးရွှေမန်းက ပြောကြားသည်။

၎င်းသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ နေပြည်တော်ကောင်စီ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သော်လည်း ဇာတိဖြစ်သည့် ဖြူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။