အဂတိကို မတိုက်ဖျက်နိုင်လျှင် တရားဥပဒေ မစိုးမိုးနိုင်

အဂတိကို မတိုက်ဖျက်နိုင်လျှင် တရားဥပဒေ မစိုးမိုးနိုင်
Published 20 November 2019

တရားဥပဒေစိုးမိုးမှုနှင့် အဂတိသည် နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် များစွာ အရေးကြီးသောကဏ္ဍများ ဖြစ်သည်။ ၎င်းတို့သည် တစ်ခုနှင့် တစ်ခုဆက်စပ်နေသည်။ အဂတိကို ကောင်းမွန်စွာ ကိုင်တွယ်တိုက်ဖျက်နိုင်ခြင်းမရှိပါက တရားဥပဒေစိုးမိုးမှု မရှိနိုင်ပေ။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေသော မြန်မာနိုင်ငံအနေဖြင့် အဂတိတိုက်ဖျက်ရေးသည် အရေးတကြီးလုပ်ရမည့် ကိစ္စတစ်ခုဖြစ်သည်ကို အားလုံးအသိပင် ဖြစ်သည်။ ပြည်သူများက တရားဥပဒေစိုးမိုးမှုမရှိဟုဆိုရာတွင် အဂတိကို တာဝန်ရှိသူတို့က မည်ရွေ့ မည်မျှ ကိုင်တွယ်နိုင်သည်ဆိုသည့် အချက်သည်လည်း အဖြေတစ်ခုပင် ဖြစ်သည်။ မကြာမီကပင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက တရားဥပဒေစိုးမိုးရေးကို အားနည်းစေခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို တန့်စေခြင်း၊ နိုင်ငံ၏ဖွံ့ဖြိုးရေး ရန်ပုံငွေများကို လမ်းလွှဲသွားစေခြင်းကြောင့် ဆင်းရဲနွမ်းပါးသူများအပေါ် ပိုမိုထိခိုက်စေခြင်းများ ဖြစ်ပေါ်ရခြင်းမှာ အဂတိကြောင့်ဖြစ်သည်ဟု ဆိုခဲ့သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစွမ်းဆောင်ရည် မအောင်မြင်မှုနှင့် ဆင်းရဲနှုန်းမြင့်မားခြင်းတို့သည် အဂတိလိုက်စားမှု၏ သက်ရောက်မှုများဖြစ်ပြီး နောက်ဆုံးတွင် အစိုးရနှင့် အစိုးရအဖွဲ့အစည်းများအပေါ် နိုင်ငံသားများ၏ ယုံကြည်မှု လျော့ပါးသည်အထိဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

တရားဥပဒေစိုးမိုးမှုမရှိသော တိုင်းပြည်တွင် အဂတိထူပြောမည်ဖြစ်သည်။ အထက်မှ အောက်ခြေအဆင့်ထိ အဂတိအမြစ်တွယ်နေသည့်အခါ တိုင်းပြည်နာလန်ထူရန် မလွယ်တော့ပေ။ တိုင်းပြည်ဆင်းရဲတွင်းမှ မလွန်မြောက်နိုင်တော့ပေ။ ဆိုရသော် တရားဥပဒေ စိုးမိုးမှုသည် တိုင်းပြည်ဆင်းရဲချမ်းသာနှင့်လည်း ယှဉ်၍ကွာဟမှု ရှိမည်ဖြစ်သည်။ဆင်းရဲမွဲတေမှုနှင့် ရာဇဝတ်မှု ဆက်နွှယ်နေသည်က အမှန်ပင်ဖြစ်သည်။

တရားဥပဒေစိုးမိုးရေးဟူသည် ဥပဒေပြုအမတ်များ၊ ဥပဒေထိန်းသိမ်းရေး အဖွဲ့အစည်းမှ သက်ဆိုင်ရာအရာရှိများနှင့် တရားသူကြီးများအပါအဝင် လူတိုင်းက ဥပဒေကို ခံယူခြင်းအား ရည်ညွှန်းခြင်းဖြစ်သည်။ ယင်းအမြင်အရကြည့်လျှင် တရားဥပဒေစိုးမိုးရေးဟူသည် အုပ်စိုးသူများက ဥပဒေ၏အထက်၌ရှိနေသော သက်ဦးဆံပိုင်စနစ် သို့မဟုတ် လူနည်းစုက နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားသောစနစ်များနှင့် ဆန့်ကျင်ရပ်တည်၍နေသည်။ ဥပမာအားဖြင့် ဥပဒေကို လျစ်လျူပြုခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်းကြောင့် အာဏာရှင်စနစ်များ၌သာမက ဒီမိုကရေစီစနစ်များ၌ပါ တရားဥပဒေစိုးမိုးရေးချို့တဲ့မှုကို  တွေ့မြင်နိုင်သည်။ အစိုးရတစ်ရပ်အနေဖြင့် တရားဥပဒေကို ပြန်လည်ထိန်းသိမ်းရန်အတွက် ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ထိရောက်အောင် မဆောင်ရွက်နိုင်သည့်အခါ တရားဥပဒေစိုးမိုးရေးသည် ယိုယွင်းပျက်စီးရန် အလေးသာနေစေသည်။ တရားဥပဒေ စိုးမိုးရေး Rule of Law ဖြစ်စေရေးတွင် အစိုးရအဖွဲ့ဝင်များ အပါအဝင် လူ့အဖွဲ့အစည်းဝင်အားလုံး လူသိရှင်ကြား ထုတ်ပြန်ထားသော ရှိပြီးသောတည်ဆဲ ဥပဒေပုဒ်မများနှင့် ဥပဒေလုပ်ငန်းစဉ်များကို အညီအမျှခံယူရမည်ဟု သတ်မှတ်ထားသည်။

မည်သည့်နိုင်ငံ၌မဆို တရားဥပဒေစိုးမိုးရေး ယိုယွင်းပျက်စီးလာပါက ပြည်သူလူထု၏ နေ့စဉ်ဘဝများ မလုံခြုံရုံမျှမက အသက်မွေးမှုအလုပ်များကိုလည်း ကောင်းစွာပြုလုပ်နိုင်တော့မည် မဟုတ်သောကြောင့် သက်ဆိုင်ရာနိုင်ငံအနေဖြင့် ပျက်သုဉ်းမှု လမ်းကြောင်းဆီသို့သာ ဦးတည်၍သွားမည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်လျှင် ပြည်သူလူထုမှာ ပို၍အထိနာပေလိမ့်မည်။ အထူးသဖြင့် အခြေခံလူတန်းစားအလွှာတွင် ကြီးစွာသောအကျပ်အတည်းများဖြစ်ပြီး ချမ်းသာခြင်းနှင့် ဆင်းရဲခြင်း လူတန်းစားကွာဟမှုကြီးထွားပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းပေါ်သို့ရောက်ရန် ခဲယဉ်းပေလိမ့်မည်။

 သို့ဖြစ်ရာ မျက်မှောက်ခေတ်အခြေအနေတွင် တရားဥပဒေစိုးမိုးရေးကို အာဏာပိုင်များက မလွဲမသွေ ကြိုးစားလုပ်ဆောင်ရန် လိုနေရခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ထင်သာမြင်သာရှိ၍ အောင်မြင်အောင် လုပ်ဆောင်နိုင်ရန်လည်း တစ်ဆက်တည်း အရေးကြီးမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၂၁ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent